ကလေးငယ်တွေ ဗိုက်ပြည့်တာနဲ့ အာဟာရပြည့်ပြီလား

by ဒေါက်တာ ညီညီကျော် for Food Magazine

          မိဘအများစုက ကလေးငယ်တွေကို ဖြည့်စွက်အစားအစာမုန့်တွေ ကျွေးတဲ့အခါမှာ ကလေးဗိုက်ဝစေမယ့် အစားအစာတွေကို ရွေးပြီး ကျွေးလေ့ ကျွေးထ ရှိကြပါတယ်။ တကယ်တော့ ကလေးငယ်တွေကို အဆာပြေ မုန့်ကျွေးတဲ့နေရာမှာ ဗိုက်ပြည့်ဖို့အတွက်ထက် အာဟာရပြည့်ဖို့လည်း ရွေးချယ်တတ်ဖို့ လိုပါသေးတယ်။ အခုခေတ်မှာ ကလေးတွေကို ဖြည့်စွက်အစားအစာတွေအနေနဲ့ သဘာဝအစားအစာတွေ ကျွေးသလို အသင့်စား ဖြည့်စွက်အစားအစာတွေလည်း တော်တော်များများ ထွက်လာတာ တွေ့ရပါတယ်။ ဒီကာလ မိဘတွေကို အကျွေးများတာတွေ့ရတာက စီရီယယ် (Cereal) ပါ။ ဒါကြောင့် စီရီယယ် (Cereal) ဝယ်တဲ့နေရာမှာ သတိထားသင့်တဲ့ အချက်ကလေးတွေ ပြောပြပေးချင်ပါတယ်။

စီရီယယ် (Cereal) ဆိုတာ ဘာလဲ

          စီရီယယ် (Cereal) ဆိုတာ နှံစားတစ်ခုခုနှင့် နို့၊ ဟင်းသီးဟင်းရွက်တို့ကို ပေါင်းစပ်ထားတဲ့ ကလေးငယ်တွေအတွက် အသင့်စား အစားအစာတစ်ခုလို့ ဆိုနိုင်ပါတယ်။ တချို့ကတော့ အာဟာရမှုန့်ဆိုပြီး ခေါ် ကြပါတယ်။ ဖြည့်စွက်အစားအစာ ကျွေးတဲ့နေရာမှာ အရေးကြီးဆုံးက ကလေးငယ်တွေမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါ မပါ ကြည့်ဖို့ အရမ်းအရေးကြီးပါတယ်။

ဥပမာ-

၁။       ကျွန်တော်တို့နိုင်ငံမှာဆိုရင် ကလေးငယ်တွေမှာ သံဓာတ်ချို့တဲ့နေတာကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် ဖြည့်စွက်အစားအစာ ကျွေးတဲ့နေရာမှာ၊ ဝယ်တဲ့နေရာမှာ သံဓာတ်ပါဝင်တဲ့ ပစ္စည်းမျိုးကို ရွေးချယ်ကျွေးသင့်ပါတယ်။

၂။       နောက်တစ်ခု ကျွန်တော်တို့ ကလေးငယ်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကတော့ DHA (Docosahexaenoic Acid) ပါ။ ဒါကတော့ ကလေးငယ် ဦးနှောက် ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ မိဘများအနေနဲ့ မိမိရဲ့ကလေးငယ်အတွက် အဆာပြေ အသင့်စား အစားအစာတစ်ခုခု ဝယ်ကျွေးတော့မယ်ဆိုရင်တော့ DHA (Docosahexaenoic Acid) ပါတဲ့ မုန့်လိုမျိုးလေးကို ဝယ်ကျွေးသင့်ပါတယ်။

၃။       တတိယအချက်ကတော့ ကျွန်တော်တို့နိုင်ငံလို သန့်ရှင်းမှုအားနည်းတဲ့ နိုင်ငံတွေမှာ ဝမ်းပျက် ဝမ်းလျှော မကြာခဏဆိုသလို ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြည့်စွက်အစားအစာ ကျွေးတဲ့နေရာမှာလည်း ဒီပြဿနာကို တစ်ဖက်တစ်လမ်းက ကာကွယ်လို့ရမယ့်နည်း ရှိပါတယ်။ အဲဒါကတော့ Probiotic (ပရိုဘိုင် အိုတစ်) (အကျိုးပြု ဗက်တီးရီးယား) တစ်မျိုးမျိုးပါတဲ့ အစားအစာမျိုးပါ။ ဥပမာ- lactobacillus (လက်တိုဘက်စလပ်)၊ L Bifidus (အယ်ဘိုင်ဖစ်တပ်စ်) စသည်တို့ ထပ်ဖြည့်ထားတဲ့ အစားအစာမျိုး ရွေးချယ်ကျွေးပေးခြင်းဖြင့် မိမိရဲ့ကလေး ဝမ်းမကြာခဏပျက်တာ၊ ဝမ်းဗိုက် မအီမသာဖြစ်တာကို  တစ်ဖက်တစ်လမ်းကနေ သက်သာစေပါတယ်။

၎။       ဒါ့အပြင် အစားအစာရွေးတဲ့နေရာမှာ ဗီတာမင် A, D, C, E, B complex နှင့် သွပ် (Zinc) ဓာတ် ပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ ဒါမှ ကလေးတစ်ယောက်မှာ လိုအပ်တဲ့ ဗီတာမင် သတ္တုဓာတ်တွေပါ ရရှိမှာ ဖြစ်ပါတယ်။

၅။       နောက်ထပ် သတိထားပြီး ကြည့်သင့်တာကတော့ အမျှင်ဓာတ်ပါ မပါ သတိထားပြီး ကြည့်သင့်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ အမျိုးအစားကို ရွေးချယ်ကျွေးသင့်ပါတယ်။ ယခုဖော်ပြထားတဲ့ အာဟာရဓာတ်ကို မိမိတို့ဝယ်မယ့် အစားအစာတွေရဲ့ အာဟာရ တန်ဖိုးပြဇယား (Nutrition Label) မှာ ဖတ်ရှုနိုင်ပါတယ်။ ယခု ဆောင်းပါးက ၂ နှစ်အထက် ကလေးများအတွက်ကိုသာ ရည်ရွယ်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Facebook Comments