ကရင်မုန့်ဟင်းခါး၊ ကရင်ငါးပေါင်းထုပ်၊ ဘားအံ၊ ကရင်ပြည်နယ်ခရီးစဉ်

ကရင်မုန့်ဟင်းခါး၊ ကရင်ငါးပေါင်းထုပ်၊ ဘားအံ၊ ကရင်ပြည်နယ်ခရီးစဉ်

          မော်လမြိုင်ကောလိပ်မှာ ကျောင်းတက်ကတည်းက ဘားအံကို ရောက်ဖူးချင်ခဲ့တာ။ အဲဒီအချိန်က လမ်းပန်းဆက်သွယ်ရေး သိပ်ပြီးမကောင်းတော့ မရောက်ဖြစ်ခဲ့ပါဘူး။ ဘားအံက သူငယ်ချင်းတွေ ကျောင်းပိတ်ရက်အိမ်ပြန်တဲ့အခါ ကျွန်တော်အရမ်းကြိုက်တဲ့ ကရင်လွယ်အိတ်နဲ့ ကရင်သင်တိုင်းကို မှာရတာ အမောပါပဲ။

          ခုနောက်ပိုင်းလမ်းပန်းဆက်သွယ်ရေးတွေ အရမ်းကောင်းပြီး ခရီးသွားတဲ့သူတွေ များလာတော့ ဘားအံကိုသွားလည်သူတွေများလာတယ်။ ဘားအံက ဇွဲကပင်အလှက ခရီးသွားတွေကို ဆွဲဆောင်မှုရှိသလို Facebook မှာ ဓာတ်ပုံလှလှလေးတွေရိုက်ပြီး တင်ကြတဲ့ တောင်ဝိုင်းရဲ့အလှကလည်း ဘားအံကို ပိုပြီးတောင် သွားလည်ချင်တဲ့စိတ်တွေ ပိုပြီးဖြစ်လာကြတယ်။

          ဒီနှစ်ပိုင်းမှာ ကျွန်တော် ဘားအံကို အလည်သီးသန့်မဟုတ်ဘဲ အလုပ်နဲ့သွားရင်း နှစ်ခေါက်ရောက်ဖြစ် လိုက်တယ်။ ပထမတစ်ခေါက်ကတော့ မော်လမြိုင်ကိုသွားရင်း မော်လမြိုင်ကနေတစ်ဆင့် သွားဖြစ်ခဲ့တာပါ။ ဒုတိယအခေါက်ကတော့ သထုံကိုသွားရင် သထုံကနေတစ်ဆင့် ဘားအံကို သွားလည်ခဲ့ပါတယ်။

          အဲဒါကြောင့် ဘားအံကိုသွားရင် သထုံကနေသွားနိုင်သလို မော်လမြိုင်ကလည်း သွားနိုင်တယ်ဆိုတာလေး ပြောပြချင်တာပါ။ မော်လမြိုင်ရောက်တုန်း ဘားအံကို သွားလည်ချင်ရင်တော့ တစ်နာရီခွဲလောက် ကားမောင်းသွားရင်ရောက်ပါတယ်။ သထုံကနေ ဘားအံကိုသွားရင်တော့ တစ်နာရီလောက် ကားမောင်းရပါတယ်။

          ဘယ်လမ်းကပဲသွားသွား ရှုခင်းတွေကတော့ အရမ်းလှပါတယ်။ ကရင်ပြည်နယ်မှာရှိတဲ့ တောင်တွေက တခြားဒေသကတောင်တွေနဲ့ မတူပါဘူး။ များသောအားဖြင့် တောင်တွေက တောင်တန်းတွေလိုဆက်မနေဘဲ သီးခြားစီဖြစ်နေတာပါ။ ကားပေါ်ကနေကြည့်လိုက်ရင် လယ်ကွင်းတွေထဲမှာ သီးသန့်ပြူထွက်နေသလိုမျိုး ဟိုနားမှာ တောင်တစ်လုံး၊ ဒီနားမှာ တောင်တစ်လုံးရှိနေတာကိုက အလှတစ်မျိုးလို့ ခံစားမိတယ်။

          မော်လမြိုင်ကနေသွားမယ်ဆိုရင် ဒီလိုအလှကို ပိုခံစားနိုင်မှာပါ။ ရာသီကိုလိုက်ပြီး ရှုခင်းတွေက ပြောင်းနေမှာပါ။ ကျွန်တော် မော်လမြိုင်ကနေတစ်ဆင့်သွားတဲ့ ခရီးစဉ်က ဒီဇင်ဘာလကုန်ပိုင်းကပါ။ အဲဒီအချိန်က စပါးရိတ်သိမ်းပြီးတဲ့အချိန်ဖြစ်လို့ ရွှေရောင် စပါးခင်းတစ်မျှော်တစ်ခေါ်ရဲ့အလှကို မမြင်ခဲ့ရပေမယ့် အောက်တိုဘာ၊ နိုဝင်ဘာလမှာ ဒီဘက်ကိုရောက်မယ်ဆိုရင်တော့ ဒီထက်ပိုပြီးလှမယ်လို့ တွေးမိခဲ့တယ်။

          ဇွဲကပင်ဟိုတယ်မရောက်ခင်နားမှာ တောင်တွေနဲ့ စပါးခင်းတွေ နောက်ခံထားပြီး ဓာတ်ပုံရိုက်လို့လှတဲ့ နေရာလေးရှိတယ်။ အရမ်းလှနေလို့ ကားရပ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။

          ဘားအံမြို့ထဲရောက်ရင်တော့ ရွှေရင်မျှော်ဘုရားဖူးပြီး ဘုရားကုန်းတော်ပေါ်ကနေ မြင်နေရတဲ့ ရှုခင်းအလှတွေကို ခံစားနိုင်သလို ဘုရားစောင်းတန်းဈေးမှာ ရောင်းတဲ့ ရာသီပေါ် သီးနှံလတ်လတ်ဆတ်ဆတ် တွေကိုလည်း စားနိုင်မှာပါ။ မရမ်းသီးမှည့်၊ မရမ်းသီးစိမ်း၊ ရေငန်းသီး၊ သကြားသီး၊ သရက်သီးတွေပါ။ အဲဒီထဲမှာ စားရခဲ့တာက သကြားသီးပါ။ မလေးရှားမှာနေတုန်းကတော့ အမြဲစားဖြစ်တယ်။ ငယ်စဉ်က ရွာမှာနေတုန်းကတော့ ရွာဘုန်းကြီးကျောင်းမှာ တစ်ပင်တည်းပဲရှိလို့ တစ်လုံးလောက်စားရရင်ကို ပျော်နေခဲ့တာ ပါ။ သကြားသီးဆိုတဲ့အတိုင်း အရမ်းချိုပါတယ်။ အညိုရောင်အခွံပါးပါးလေးကို ခွာပြီးမှ စားရတာပါ။ အထဲမှာ ဩဇာသီးလို အစေ့အမည်းရောင် ၂ -၃ စေ့လောက်ပါပါတယ်။ သကြားသီးရင့်ရင့်ကို ဈေးကဝယ်ပြီးရင် မှည့်သွားအောင် ဆန်အိုးထဲမှာထားရပါတယ်။ မလေးရှားမှာတော့ စီးပွားဖြစ်စိုက်တဲ့အသီးပါ။ အသီးရောင်းတဲ့ဆိုင်တွေမှာ အခွံခွာပြီး ထက်ခြမ်းခြမ်း ပြီးရင် ဝါးချောင်းလေးတွေ သီပြီး အေးအေးလေးဖြစ်အောင် ရေခဲစိမ်ထား ပေးပါတယ်။ ရွှေရင်မျှော်ဘုရားမှာတော့ အလုံးလိုက်ရောင်းပါတယ်။ စားချင်ရင် ချက်ချင်း အခွံနွှာပေးပါတယ်။

   

          မြို့ထဲမှာ အိမ်ပြန်လက်ဆောင်အတွက်ဆိုရင် မြို့လယ်လမ်းမတန်းမှာပါ။ ကရင်ရိုးရာ အထည်ဆိုင်တွေရှိသလို ဘားအံဈေးထဲမှာလည်း အထည်ဆိုင်တွေရှိပါတယ်။ ဘားအံမြို့ထဲမှာလည်ရင်း ထမင်းစားမယ်ဆိုရင်တော့ ဟင်းမျိုးစုံရတဲ့ဆိုင်တွေကတော့ ရွှေမန်ကျည်းပင်ထမင်းဆိုင်၊ ကြာအင်းဘုန်းကြီးကျောင်းရှေ့က ဒေါ်ငယ်မြန်မာထမင်းဆိုင် တို့ရှိပါတယ်။ မြန်မာထမင်းဟင်းမျိုးစုံအပြင် ဒေသကရင်အစားအစာတွေလည်းရပါတယ်။ နောက်တစ်ဆိုင်ကတော့ ကရင်တာလပေါဟင်းရတဲ့ စံမတူထမင်းဆိုင်ပါ။

          ရောက်တဲ့အရပ်ဒေသတိုင်းမှာ ကျွန်တော် မဖြစ်မနေ ဝင်ရောက်လည်ပတ်ဖြစ်တဲ့ နေရာကတော့ ဈေးပါ။ ဘားအံရောက်တုန်း ကျွန်တော်သွားဖြစ်ခဲ့တဲ့ ဈေးကတော့ ကမ်းနားလမ်းအတိုင်းသွားပြီး အင်ကြင်းလမ်းထဲဝင်လိုက်တာနဲ့ ဈေးကိုတွေ့ရမှာပါ။ ကျွန်တော် ရောက်သွားတဲ့အချိန်က မွန်းလွဲ ၃ နာရီပါ။ ဈေးက စည်ကားစပြုနေပါပြီ။ ဈေးတန်းလျှောက်ပြီး ဒေသထွက် ဟင်းရွက်မျိုးစုံကို လေ့လာဖြစ်တယ်။ မသိတဲ့ ဟင်းသီးဟင်းရွက် ဆိုမေးပြီး ဘယ်လိုချက်စားရလဲဆိုတာပါ မေးပြီး မှတ်ပါတယ်။ အဲဒီဈေးမှာတွေ့ခဲ့ရတဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ထိကရုံး၊ ဇြွမမ်းသီး၊ မလွှသီး၊ ခွေဥ၊ ခွေဥအညွန့်တို့ပါပဲ။ ပြီးတော့ ဖရုံပွင့်တွေဆို အပုံလိုက်အများကြီးတွေ့ရပါတယ်။ ဇြွမမ်းသီးကို ဟင်းချိုချက် စားကြပြီး ခွေဥနဲ့ခွေဥအညွန့်ကိုတော့ တို့စရာအနေနဲ့ စားကြတယ်လို့သိရတယ်။

          မတွေ့ဘူး မမြင်ဘူးတဲ့ ဟင်းသီးဟင်းရွက်တွေကို လေ့လာရုံတင် မကပါဘူး။ ဒေသ အစားအစာလေးတွေစားကြည့်ဖြစ်ခဲ့တယ်။ အဲဒီနေ့ကတော့ ဈေးထဲက ကရင်မုန့်ဟင်းခါးကို စားဖြစ်ခဲ့တယ်။ ကရင်မုန့်ဟင်းခါးမှာ ဟင်းရည်က နှစ်မျိုးရှိပါတယ်။ အချိုနဲ့အစပ်ပါ။ ကြိုက်တဲ့ ဟင်းရည်ကိုရွေးပြီးစားနိုင်သလို နှစ်မျိုးစပ်ပြီးလည်း စားနိုင်ပါတယ်။ ကရင်မုန့်ဟင်းခါးမှာ ထူးခြားဆို ခရမ်းချဉ်သီးအစိမ်းကို ကတ်ကြေးနဲ့ ညှပ်ထည့်ပြီး စားပါတယ်။ ပြီးရင် ပဲပင်ပေါက်၊ ပဲတောင့်ရှည်တို့ပါထည့်စားရပါတယ်။ ရန်ကုန်မုန့်ဟင်းခါးလို နံနံပင် မထည့်ဘဲ ပူဒီနာထည့်ပြီး စားကြပါတယ်။ ကျွန်တော် အရမ်းကြိုက်လို့ နှစ်ပွဲစားဖြစ်လိုက်တယ်။ နောက်မြည်းစမ်းခဲ့တာကတော့ ကရင်ငါးပေါင်းထုပ်ပါ။ စပ်စပ်လေးမို့ ဒီဈေးကို ရောက်ရင်တော့ စားကြည့်စေချင်ပါတယ်။

          ဒေသတော်တော်များများရဲ့ ဈေးတွေမှာ အမြဲတွေ့ရတဲ့ ရွှေရင်အေးဆိုင်လည်း ဒီဈေးထဲမှာ ရှိပါတယ်။ ဒီဆိုင်လေးမှာ ကျွန်တော်စားဖြစ်ခဲ့တာကတော့ မုန့်ခွက်ပြင်ပါ။ ဘားအံရောက်ရင် အားလုံးသွားကြတဲ့ နေရာ ကတော့ ကျောက်ကလပ်ပါ။ ကျောက် ကလပ်မှာ ဘုရားဖူးပြီးတာနဲ့ စတုဒိသာဝင်စားနိုင်ပါတယ်။ သက်သတ်လွတ်ပါ။ ကျွန်တော်ကတော့ သက်သတ်လွတ် စားရုံတင်မကပါဘူး။ မီးဖိုထဲဝင်ပြီး လေ့လာခဲ့ပါတယ်။ ထမင်းကိုချက်တာ မဟုတ်ဘဲ ပေါင်းပါတယ်။ ဟင်းသီးဟင်းရွက်တွေဆိုရင် မျိုးစုံပြီး ဈေးထဲက ဒိုင်လားလို့အောက်မေ့ရပါတယ်။ တစ်နေကုန်လာသမျှဘုရားဖူးတွေကို ကျွေးမွေးတဲ့အတွက် မီးဖိုထဲမှာလည်း အဆက်မပြတ်ချက်ပြုတ်နေတာကိုတွေ့ရပါတယ်။ သီးစုံ သက်သတ်လွတ်ဟင်းက အရမ်းစားကောင်းသလို သက်သတ်လွတ် ငါးပိရည်ကလည်း ကောင်းမှကောင်းပါ။ ကျောက်ကလပ်က အပြန်မှာတော့ ချစ်သူမြိုင်ကိုလည်း ဝင်ရောက်လည်ပတ်နိုင်ပါတယ်။

          ကျွန်တော်အကြိုက်ဆုံးနေရာလေးကတော့ ကန်သာယာပတ်လည်က ညဈေးပါ။ ဇွဲကပင်တောင်ရဲ့အလှကိုခံစားပြီး အမှတ်တရဓာတ်ပုံရိုက်နိုင်ပြီး ညဈေးမှာရောင်းတဲ့ သန့်ရှင်းတဲ့အစားအစာတွေကို မြည်းစမ်းနိုင်ပါတယ်။ ကရင်တောချက် ထမင်းဆိုင်တွေ အများကြီးရှိသလို အကင်ဆိုင်နဲ့ ထိုင်းအစားအစာတွေရောင်းချတာဖြစ်လို့ စိတ်ကြိုက် ရွေးနိုင်ပါတယ်။ ကရင်တောချက်ဆိုင်တွေမှာ ကြက်ဆင်သား၊ တောကြက်သား၊  အသားမျိုးစုံကို ကရင်လိုချက်ထားပြီး တို့စရာမျိုးစုံနဲ့မို့ ကြည့်လိုက်တာနဲ့ အားလုံးက စားချင်စရာပါ။ ကျွန်တော်စားဖြစ်ခဲ့တဲ့ ဟင်းလေးကတော့ ဒီညဈေးလေးကတော့ အလွန်သန့်ရှင်းလှပြီး ဘားအံရောက်ရင်တော့ သွားလည်သင့်တဲ့နေရာလေးပဲ ဖြစ်ပါတယ် ခင်ဗျာ။

♦   မြင့်ဦးသာ   ♦

Facebook Comments