
by Jenny for Food Magazine
မြန်မာတွေ ခံတွင်းတွေ့စေမယ့် ပါစတာပုံစံမျိုးဖြစ်ပါတယ်။ အရမ်းကြီး အီဆိမ့်နေတာမျိုးလည်းမဟုတ်ဘဲ ခရမ်းချဉ်သီးအနှစ်ရဲ့ အချို၊ အချဉ်အရသာ၊ ပုစွန်ရဲ့ အချိုအရသာ တို့ပေါင်းစပ်ပြီး ခံတွင်းတွေ့စေမယ့် ပါစတာအရသာမျိုး ဖြစ်ပါတယ်။ အိမ်မှာ လုပ်ရလွယ်ကူအောင် ပါစတာလုပ်နည်းကိုပါ ပြောပြပေးထားပြီး ချက်ပြုတ်နည်းအဆင့်ဆင့်ကိုလည်း ရိုးရှင်းစွာ ဖော်ပြပေးထားပါတယ်။
ပါဝင်ပစ္စည်းများ
ဂျုံမှုန့် – ၂၂၀ ဂရမ်
ကြက်ဥအနှစ် – ၆ လုံး
ကြက်ဥ – ၁ လုံး
သံလွင်ဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နွားနို့ – စားပွဲစားဇွန်း ၁ ဇွန်း
ဆား – အနည်းငယ်
Pasta ပြုလုပ်ရန်အတွက်
၁။ ဇလုံတစ်လုံးထဲ ဂျုံမှုန့်၊ ကြက်ဥအနှစ်၊ သံလွင်ဆီ၊ နွားနို့၊ ကြက်ဥ၊ ဆားတို့ကိုထည့်ပြီး Dough သား နပ်သည်အထိ နယ်ပါ။ ပြီးလျှင် မိနစ် ၃၀ ခန့်နှင့် နှပ်ထားပါ။ ပြီးလျှင် တလိမ့်တုံး နှင့် လှိမ့်ပြီး အနေတော်ဆိုဒ် (Fettaccine Size) ကို ဓားဖြင့် ဖြတ်ပါ။ ရေနွေးဆူဆူမှာ ၁ မိနစ်ခန့် ပြုတ်ပြီး အအေးခံထားပါ။
ပါဝင်ပစ္စည်းများ
ခရမ်းချဉ်သီးအနှစ် – ၂ဝဝ ဂရမ်
ကြက်သွန်ဖြူ – ၄ ဂရမ်
ငရုတ်သီးအနီတောင့် – ၂ တောင့်
သံလွင်ဆီ – စားပွဲဇွန်း ၂ ဇွန်း
ပြင်သစ်ပင်စိမ်းရွက် – အနည်းငယ်
ဆား – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ပုစွန် – ၁၅၀ ဂရမ်
ပါစတာ – ၂ဝဝ ဂရမ်
Pasta ချက်ရန်အတွက်
၁။ အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူထည့်ပြီး ပြင်သစ်ပင်စိမ်းရွက်ထည့်ပါ။ ငရုတ်သီးအနီတောင့်နှင့် ခရမ်းချဉ်သီးအနှစ် ထည့်ပါ။ ပုစွန်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်ကို ထည့်ပါ။ ပြုတ်ထားသော ပါစတာထည့်၍ ၁ မိနစ်ခန့် မွှေပြီး သုံးဆောင်နိုင်ပါပြီ။