Soft Custard Bun

by Evy’s Kitchen for Food Magazine

မုန့်သားအလွန်ကောင်းတဲ့ Soft Custard Bunပါ။ အဲဒီပေါင်မုန့်သားကို အလွန်သဘောကျတာကြောင့် လုပ်နည်းလေး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အဲဒီမုန့် ကို အခြေခံပြီး ရိုးရိုးပေါင်မုန့် (Loaf) လုပ်လို့ရသလို မုန့် အသေးလေးတွေလည်း လုပ်လို့ရပါတယ်။ ပေါင်မုန့်အကြီး အတွက်ဆိုရင်တော့ နာရီဝက်လောက်ဖုတ်ရပြီး အသေး လေးတွေကတော့ ၁၂ ၊ ၁၃  မိနစ်လောက်ဆိုရင် ရပါတယ်။ အဲဒီမုန့်အတွက် ပါဝင်ပစ္စည်းကို အဓိက (၃) ပိုင်းခွဲပါမယ်။

ပါဝင်ပစ္စည်းများ အုပ်စု (၁)

ပေါင်မုန့်ဂျုံ –  ၅ဝဝ ဂရမ်

သကြား –  ၇၅ ဂရမ်

နို့မှုန့် –  ၂၀ ဂရမ်

Yeast –  ၈ ဂရမ်

ဆား –  ၆ ဂရမ်

ပါဝင်ပစ္စည်းများ အုပ်စု (၂)

Sponge Dough –  ၁၅၀ ဂရမ်

(ပေါင်မုန့်ဂျုံ ၁ဝဝ ဂရမ်၊ ရေ ၆၀ ဂရမ်၊Yeast လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်းကို မုန့်မလုပ်ခင် ၁ နာရီခွဲ ကြိုလုပ်ပြီး ပွလာအောင် ထားထားပါ။ ပြီးလျှင် ၁၅၀ ဂရမ် ခွဲထုတ်ထားပါ။)

ကြက်ဥ –  ၁ လုံး

ရေအေး –  ၁၄၀ မီလီလီတာ

ပါဝင်ပစ္စည်းများ အုပ်စု (၃)

ထောပတ် (Unsalted Butter) –  ၉၀ ဂရမ်

ပေါင်မုန့်အဆာသွတ်ရန်အတွက် ပါဝင်ပစ္စည်းများ

Custard Powder –  စားပွဲဇွန်း ၄ ဇွန်း

နွားနို့ –  ၅ဝဝ မီလီလီတာ

Custard Powder  ကို နွားနို့နည်းနည်းနဲ့ အရင်ရောပြီးမှ ကျန်နွားနို့များကို လောင်း ထည့်ပြီး ခပ်ပျစ်ပျစ်အနေအထားရအောင် ကျိုထားပြီးမှ အအေးခံထားပါ။

ပေါင်မုန့်ပြုလုပ်နည်း

၁။        ထောပတ်မှလွဲ၍ ကျန်တဲ့ပစ္စည်းများအားလုံးကို ရောမွှေပြီး နယ်ပါ။

၂။         ၁၀ မိနစ်ခန့်ကြာ၍ ဂျုံသားရလာပြီဆိုလျှင် ထောပတ်ကို ထည့်မွှေပြီး နယ်ပါ။

၃။        Window Pane Test  ရတဲ့အထိ နယ်ပါ။ အချိန်က မိနစ် ၂၀ ခန့် ကြာပါတယ်။

၄။        ပြီးလျှင် မုန့်သားအဆင်သင့်ဖြစ်ပါပြီ။ ရလာတဲ့မုန့်သားကို ဆီဆွတ်ထားတဲ့ ဇလုံ တစ်လုံးထဲမှာ အဖုံးအုပ်ပြီး ၂ ဆဖြစ်လာတဲ့အထိ ထားပါ။

၅။        ၁ နာရီခန့်နေပြီး မုန့်သားပွလာပြီဆိုလျှင် ပြန်ဖိချပြီး လေများကို ထွက်အောင် လုပ်ပေးပါ။

၆။        ထို့နောက် ဂျုံသားကို  ၆၀ ဂရမ်အလုံး ၁၄ လုံးလုပ်ပါ။ (မအိ မုန့်လုပ်တုန်းက တစ်ဝက်စီ ခွဲပြီး ပေါင်မုန့်အသေး ၇ လုံး၊ Loaf ၁ လုံး လုပ်ပါတယ်။)

၇။        ထို့နောက် မုန့်ဖုတ်မယ့်ဗန်းထဲ ထည့်ပြီး ပွလာအောင် နောက်ထပ် ၁ နာရီခန့် စောင့်ပါ။

၈။        ၁၉၀ ဒီဂရီ Oven မှာ ၁၃ မိနစ်ခန့် ဖုတ်ပါ။

၉။        ပေါင်မုန့်အေးစပြုလျှင် Custard ယိုအဆာသွတ်ပြီး အပေါ်မှာ နို့မှုန့်ဖြူးပေးပါ။

၃ ရက်ရှိပေမယ့်လည်း Texture ကောင်းနေမယ့် မုန့်ပါ။ မုန့်သားကလည်း အရသာကောင်းတာကြောင့် Loaf လုပ်မယ်ဆိုရင်လည်း မည်သည့်ယိုမျှ မတို့ဘဲနဲ့ စားကောင်းပါတယ်။

Facebook Comments