Tres Leches (3 Milk Cake)

by Evy’s Kitchen for Food Magazine

အိပြီး ဆိမ့်နေအောင် စားကောင်းလွန်းတဲ့ကိတ်ပါ။ နို့စိမ်း၊ နို့ဆီနဲ့ ခရင်မ် အစရှိတဲ့ နို့ထွက်ပစ္စည်း (၃) မျိုးနဲ့ မုန့်ကို စိမ့်ဝင်နေအောင် လုပ်ထားတာမို့ စားလိုက်တာနဲ့ ဆိမ့်ပြီး ပျော်သွားသလိုပါပဲ။ အချိုကိုလည်း စိတ်ကြိုက်စပ်နိုင်တာမို့ အချိုမကြိုက်တဲ့သူတွေကတော့ နို့ဆီနည်းနည်းလျှော့ပြီး လုပ်နိုင်ပါတယ်။ မအိလုပ်ပြထားတဲ့ အချိုကတော့ အနေတော်အချိုပါ။ အဲဒီမုန့်မှာ ဆီမပါဝင်ပေမယ့် လိုအပ်တော့ အဆီအချိုးအဆကို Dairy Whipping Cream ကနေ ယူထားပါတယ်။ တကယ်လို့များ အဆီလျှော့ချင်လို့ ခရင်မ်မသုံးချင်ရင်တော့ ရိုးရိုးနွားနို့ကို အစားထိုးနိုင်ပါတယ်။  ဒီမုန့်လုပ်နည်းအတွက် ၈ လက်မ မုန့်ဗန်းကို သုံးထားပါတယ်။

ပါဝင်ပစ္စည်းများ

ချယ်ရီခရမ်းချဉ်သီး –  ၁၀ လုံးခန့်

Dairy Whipping Cream (သို့) နွားနို့ –  ၁ဝဝ မီလီလီတာ

နို့စိမ်း –  ၁ဝဝ မီလီလီတာ

နို့ဆီ –  ၈၀ မီလီလီတာ

အဲဒီ နို့ (၃) မျိုးကို ရောပြီး သတ်သတ်ဖယ်ထားပါ။

ကိတ်အလွှာအတွက် ပါဝင်ပစ္စည်းများ

ကြက်ဥ –  ၃ လုံး

(အကာနှင့် အနှစ်ကို သတ်သတ်စီခွဲထားပါ)

သကြား –  ၇၀ ဂရမ်

ဂျုံ –  ၇၀ ဂရမ်

ပွဆေး (Baking Powder) –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဗနီလာအနံ့ –  အနည်းငယ်

Dairy Whipping Cream (သို့) နွားနို့ –  ၉၀ မီလီလီတာ

ကိတ်အလွှာပြုလုပ်နည်း

၁။        နွားနို့၊ ဗနီလာနှင့် ကြက်ဥအနှစ်တို့ကို ရောမွှေပါ။

၂။         ဆန်ခါချထားတဲ့ ဂျုံနှင့် ပွဆေးကိုလည်း နို့နှင့် ကြက်ဥ အရောထဲ ထည့်မွှေပါ။

၃။        ကြက်ဥအကာနှင့် သကြားကို ဖြူပြီးပွလာအောင် စက်ဖြင့် ခေါက်ပေးပါ။ Stiff Peak ရောက်သည်အထိ မွှေပါ။

၄။        ရလာတဲ့ ကြက်ဥအကာထဲ ခုနက ပြင်ထားတဲ့ မုန့်နှစ် ၁/၃ နဲ့ အရင်ရောမွှေပါ။ ပြီးလျှင် ကျန်တဲ့မုန့်သားထဲ ပြန်ထည့်ပြီး သမအောင် မွှေပါ။

၅။        အသင့်ပြင်ထားတဲ့ ၈ လက်မဗန်းထဲ လောင်းချပေးပါ။

၆။        ပြီးလျှင် ၁၈၀ ဒီဂရီ အပူပေးထားတဲ့ Oven မှာ ၂၅ မိနစ်ခန့် ဖုတ်ပေးလျှင် ရပါပြီ။ ရလာတဲ့ ကိတ်ကို အအေးခံပြီး ပုံပါအတိုင်း မျက်နှာပြင်တစ်ခုလုံး အပေါက်လေးများ ဖောက်ပေးပါ။

၇။        ပြီးလျှင် ခုနက ပြင်ထားတဲ့ နို့ (၃) မျိုးကို လောင်းထည့်လိုက်ပါ။ စစချင်းမှာ နို့များက ကိတ် အပေါ်မှာ တင်နေပေမယ့် ကြာလျှင် ကိတ်သားက စုပ်ယူသွားမှာပါ။

၈။        ပြီးလျှင် အပေါ်မှာ တစ်ခုခုဖုံးအုပ်ပြီး ရေခဲသေတ္တာထဲမှာ ၁ နာရီခန့် အအေးခံပါ။

၉။        နောက်ဆုံးမှ ခရင်မ်နဲ့ ထပ်ဖုံးပြီး ၂ နာရီခန့် အအေးခံပြီးလျှင် စားဖို့ အသင့်ဖြစ်ပါပြီ။

Facebook Comments