
by Evy’s Kitchen for Food Magazine
ယိုးဒယားလက်ဖက်ရည်နဲ့ လုပ်ထားတဲ့ ထောပတ်ကိတ်ပါ။ လက်ဖက်ရည်အနံ့သင်းသင်းနဲ့ အချိုမကဲဘဲ စားလို့ကောင်းပါတယ်။ မအိက အခုနောက်ပိုင်းမှာ ယိုးဒယား
ကိတ်ဂျုံကို ပြောင်းလဲသုံးထားတာကြောင့် ကိတ်သားက အရမ်းနူးညံ့ပါတယ်။ အဲဒါက သိပ်သည်းတယ်ဆိုတဲ့အမြင်ကို ဖြစ်စေပေမယ့် စားရင်တော့ တော်တော်လေးကို နူးညံ့ပါတယ်။ နည်းနည်းပွပွကိတ်သားကို ပိုသဘောကျရင်တော့ သာမန်ရိုးရိုးဂျုံကို ပြောင်းလဲသုံးပါ။ ဒါမှမဟုတ်လည်း ကိတ်ဂျုံတစ်ဝက်၊ ရိုးရိုးဂျုံတစ်ဝက်ကို ရောစပ်သုံးပါ။
လက်ဖက်ရည်အတွက်ကတော့ ယိုးဒယားလက်ဖက်ရည်ရယ်မှ မဟုတ်ပါဘူး။ နှစ်သက်ရာ လက်ဖက်ရည် Ready Mix အထုပ်ကို သုံးနိုင်ပါတယ်။ ဒီလက်ဖက်ရည်တွေမှာ အချိုပါဝင်မှုများတာကြောင့် လုပ်နည်းမှာ သကြားကို လျှော့ထည့်ပါတယ်။
ပါဝင်ပစ္စည်းများ (၈ လက်မပတ်လည် ဗန်း ၁ ခုစာ)
ထောပတ် – ၁၅၀ ဂရမ်
သကြား – ၁၀ဝ ဂရမ်
ဂျုံ – ၁၇၀ ဂရမ်
(နှစ်သက်ရာဂျုံကို အပေါ်မှာ ရေးထားတဲ့အတိုင်း သုံးပါ။)
ဘေကင်ပေါင်ဒါ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥ – ၃ လုံး
နွားနို့ – စားပွဲဇွန်း ၄ ဇွန်း
Thai Tea Mix – ၁ ထုပ်
ဗနီလာ – လက်ဖက်ရည် ၁ ဇွန်း
ချောကလက်စေ့ – ၅၀ ဂရမ်
ပြုလုပ်နည်း
၁။ မုန့်ဖုတ်မယ့်ခွက်ကို (၈ လက်မပတ်လည်) ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
၂။ ဂျုံနှင့် ပွဆေးကို ဆန်ခါချထားပါ။
၃။ နွားနို့ကို အပူပေး၍ လက်ဖက်ရည်ထုပ် ဖောက်ထည့်ပြီး ရောမွှေ ထားပါ။ ဗနီလာကိုလည်း လက်ဖက်ရည်ထဲ ထည့်မွှေထားပါ။
၎။ ဦးစွာ သကြားနှင့် ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့)ကို ပွလာအောင် စက်နဲ့ မွှေပါ။
၅။ ကြက်ဥကို ၁ လုံးချင်းစီထည့်ပြီး သမအောင် ထည့်မွှေပါ။
၆။ ဂျုံနှင့် နွားနို့ + လက်ဖက်ရည်ကို သကြား၊ ထောပတ်အရောထဲ ထည့်မွှေပါ။ ဂျုံတစ်လှည့်၊ နွားနို့တစ်လှည့် ထည့်မွှေပါ။
၇။ ရလာတဲ့မုန့်နှစ်ကို မုန့်ဖုတ်မယ့်ခွက်ထဲထည့်ပြီး မျက်နှာပြင်ညှိပါ။
၈။ ၁၈၀ ဒီဂရီ အပူပေးထားတဲ့ အာဗင်မှာ ၂၅ မိနစ်ခန့် ဖုတ်ပါ။
၉။ မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်အလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ် ကပ်မပါလာလျှင် ရပါပြီ။
၈ လက်မပတ်လည်ဗန်းနဲ့လုပ်တာကြောင့် မုန့်သားက ခပ်ပါးပါးပါပဲ။ ရလာတဲ့မုန့်ကို အအေးခံပြီး အတုံးတုံးပါ။ ချောကလက်စေ့များကို အရည်ပျော်အောင် မိုက်ခရိုဝေ့ဖ်နဲ့ အပူပေးပြီး နှစ်သက်သလို အလှဆင်ပေးပါ။
လုံးဝအေးသွားရင်တော့ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။