ကလေးတွေ အစာကျွေးရ ခက်တာကို ဘယ်လို ဖြေရှင်းကြမလဲ

by ဒေါက်တာ ညီညီကျော် for Food Magazine

          ကလေး မိဘတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒကို ပြောပါဆိုရင် တော်တော်များများကတော့ မိမိကလေး အစားကျွေးရ လွယ်စေချင်တာပါပဲ။ တကယ့် တကယ်တမ်းလည်း ကလေးကို အစာကျွေးတဲ့နေရာ နည်းစနစ်မကျရင် အချိန်ကုန် လူပင်ပန်းပြီး အရာမယွင်းတာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။

          အောက်ပါ အချက်အလက်လေးတွေကို သတိထားသင့်ပါတယ်။

၁။       ကလေးငယ်တွေကို ကိုယ်တိုင်စားခိုင်းခြင်း – တစ်ခါတလေ ကလေးတွေကို ခွံ့ကျွေး တာမလုပ်ဘဲ သူတို့လက်နဲ့ ကိုယ်တိုင်စားတတ်တဲ့ အကျင့်လေးလုပ်ပေးဖို့ လိုပါ တယ်။ “အဲဒီလိုကျွေးရင် ပိုဆိုးတယ်၊ ပိုကြာတယ် ဆရာ”ဆိုပြီး ပြန်ပြောပြတာလေးတွေ ခဏခဏ တွေ့ရပါတယ်။ ကိုယ်တိုင်စားခိုင်းတယ်ဆိုပေမယ့် ဘေးနားမှာ အမေတို့၊ အဖေတို့ကတော့ ရှိသင့်ပါတယ်။ ကိုယ့်ဟာကိုယ် စားပါစေဆိုပြီး လုံးဝ တစ်ယောက်တည်းထားပြီး စားခိုင်းရင်တော့ အမေတို့၊ အဖေတို့ ပြန်ပြောပြသလို အရမ်းကြာပြီး မကုန်တတ်ပါဘူး။

၂။       ရှင်းပြခြင်း – ကလေးငယ်လေးတွေက စူးစမ်းလေ့လာ သင်ယူနေဆဲ ကာလဖြစ်တဲ့အတွက် သူတို့စားနေတဲ့ အစားအစာ၊ မုန့်တွေကို ဘာတွေပါတယ်၊ ဒါတွေ စားရင် ကျန်းမာရေးအတွက် ဘာတွေကောင်းတယ်ဆိုတာမျိုးကို အမြဲရှင်းပြပေးသင့်ပါတယ်။ ဥပမာ – သံဓာတ်ကြွယ်ဝတဲ့ အစားအစာ မုန့်တစ်ခုကျွေးမယ်ဆိုရင် ဒါစားလိုက်ရင် ဥာဏ်ရည် ပိုကောင်းလာစေနိုင်တာမျိုး၊ သွေးအားကောင်းလာစေပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ ဖြိုးစေတာလိုမျိုး စသဖြင့် သူတို့လေးတွေကို လူကြီးလေး တစ်ယောက်လို နားလည်လာအောင် ပြောပြပေးဖို့က အရေးကြီးပါတယ်။

၃။       ကုန်သလောက် ကျွေးခြင်း – ကလေးတွေကို မိဘတွေက ပိုစားစေချင်တဲ့ စိတ်နဲ့၊ တစ်ခါတည်း စကျွေးကတည်းက အများကြီးထည့်ပြီး ကျွေးတတ်ပါတယ်။ ဒါဟာ တကယ့်ကို မှားပါတယ်။ ကလေးတွေဟာ မြင်မြင်ချင်းမှာပဲ အများကြီးစားရမှာ ပါလားဆိုတဲ့ စိတ်ကြီးဝင်သွားပြီး စကျွေးကတည်းက မစားချင်တော့တာတွေ တွေ့ရပါတယ်။ တချို့ကလေးတွေကျတော့လည်း ထည့်ပေးသမျှကုန်ပြီး အသက်ကြီးလာတဲ့အခါ တစ်ခါတည်း အများကြီးစားတတ်တဲ့ အကျင့်တွေပါကုန်ပြီး အဝလွန်ရောဂါ၊ ဆီးချိုရောဂါတွေလည်း  ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်ပွားလာတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို အစာကျွေးတဲ့နေရာမှာ ကုန်နိုင်သလောက်ပဲ ထည့်ပေးခြင်းဖြင့် အစာမစားချင်တဲ့ ကလေးကို စားချင်လာအောင် စွမ်းဆောင်နိုင်သလို အစားအများကြီးစားတတ်တဲ့ ကလေးကိုပါ အများကြီး မစားတတ်တော့အောင် လေ့ကျင့်ပေးနိုင်ပါတယ်။

၎။       နည်းနည်းနဲ့ အကြိမ်ရေများများ ကျွေးခြင်း – မိမိကလေး ကျန်းမာစေချင်တယ် ဆိုရင်တော့ နည်းနည်းနဲ့ ခဏခဏ ကျွေးတတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကလေး အရွယ်မှာလည်း အချိန်မှန်မှန် စားတတ်သွားသလို နောင်တစ်ချိန် လူကြီးဖြစ်လာ ရင်လည်း အခုလို နည်းနည်းနဲ့ ခဏခဏ စားတတ်တဲ့ အကျင့်လေး လုပ်ပေးထား တော့ တစ်ဖက်တစ်လမ်းကနေ အဝလွန်ရောဂါ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေ ကိုပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။ နည်းနည်းနဲ့ ခဏခဏ ကျွေးတဲ့အတွက် ကလေးငယ်အနေနဲ့လည်း အများကြီးစားလိုက်လို့ ဗိုက်မအီမသာဖြစ်ပြီး အစားကို ကြောက်သွားတာမျိုး မဖြစ်တော့ဘဲ အချိန်မှန်မှန်လေး စားရမယ်ဆိုတဲ့ အကျင့်ပါ လေ့ကျင့်ပြီးသား ဖြစ်သွားပါတယ်။

၅။       လူကြီးများနဲ့ အတူတူကျွေးခြင်း – ကလေးတွေကို ထမင်းကျွေးတဲ့အခါ သီးသန့် ကျွေးတာမျိုးမလုပ်ဘဲ လူကြီးတွေနဲ့အတူတူ စားခိုင်းတာမျိုး လုပ်သင့်ပါတယ်။ ဒါမှ သူတို့စိတ်ထဲမှာ အများပြီးရင် သူတို့လည်း ပြီးရမယ်ဆိုတဲ့ အကျင့်တစ်ခု ခေါင်းထဲ ရောက်သွားပြီး အစားစားတဲ့ နေရာမှာ  အချိန်အကြာကြီး ဆွဲမနေတော့ဘဲ ပုံမှန် လေး စားတတ်သွားပါလိမ့်မယ်။

၆။       တီဗီ၊ ဖုန်း၊ ကွန်ပျူတာ၊ လက်တော့ပ်၊ တက်ဘလက် စသည်တို့ကို မပြပါနဲ့။ အခုဖြစ်နေတဲ့ ပြဿနာက ကလေးတွေကို ထမင်းစားအောင်ဆိုပြီး ကာတွန်းကား၊ ဂိမ်းတွေကို တီဗီ၊ ဖုန်း၊ ကွန်ပျူတာ၊ လက်တော့ပ်၊ တက်ဘလက်တွေကတစ်ဆင့် ကလေးတွေကိုပြပြီး ထမင်းကျွေးလေ့ရှိပါတယ်။ ဒါက တကယ့်ကို လွဲမှားတဲ့ အယူအဆ တစ်ခုပါ။ ပိုပြီးတော့တောင် အစာစားချိန် ကြာသွားနိုင်သလို ထမင်းလည်း မကုန်ဘဲ ကျန်နေတာပဲ များတာကို ကြုံတွေ့ဖူးကြပါလိမ့်မယ်။ ဒါကြောင့် အစားကျွေးရင် ပုံပြင်ပြောပြတာ၊ ဘေးပတ်ဝန်းကျင်ကို ပြတာကလွဲရင် ကျန်တာ ဘာမှမပြသင့်ပါဘူး။ အခုပြောထားတဲ့ အချက်လေးတွေကို လိုက်နာပြီး အစားကျွေးရတဲ့ ကလေးတွေကို သေချာလိုက်ကျွေးကြည့်ပါလို့ အကြံပြုချင်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Facebook Comments