ပန်းသေးခေါက်ဆွဲဟင်းရည်

by ပန်းခရေ for Food Magazine

ချစ်ရတဲ့ ပရိသတ်တွေအတွက် အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် ခေါက်ဆွဲလုပ်နည်းလေးကို ဖော်ပြပေးထားပြီး ခေါက်ဆွဲနဲ့ တွဲဖက်စားသုံးနိုင်မယ့် ပန်းသေးခေါက်ဆွဲဟင်းရည် လေးကို ဖော်ပြပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

ဂျုံ –  ဆန်ချိန်ခွက် ၂ ခွက်

ကော်မှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆော်ဒါ –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ကြက်ဥ –  ၂ လုံး

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ခေါက်ဆွဲပြုလုပ်နည်း

ဇလုံတစ်လုံးထဲ ဂျုံ၊ ကော်မှုန့်၊ ဆော်ဒါ၊ ကြက်ဥနှင့် ဆားတို့ကို ထည့်၍ သမအောင် နယ်ပြီး

၃ နာရီခန့် နှပ်ထားပါ။ နှပ်ထားသောဂျုံကို တလိမ့်တုံးဖြင့် ပါးပါးလေးဖြစ်သည်အထိ လှိမ့်ပြီး ဓားဖြင့် အနေတော်အပြား ပုံစံလေးလှီးပါ။ ရေနွေးဆူဆူထဲမှာ ၁ မိနစ်ခန့် ပြုတ်ပြီး ရေစစ်ထားပါ။

ပါဝင်ပစ္စည်းများ

ကြက်သား –  ၄ဝဝ ဂရမ်

ဆား –  အနည်းငယ်

သကြား –  အနည်းငယ်

အရသာမှုန့် –  အနည်းငယ်

မဆလာ –  အနည်းငယ်

နနွင်းမှုန့် –  အနည်းငယ်

ဆီ –  လက်ဖက်ရည်ဇွန်း ၅ ဇွန်း

ကြက်သွန်ဖြူ –  ၂ လုံး

ကြက်သွန်နီ –  ၂ လုံး

ချင်း –  အနည်းငယ်

ကရဝေးရွက် –  ၁ ရွက်

ငရုတ်သီးအစိမ်းမှုန့် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ရေ –  ၁ လီတာ

ပဲငံပြာရည်အနောက် –  အနည်းငယ်

ဂေါ်ဖီ –  အနည်းငယ်

သံပရာသီး –  ၁ လုံး

ငရုတ်သီးအကျက်မှုန့် –  အနည်းငယ်

ပြုလုပ်နည်း

၁။        ဦးစွာ ကြက်သားကို ဆား၊ သကြား၊ အရသာမှုန့်၊ မဆလာ၊ နနွင်းမှုန့်တို့နှင့် နယ်ပါ။

၂။         အိုးထဲ ဆီထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ကရဝေးရွက်နှင့် ငရုတ်သီးအစိမ်းမှုန့်တို့ကို ထည့်ပြီး ဆီသတ်ပါ။

၃။        နယ်ထားသော ကြက်သားကို ထည့်ပါ။ မဆလာအနည်းငယ်၊ ဆားနှင့် ပဲငံရည် အနောက်တို့ကို ထည့်ပါ။ ရေ ၁ လီတာခန့်ထည့်ပြီး မိနစ် ၂၀ ခန့် တည်ပါ။

၄။        ပန်းကန်ထဲမှာ ခေါက်ဆွဲ၊ ချက်ထားသော ကြက်သားဟင်းရည်၊ ပါးပါးလှီးထားသော ဂေါ်ဖီအနည်းငယ်၊ ငရုတ်သီးအကျက်မှုန့်နှင့် ခြမ်းထားသော သံပရာသီးတို့ကို ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments