
ပုဂံပြည့်ရှင် နရသီဟပတေ့မင်းဟာ သူရဲ့ မိဖုရားတစ်ပါးကို အသီးတစ်လုံးနှင့် ပစ်လိုက်ရာမှာ မိဖုရားကို ထိမှန်ပြီး၊ ခါးရမ်းသွားတဲ့အတွက် အဲဒီအသီးကို ‘ခါးရမ်းသီး’လို့ ပြောကြရာက၊ ကာလရွှေ့လျောလာတဲ့အခါမှာ ‘ခရမ်းသီး’ရယ်လို့ အမည်တွင်သွားတယ်လို့ မိမိတို့ငယ်စဉ်က ကြားဖူးခဲ့ပါတယ်။
အသီးရဲ့အရောင်က ခရမ်းရောင်မို့ ခရမ်းသီးလို့ နာမည်ပေးလိုက်ကြတာလား၊ ခရမ်းသီးဆိုတဲ့ အသီးရဲ့ အရောင်မို့ ခရမ်းသီးရောင်၊ ခရမ်းရောင်လို့ သတ်မှတ်လိုက်ကြတာလား၊ ခရမ်းသီးနှင့် ခရမ်းရောင်မှာ ဘယ်ဟာက မူလပထမဆိုတာလည်း စဉ်းစားကြည့်မယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်းပါတယ်။
ခရမ်းသီးလို့ပြောလိုက်ရင် လူအများစုရဲ့ မျက်စိထဲ မှာ ပုံသဏ္ဌာန်က ရှည်မျောမျော၊ အရောင်က ခရမ်းရောင်၊ အခွံက နူးညံ့ချောမွတ်နေပြီး ညှစ်ကြည့်လျှင် ရေမြှုပ်လို ဖြစ်နေတဲ့အသီး၊ ပါးစပ်နှင့်ကိုက်ကြည့်လျှင်၊ ဓားနှင့်လှီးကြည့်လျှင် ပွတတအသားရှိတဲ့ ခရမ်းသီးရှည်ရှည်တွေကို မြင်ယောင်လာလိမ့်မယ်ထင်ပါတယ်။ တကယ်တော့ ခရမ်းသီးတွေထဲမှာ အချို့က ခရမ်းရောင်ရင့်ရင့်၊ အချို့က ခရမ်းရောင်နုနုဖြစ်ပါတယ်။ ဒါ့အပြင် အစိမ်းရောင်ဖြော့ေ့ဖြာ့ (ထိုင်း ခရမ်းသီး)၊ အဝါရောင်ဖြော့ဖြော့၊ အဝါရောင်ရင့်ရင့် (တူရကီခရမ်းသီး)နှင့် အဖြူရောင်ခရမ်းသီးတွေလည်း ရှိပါတယ်။
ခရမ်းသီးဟာ ပုံသဏ္ဌာန်အားဖြင့်လည်း ရှည်မျောမျော၊ ပုတိုတို၊ လုံးလုံးဝိုင်းဝိုင်းစသဖြင့် အမျိုးမျိုးရှိပါတယ်။ အရွယ်အားဖြင့်လည်း အရှည်တစ်ထွာကျော်၊ တစ်ပေနီးပါးကနေ လောက်စာလုံးထက်သေးတဲ့ အရွယ်ထိ၊ အကြီး၊ အလတ်၊ အသေးစသဖြင့် အမျိုးမျိုးကွဲပြားပါတယ်။ မချက်မပြုတ်ဘဲ (အစိမ်း)စားရင် ခရမ်းသီးအမျိုးအစား အားလုံးလိုလိုဟာ နှစ်လိုဖွယ် ခါးသက်သက်အရသာ (Pleasantly Bitter Taste) နှင့် ပွတတ (Spongy) အသားရှိတာချင်း တူကြပါတယ်။
ခရမ်းသီး စိုက်ပျိုးမှု
ခရမ်းသီးရဲ့ ဇာတိဟာ အာရှတိုက်လို့ သိရပါတယ်။ ခရမ်းသီးကို ရှေးအကျဆုံး စိုက်ပျိုးခဲ့သူတွေဟာ အိန္ဒိယ လူမျိုးတွေဖြစ်ပြီး၊ တရုတ်လူမျိုးတွေက အေဒီ ၅ ရာစု လောက်မှာ စတင်စိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။ အလယ်ခေတ် (Middle ages) မတိုင်မီလောက်မှာ ခရမ်းသီးဟာ အာဖရိကတိုက်ကို ရောက်ရှိသွားခဲ့ပြီး၊ အဲဒီနောက်မှာ အီတလီကို ရောက်ပါတယ်။ ၁၄ ရာစုလောက်မှာ အီတလီနိုင်ငံသားတွေ ခရမ်းသီးကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးစားသုံးနေကြပါပြီလို့ ဆိုပါတယ်။ အဲဒီကမှ တစ်ဆင့် ဥရောပတိုက်နှင့် အရှေ့အလယ်ပိုင်းဒေသကို ပျံ့နှံ့သွးတာလို့ သိရပါတယ်။ ဥရောပတိုက်သား နယ်သစ် ရှာဖွေစွန့်စားသွားလာကြသူတွေကြောင့် ရာစုနှစ်တွေ ကြာလာတာနဲ့အမျှ ခရမ်းသီးဟာ ကမ္ဘာ့အနောက်ခြမ်းတစ်ခုလုံးကိုပါ ပျံ့နှံ့သွားခဲ့ပါတယ်။ ခုဆိုရင် အီတလီ၊ တူရကီ၊ အီဂျစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျပန်တို့ဟာ ကမ္ဘာပေါ်မှာ ခရမ်းသီးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံတွေ ဖြစ်နေပါပြီ။
ခရမ်းသီးဝယ်တဲ့အခါ
လက်နှင့်ကိုင်ကြည့်လိုက်လျှင် ပွပြီး အလေးချိန်ပေါ့တဲ့ ခရမ်းသီးမျိုးကို မဝယ်ဘဲ၊ မာတင်းနေပြီး အလေးချိန်စီးတဲ့ အသီးမျိုးကို ဝယ်သင့်ပါတယ်။ အခွံကချောပြီး ပြောင်တင်းနေလျှင် ကောင်းပါတယ်။ အရောင်ဟာ ခရမ်း ဆိုလည်း ခရမ်းရောင်၊ အဖြူဆိုလည်း အဖြူရောင်၊ အစိမ်းဆိုလည်း အစိမ်းရောင်၊ ပီပီပြင်ပြင် (vivid) ဖြစ်နေတာ ကောင်းပါတယ်။ အခွံမှာ အရောင်ပျက်နေတာ၊ အရောင်ကွက်နေတာ၊ ပျော့စိစိဖြစ် နေတာ၊ အရွတ်လို မာနေတာမျိုးကို မဝယ်သင့်ပါဘူး။ အထဲမှာ အသားပျက်စီးနေတာ၊ ပုပ်နေတာ ဖြစ်နိုင်ပါတယ်။ အညှာနှင့် ပွင့်ချပ်ကလေးဟာ အစိမ်းရောင် စိုနေ သင့်ပါတယ်။ ခရမ်းသီးကို ရင့်မရင့်သိချင်လျှင် အခွံကို လက်မနှင့် အသာအယာဖိနှိပ်ကြည့် လို့ရပါတယ်။ လက်နှင့် ဖိထားတုံးခဏမှာ ချိုင့်ဝင်သွားပြီး လက်ကိုကြွလိုက်တဲ့အခါ ပြန်ဖောင်းလာရင် အသီးဟာ ရင့်နေပြီ၊ စားလို့ ကောင်းနေပါပြီ။ ဖိထားတဲ့လက်ကို ကြွလိုက်ပေမယ့် အခွံဟာ ပြန်ဖောင်းမလာဘဲ ဆက်ပြီး ချိုင့်နေသေးတယ်ဆိုရင် အသီးဟာ နုလွန်းတယ်လို့ မှတ်ယူနိုင်ပါတယ်။
ခရမ်းသီးဟာ သိမ်းထားလျှင် ကြာကြာအထားခံ မည့်ပုံပေါ်ပေမယ့် တကယ်တမ်းကျတော့ ပျက်စီးလွယ်ပါတယ်။ အပူဒဏ်ကိုရော အအေးဒဏ်ကိုပါ မခံနိုင်ပါဘူး။ ထားသိုသိမ်းဆည်းရာမှာ အတော်လေး ဂရုစိုက်ရပါ တယ်။ ပတ်ဝန်းကျင်အပူချိန် ၅ဝ ဒီဂရီ ဖာရင်ဟိုက် (၁ဝ ဒီဂရီ စင်တီဂရိတ်)လောက်မှာ သိမ်းထားသင့်ပါသတဲ့။ အခွံပေါက်သွား ပြဲသွားပြီဆိုရင် ခရမ်းသီးဟာ ကြာကြာမခံတော့ပါဘူး။ ဒါကြောင့် ခရမ်းသီးကို အလုံးအထည်မပျက် သိမ်းထားသင့်ပါတယ်။ လှီးပြီးဖြတ်ပြီးမှ သိမ်းထားတာမျိုး မလုပ်သင့်ပါဘူး။
ခရမ်းသီးကို ပလတ်စတစ်အိတ်ထဲမှာ အလုံးလိုက်ထည့်ပြီး၊ ရေခဲသေတ္တာထဲမှာထားလျှင် မပျက်မစီးဘဲ ရက်အနည်းငယ်ခံပါတယ်။ ရေခဲသေတ္တာထဲမှာ ထားစရာနေရာက ကျဉ်းပြီး၊ အသီးက ကြီးနေလို့ဆိုပြီး၊ ဇွတ်အတင်း ထိုးမထည့်သင့်ပါဘူး။ အခွံကွဲသွား အက်သွား ပေါက်သွားလျှင် မကြာမီအချိန်အတွင်းမှာ အသီးဟာ ပျက်စီးသွား၊ ပုပ်သွားနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာပဲ ပိုပြီးကျယ်တဲ့ အခြားတစ်နေရာမှာ ထားနိုင်ပါတယ်။
ခရမ်းသီးကို လှီးဖြတ်တဲ့အခါ စတိန်းလက် (စ်) စတီး (လ်) (stainless steel) နှင့် ပြုလုပ်ထားတဲ့ ဓားနှင့်သာ လှီးဖြတ်သင့်ပါတယ်။ ရိုးရိုးဓားနှင့် လှီးဖြတ်လျှင် ဓားမှာပါတဲ့ ကာဗွန်နှင့် ခရမ်းသီးထဲက ဖိုက်တိုနူးထရိယင့် (Phyo-tonutrient) တွေ ဓာတ်ပြုပြီး ခရမ်းသီးရဲ့ အသားတွေ ညိုမည်းသွားတတ်ပါတယ်။ Browning ဖြစ်တယ်လို့ ခေါ်ပါတယ်။
ခရမ်းသီးကို အလုံးလိုက် ရေစင်အောင်ဆေးပြီးမှ လှီးဖြတ်သင့်ပါတယ်။ လှီးဖြတ်ပြီးမှ ရေမဆေးသင့်ပါဘူး။ လှီးဖြတ်ပြီးမှ ရေဆေးလျှင် အာဟာရဓာတ်တွေ ရေနှင့်အတူ မျောပါဆုံးရှုံးသွားနိုင်ပါတယ်။
ခရမ်းသီးကို အခွံပါ စားနိုင်သလို အခွံနွှာပြီးမှလည်း စားနိုင်ပါတယ်။ ခရမ်းသီးအဖြူမျိုး အထူးသဖြင့် အလုံးသိပ်ကြီးတဲ့ အသီးမျိုးတွေမှာ အခွံဟာ ကြမ်းတမ်းပြီး စားတဲ့အခါ ပျော့ပျော့ပျောင်းပျောင်း မရှိပါဘူး။ အရသာသိပ်မရှိပါဘူး။ ဒါကြောင့် အခွံနွှာမယ်ဆိုရင် မလှီးဖြတ်မီ နွှာနိုင်ပါတယ်။ အသားတွေကို ဇွန်း (scoop) နှင့် ခြစ်ထုတ်လို့လည်း ရပါတယ်။
ခရမ်းသီးကြိုက်သူတွေအနေနဲ့ ခရမ်းသီးကို ခါးတယ်လို့ မထင်ပါဘူး။ ပုစွန်ခြောက်နိုင်နိုင်ထည့်ပြီး ချက်ထားတဲ့ ခရမ်းသီးနှပ်ဟင်းမှာ ဘာအခါးအရသာမှ မခံစားရပါဘူး။ ခရမ်းသီးကို နူးနူးညံ့ညံ့စားချင်တယ်။ ခါးသက်သက်ဖြစ်နေတာကိုလည်း လျော့ချင်တယ်ဆိုလျှင် ဆားလေးနည်းနည်းသုံးပြီး ပြုပြင်နိုင်ပါတယ်။ ခရမ်းသီးကို ဓားနှင့်လှီးဖြတ်ပြီးတဲ့နောက် ဆားလေးနည်းနည်းဖြူးပြီး နာရီဝက်လောက်ထားလိုက်ပါ။ ဒါကို sweating လုပ်တယ် (ချွေးထုတ်တယ်) လို့ခေါ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အခါးအရသာ လျော့သွားတဲ့အပြင်၊ အသီးထဲက ရေတွေကို ဆားကစုပ်ယူပြီး ထုတ်လိုက်တဲ့အတွက် အကျိုးရလာဒ်တစ်ခုအနေနဲ့ ဟင်းချက်ရာမှာ အသုံးပြုတဲ့ ဆီတွေဟာ ခရမ်းသီးထဲကို များများစိမ့်ဝင်မသွားနိုင်တော့ပါဘူး။ ဆီကြောက်သူတွေအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဆားကြောက်သူတွေအနေနဲ့တော့ ဆားဖြူးထားတဲ့ အတုံးလေးတွေကိုမချက်မီ ရေနှင့် မြန်မြန်လေး ကျင်းပစ်နိုင်ပါတယ်။
ခရမ်းသီး၏ အာဟာရ
ခရမ်းသီးမှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီဆိုတဲ့ အာဟာရကြီး (macronutrients) တွေ၊ ဗီတာမင်နှင့် သတ္ထု (mineral) စတဲ့ အဏုအာဟာရ (micronutrients) တွေ များများစားစား မပါပါဘူး။ အရှည် ၄ လက်မရှိပြီး၊ ဓားနှင့် ထက်ပိုင်းပိုင်းလိုက်ရင် အချင်းတစ်လက်မခွဲလောက်ရှိတဲ့ ခရမ်းသီးတစ်လုံးဟာ အလေးချိန် ၁ဝဝ ဂရမ် (၆ ကျပ် တစ်မတ်သားခန့်) ရှိပါတယ်။ အဲဒီအရွယ် ခရမ်းသီးတစ်လုံးမှာ ကာဗိုဟိုက်ဒရိတ် ၅ . ၆ ဂရမ်၊ ပရိုတင်း ၂ . ၆ ဂရမ်၊ အဆီ ဝ . ၂ ဂရမ်သာ ပါဝင်ပါတယ်။
ခရမ်းသီးမှာ သွေးချိုတက်စေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်တဲ့ ကစီ (starch) ပါဝင်မှုနည်းတဲ့အတွက် ခရမ်းသီးကို ကစီနည်းတဲ့ ဟင်းသီးဟင်းရွက် (non-starchy vegetables) အုပ်စုမှာ ထည့်သွင်းပါတယ်။ ခရမ်းသီးမှာ သွေးချိုတက်စေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ် နောက်တစ်မျိုးဖြစ်တဲ့ သကြား (sugar) ပါဝင်မှုလည်း အလွန်နည်းပါတယ်။ သွေးချိုမတက်တဲ့ ကာဗိုဟိုက်ဒရိတ်မျိုးဖြစ်တဲ့ အစာမျှင်ကျတော့ ခရမ်းသီး ၁ဝဝ ဂရမ်မှာ လူတစ်ယောက် တစ်နေ့တာစားသုံးသင့်တဲ့ ပမာဏရဲ့ ၁ဝ% ထိ ပါဝင်နေပါတယ်။ အစာမျှင်အချို့ဟာ သွေးချိုအတက်နှေးစေနိုင်တဲ့အတွက် ခရမ်းသီးဟာ ဆီးချိုဝေဒနာရှင်တွေနှင့် သင့်လျော်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ခရမ်းသီး ၁ဝဝ ဂရမ်စားလျှင် ကယ်လိုနီ ၃ဝ ကျော် ၃၅ လောက်သာရနိုင်တာမို့ ကယ်လိုနီနည်းတဲ့ အစာမျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေ။ ကိုယ်အလေးချိန်လျှော့လိုသူတွေ စားသုံးနိုင်တဲ့ အစားအစာမျိုးဖြစ်ပါတယ်။
ခရမ်းသီးမှာပါနေတဲ့ ဗီတာမင်နှင့်သတ္ထု အာဟာရတွေဟာ အမျိုးအစားအားဖြင့် မနည်းလှပါဘူး။ ပမာဏအားဖြင့်တော့ များတယ် (ကြွယ်ဝတယ်)လို့ မပြောနိုင်ပါဘူး။ ချက်ထားတဲ့ ခရမ်းသီးတစ်ပန်းကန် (၁ဝဝ ဂရမ်) မှာပါတဲ့ ဗီတာမင်ဘီဝမ်း (vitamin B1) ပမာဏဟာ လူတစ်ယောက် တစ်နေ့တာလိုအပ်ချက်ရဲ့ ၇ % သာ ရှိပါတယ်။ အလားတူပဲ ဗီတာမင်ဘီဆစ် (vitamin B6) ရဲ့ ပမာဏဟာလည်း တစ်နေ့တာလိုအပ်ချက်ရဲ့ ၅% သာ ရှိပြီး၊ နိုင်ယာစင် (niacin) ၄%၊ ဗီတာမင်ကေ (vitamin K) ၄% နှင့် ဖောလစ်အက်ဆစ် ၃% သာ ရှိပါတယ်။ သတ္ထု အာဟာရတွေထဲမှာ ကြေးနီ (copper) က ၆%၊ မင်းဂနီးစ် (manganese) က ၆% နှင့် ပိုတက်စီယမ် (potassium) က ၃% သာ ရှိပါတယ်။
ကျန်းမာရေးအတွက်ကောင်းတဲ့ အစားအသောက်တွေကို အဆင့်သတ်မှတ်တဲ့ World’s Healthiest နည်းစနစ်တစ်ခုအရ ခရမ်းသီးကို အောက်ပါအတိုင်း အမှတ်ပေးပြီး အဆင့်ကောင်းကောင်း ပေးထား ပါတယ်။
ခရမ်းသီးနှင့် ကျန်းမာရေး
အပင်ထွက် အစာတွေမှာသာပါရှိတဲ့အတွက် ဖိုက်တိုနူးထရိယင့် (Phytonutrient) လို့ခေါ်တဲ့ ဓာတ်ပေါင်းများစွာ ခရမ်းသီးမှာ ပါဝင်နေပါတယ်။ အဲဒါတွေက Phenolic ဓာတ်ပေါင်းတွေနှင့် Flavonoids တွေဖြစ်ပါတယ်။ ခရမ်းသီးရဲ့အရောင် (ခရမ်းရောင်) ဟာ Anthocyanin ဆိုတဲ့ ဖိုက်တိုနူးထရိယင့် ဓာတ်ပေါင်းတွေကြောင့် ဖြစ်ပါတယ်။ (ခရမ်းရောင် စပျစ်သီး၊ ဝိုင်အနီတို့ရဲ့ အရောင်ဟာလည်း Anthocyanin ဓာတ်ပေါင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။) သုတေသနလုပ်ထားတဲ့ ဓာတ်ပေါင်းအမျိုးအစားတစ်ခုက Anthocyanin အုပ်စုမှာပါတဲ့ Nasunin ဆိုတဲ့ ဓာတ်ပေါင်းဖြစ်ပါတယ်။ Nasunin မှာ အင်တီအောက်စိဒင့် (anti-oxidant) အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ ရုပ်ကလပ်စည်း (cell-ဆဲလ်) တွေကို အောက်စီဂျင်ဓာတ်တိုးပျက်စီးခြင်း (oxidative damage) မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ခရမ်းသီးမှာပါတဲ့ အင်တီအောက်စိဒင့် အာနိသင် ရှိတဲ့ ဖီနောလစ်ဓာတ်ပေါင်းတွေဟာ ခရမ်းသီးပင်တွေအနေနဲ့ ဗက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေရဲ့ အောက်စီဂျင်ဓာတ်တိုးဖျက်ဆီးမှု (oxidative damage) အန္တရာယ်မှ မိမိကိုယ်မိမိ ကာကွယ်ဖို့ ထုတ်လုပ်ထားကြတာဖြစ်ပါတယ်။ ခရမ်းသီးမှာပါတဲ့ ဖီနောလစ်ဓာတ်ပေါင်း ၁၄ မျိုး လောက်ထဲမှာ Chorogenic acid ဆိုတဲ့ အက်ဆစ်ဓာတ်ပေါင်းက အဓိကဖြစ်ပါတယ်။ ခရမ်းသီးစားသုံးသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပုံမှန်ရုပ်ကလပ်စည်း (ဆဲလ်-cell) တွေကို ကင်ဆာဆဲလ် (cancer cell) တွေ အဖြစ် ဖောက်ပြန်ပြောင်းလဲမသွားနိုင်အောင် Chlorogenic acid က ကာကွယ်ပေးပါတယ်။ Anti-mutagenic/anti-cancer) အာနိသင်လို့ ခေါ်ပါတယ်။ ဗက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေကို နှိမ်နင်းနိုင်တဲ့ အာနိသင်၊ မကောင်းတဲ့ ခိုလက်စထရောတွေ သွေးကြောနံရံတွေမှာ စုလာပြီး သွေးကြောမပိတ်အောင် ကာကွယ်ပေးတဲ့ အာနိသင်လည်းရှိပါတယ်။ ခရမ်းသီးရဲ့ ခါးသက်သက်အရသာ၊ ခရမ်းသီးကိုလှီးပြီး ခဏထားလိုက်ရင် အရောင်ညိုမည်းလာတာတွေဟာလည်း ဖီနောလစ်ဓာတ်ပေါင်းတွေနှင့် ဆက်စပ်မှုရှိပါတယ်။ ခါးတဲ့အရသာလည်းလျော့အောင်၊ လှီးထားတဲ့ ခရမ်းသီးတွေ အရောင်ညိုမည်းလာတာလည်း လျော့အောင် လှီးထားတဲ့ခရမ်းသီးတွေ အရောင်ညိုမည်းလာတာလည်း လျော့အောင်၊ အင်တီအောက်စိဒင့်အာနိသင်လည်း ဆက်ပြီးရှိနေအောင် ဖီနောလစ်ဓာတ်ပေါင်း ပါဝင်မှု အခြေအနေကို အကောင်းဆုံးဖြစ်အောင် သုတေသနတွေ လုပ်နေကြပါတယ်။
Nightshades ဟင်းသီးဟင်းရွက်နှင့် သစ်သီးအုပ်စု
ခရမ်းသီးဟာ Nightshades ဆိုတဲ့ အုပ်စုဝင် ဟင်းသီးတစ်မျိုးဖြစ်ပါတယ်။ ဒီအုပ်စုဝင်အပင်တွေမှာ solanine ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုး ပါဝင်နေပါတယ်။ Solanine က အပင်တွေ အရွက်တွေ အသီးတွေကိုစားတဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒီနည်းနဲ့ အပင်တွေဟာ ပိုးမွှားဒဏ်မှ မိမိကိုယ်မိမိ ကာကွယ်ကြပါတယ်။ ဒီအုပ်စုမှာ မျိုးစိတ် (species) ၂၅ဝဝ လောက် ရှိပါတယ်။ ခရမ်းချဉ်သီး၊ အာလူးနှင့် ငရုတ်သီးဟာလည်း ခရမ်းသီးလိုပဲ ငြါ့အျ့ေိန အုပ်စုဝင် ဟင်းသီးတွေဖြစ်ပါ တယ်။ ဟင်းသီးဟင်းရွက် မဟုတ်တဲ့ ငြါ့အျ့ေိန အုပ်စုဝင် အရွက်တစ်မျိုးက ဆေးရွက်ကြီးဖြစ်ပါတယ်။
အချို့သူတွေဟာ ခရမ်းသီးအပါအဝင် အုပ်စုဝင် Nightshade အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဓာတ်မတည့်ပါဘူး။ ဥပမာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီး စားပြီးလျှင် ဝမ်းပျက်ခြင်း၊ လေပွခြင်း၊ ဗိုက်ပွခြင်း၊ ပျို့ ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ နာခြင်းစတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဝမ်းပျက်တာ၊ လေပွတာ၊ ပျို့တာ အန်တာတွေက ရုတ်တရက်ဖြစ်တာမို့ သိသာပေမယ့်၊ အဆစ်အမြစ် နာတာက ဖြည်းဖြည်းမှ ဖြစ်တတ်တဲ့အတွက် ခရမ်းသီး (ခရမ်းချဉ်သီး၊ ငရုတ်သီး) စားတာနှင့် အဆစ်နာတာကို မဆက်စပ်မိပါဘူး။ ခဏခဏကြုံရတော့မှ တိုက်ဆိုင်မှုကို သတိထားမိလာ တတ်ပါတယ်။ ဒီအသီးတွေ မစားဘဲနေလိုက်တဲ့အခါ အဆစ်နာ သိသိသာသာ ပျောက်သွားတယ်ဆိုမှ ခရမ်းသီးစားတာနှင့် အဆစ်တွေနာတာကို ပိုပြီး ဆက်စပ်သိရှိလာတတ်ပါတယ်။ ခရမ်းသီးစားရင် အဆစ်နာတတ်တယ်ဆိုတာ လူတိုင်းအတွက် ပြောတာမဟုတ်ပါဘူး။ ခရမ်းသီးနှင့် ဓာတ်မတည့်သူတွေအတွက်သာ ဖြစ်ပါတယ်။ တကယ်တော့ ခရမ်းသီးမှာ ရောင်ရမ်းမှုကို လျော့စေတဲ့ ဓာတ်ပေါင်းတွေ ပါနေတာကြောင့် ဓာတ်တည်သူတွေအတွက် ခရမ်းသီးက အဆစ်ရောင်တာ နာတာကို သက်သာစေနိုင်တဲ့ အာနိသင်ပင် ရှိပါတယ်။
ဒေါက်တာလှကြည်