
♦ အမည် – ကမ်းဝေး
♦ အလုပ်အကိုင် – ကဗျာဆရာ
♦ နေရပ် – တောင်ဒဂုံ (ပတ္တမြားလမ်း)
အချက်အပြုတ်ကိုတော့ သုံးတန်း၊ လေးတန်းကတည်းက ချက်တက်နေပါပြီ။ မိသားစုမှာ မောင်နှမသုံးယောက်စလုံးလည်း ကလေးအရွယ်ကတည်းက ချက်တတ်ပြုတ် တတ်ပါတယ်။ နောက် ကျွန်တော်တို့ ရခိုင်မှာတော့ လူငယ်တိုင်းနီးပါး ထမင်းတစ်လုံး၊ ဟင်းတစ်လုံး ချက်တတ်ကြပါတယ်။ ဒီ ခရုတောချက်လေးကတော့ အချိုအရသာပုံစံအတိုင်းပဲ ချက်ပြုတ်ထားတာပါ။ အချဉ်အရသာ ပုံစံနဲ့ စားချင်ရင်တော့ မန်ကျည်းသီးမှည့်ရည်ကို ဖျော်ထည့်လို့ရတယ်။ ဒါမှမဟုတ် ဆီးသီးအမှည့်ကို ထည့်ချက်လည်းရတယ်။ လက်ပံပွင့်အခြောက်နဲ့လည်း ထည့်ချက်လို့ရပါတယ်။ အဲဒီလိုမျိုးဆိုရင်တော့ သောက်ရမယ့် အရည်ပျစ်ပျစ်လေးရပါမယ်။ အချက်အပြုတ်နဲ့ပတ်သက်ပြီး လက်ဦးဆရာတွေ ကတော့ ကျွန်တော့် အဖေနဲ့ အမေပါပဲ။ အဖေကတော့ အိမ်မှာဆိုရင် တစ်ပတ်တစ်ခါလောက် ချက်ဖြစ်ပါတယ်။ အမေကတော့ နေတိုင်းချက်တယ်။ ကျွန်တော်က အမေ့ဘေးမှာ ကပ်နေရတဲ့အခါကျတော့ ချက်တာပြုတ်တာတွေနဲ့ ရင်းနှီးပြီး အမေချက်တာတွေကြည့်ပြီး တတ်ခဲ့တာပါ။ အချက်အပြုတ်ကိုတော့ စာတွေဖတ်တယ်။ သူများတွေ လုပ်တာကိုလည်း လိုက်ကြည့်ပြီးတော့ ချက်ဖြစ်တယ်။ ကိုယ်ကိုယ်တိုင်လည်း တီထွင်ချင်တဲ့စိတ်ရှိတယ်။ ရခိုင်ဟင်းဆိုပေမဲ့လည်း ကျွန်တော်ချက်တဲ့ဟင်းတွေက ရခိုင်ဟင်း ဖြစ်ချင်မှ ဖြစ်မယ်။ တခြားသော တိုင်းရင်းသားအစားအသောက် ပါဝင်ပစ္စည်းတွေနဲ့ ချက်တာမျိုးရှိတော့ အစပ်အဟပ်တည့်သွားတာမျိုးလည်းရှိပါတယ်။ ဒီ ရခိုင်ရိုးရာနွေ ခရုတောချက်လေးရဲ့ ထူးခြားမှုကတော့ တကယ့်ရိုးရာ တောချက်လေးဖြစ်နေတာရယ်၊ တကယ့်ခရုအရှင်ကို ချက်တာဖြစ်တဲ့အတွက် လက်ဆတ်ချိုမြိန်မှု အစစ်အမှန်ကို လည်းရမယ်။ နောက်တစ်ခု ဒီဟင်းလေးက တိုင်းရင်းသားမဟုတ်တဲ့ လူတွေစားရင်တောင် ခရုကိုစားတဲ့နေရာမှ ခရုဖင်ကို ပါးစပ်နဲ့စုပ်ပြီး လက်နဲ့ခေါက်စားရတာတို့၊ သွား ကြားထိုးတံလို တုတ်ချောင်းလေးနဲ့ စားရတာတို့စသဖြင့် စားသုံးမှုပုံစံသစ်နဲ့ သန့်ရှင်းမှုကိုရပါမယ်။
ပါဝင်ပစ္စည်းများ
♦ မျှင်ငါးပိ – ဟင်းစားဇွန်း တစ်ဝက်
♦ ဆား – သင့်တော်ရုံ
♦ ကြက်သွန်ဖြူ – ဥကြီးဆို သုံးမြွှာ၊ ဥတစ်လုံးဆိုရင်တော့ ခုနှစ်မြွှာ
♦ ဆန်မှုန့် – ထမင်းစားဇွန်းတစ်ဇွန်း (ရေစိမ်ထားပြီး ဆန်ကို ကိုယ်တိုင်ထောင်းလျှင် ပိုကောင်းပါတယ်)
♦ ပင်စိမ်း – အနည်းငယ်
► မှတ်ချက် – အချဉ်အရသာလေး စားချင်ရင် ဆီးသီးနဲ့ လက်ပံပွင့်ခြောက်ပါ ထည့်ချက်နိုင်ပါတယ်။
ပြုလုပ်ပုံ အဆင့်ဆင့်
ခရုကို ရွှံတွေစင်သွားအောင် အချိန်ကြာကြာ ရေစိမ်ထားတိုက်ချွတ်ဆေးကြောရပါမယ်။ ပြီးရင် ခရုရဲ့ ထိပ်ချွန်ပိုင်းကို ပွင့်သွားအောင် ဖောက်ထုပေးရမယ်။ ပြီးရင် ခရုနဲ့ ရေကို အရင်ထည့်ပြီး ဆူလာအောင် စောင့်ရပါမယ်။ ဟင်းအိုးဆူလာတဲ့ အခါ ဝေတက်လာတဲ့ အမြှုပ်တွေကို စောင့်ပြီး ခပ်ထုတ်ပေးရပါမယ်။ ဟင်းအိုးထဲက အမြုပ်တွေ ကုန်သွားတော့မှ ဆား၊ ငါးပိ၊ ကြက်သွန်ဖြူဓားပြားရိုက်ထည့် ဟင်းအိုးကျက်ခါနီးမှ ဆန်မှုန့်ထည့်မွှေပေးပြီး ပင်စိမ်းအုပ်လိုက်ရင် ပြီးပါပြီ။ ရခိုင်ရိုးရာ နွေခရုတော ချက်ဟင်းချိုဖြစ်ပါတယ်။ ဒီခရုတွေက ရခိုင်ပြည်က တောင်ကျချောင်း၊ စမ်းချောင်း၊ တောင်စွယ်တွေ၊ ကျောက်တုံးအောက်တွေမှာ ခက်ခက်ခဲခဲတူးယူထားရတာဖြစ်လို့ သူရဲ့အသားကလည်း စားသုံးသူတွေကို အာဟာရပြည့်ပြီး အားအင်ပြည့်ဖြိုးစေပါတယ်။