
by စီစီဝင်း၊ ဆုလွင်ထိုက် for Food Magazine
အပူပိုင်းဒေသထွက် ကန်စွန်းဥ (Ipomoea batatas L.) သည် ချိုပြီး ကစီဓာတ်များသောအမြစ်ဥ (tuberous root) ဖြစ်ပါသည်။ ကစီဓာတ်အပြင် ဗီတာမင်-စီ၊ ပရိုဗီတာမင်-အေ၊ သံဓာတ်နှင့် အခြားသတ္တုဓာတ်များ ပါဝင်၍ ကျန်းမာရေးကို အထောက်အကူပြုသော ခရမ်းရောင် (anthocyanin pigment) ကိုလည်း တွေ့ရှိရပါသည်။
ခရမ်းရောင်ရှိနေခြင်းသည် ကင်ဆာ၊ ညတွင် မမြင်ရသောရောဂါ (night blindness)၊ အိုမင်းမှု နှေးကွေးစေခြင်း၊ အသည်းနှင့်ပတ်သက်သော ရောဂါများနှင့် အခြားနာတာရှည် ရောဂါအချို့ကို ဖြစ်ပွားမှုမှ အဟန့်အတားပြု ကာကွယ်နိုင်စွမ်းရှိကြောင်း သုတေသနမှတ်တမ်းများမှ သိရှိရပါသည်။ အဆိုပါ Anthocyanin သည် ဇီဝအစွမ်းထက် ဒြပ်ပေါင်းတစ်မျိုးဖြစ်၍ အချို့သောအပင်များတွင် တွေ့ရှိရသည့် phytochemical (phyto = plant, Greek word) တစ်မျိုးဖြစ်ပါသည်။
ကန်စွန်းဥများကို အရောင်အမျိုးမျိုး (အဝါ၊ လိမ္မော်၊ အနီ) တွေ့ရှိရပြီး စားသုံးသော ပုံစံများမှာ ရေနွေးငွေ့ပေါင်းခြင်း၊ ပြုတ်ခြင်း၊ မီးဖုတ်ခြင်း၊ ဆီဖြင့်ကြော်ခြင်း၊ အမှုန့် ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။ ဖျော်ရည်၊ အနှစ် (paste)၊ ဝိုင်အဖြစ်လည်း ပြုလုပ်စားသုံးကြပါသည်။ သဘာဝအရောင် (natural dye) အဖြစ်လည်း ပြုလုပ်သုံးစွဲကြပါသည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုမှစပြီး ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့တွင် အဓိကထား၍ ကန်စွန်းဥခရမ်းရောင်မျိုးကို စိုက်ပျိုးကြပါသည်။ ထိုမှတစ်ဆင့် anthocyanin ပိုပါဝင်သော မျိုးကွဲများကို ဖန်တီးပြုလုပ်လာကြပါသည်။
ကန်စွန်းဥဝိုင်ပြုလုပ်ခြင်းနည်းစဉ်တွင်-
၁။ အင်ဇိုင်းသုံးပြီး အရည်အဖြစ်ပြုလုပ်ခြင်း (Liquefaction – by amylase enzyme) and Saccharification by Glucoamylase enzyme)
၂။ ဝိုင်အဖြစ်အချဉ်ဖောက်ပြုလုပ်ခြင်း
ကန်စွန်းဥဝိုင်တွင် ပါဝင်သော အယ်လ်ကိုဟော (၇ မှ ၉ %) ပါဝင်လေ့ရှိပါသည်။ အယ်လ်ကိုဟော (အရက်) ပါဝင်မှုများစေရန် အိမ်သုံးသကြားအဖြူကို ထည့်သွင်း (20 ̊ Brix အထိ ရရှိရန်) ပြီးမှ အချဉ်ဖောက်လေ့ရှိပါသည်။
ဇယား – ၁ ဇီဝဓာတုပါဝင်ဖွဲ့စည်းထားသော ကန်စွန်းဥမှ ပြုလုပ်ထားသည့် ဝိုင်နှင့် ဆေးဖက်ဝင် ဝိုင်ကို ဓာတ်ခွဲလေ့လာခြင်း။
ဆေးဖက်ဝင် ကန်စွန်းဥဝိုင် (Medicated Wine) အဖြစ် အထူးပစ္စည်းအသစ်တစ်မျိုးကို ဆေးဖက်ဝင်အပင်များ (၁၈ မျိုး) မှ ရရှိသောအစိတ်အပိုင်း ဥပမာ – ကြက်သွန်ဖြူ၊ ချင်း၊ ဆီးဖြူသီး၊ ကညွတ်နှင့် အချဉ်ဖောက်ခြင်း မပြုလုပ်မီ ထည့်သွင်းပြီး ဝိုင် အမျိုးအမည်အသစ်ကို သောက်သုံးရန်အတွက် စမ်းသပ်ပြုလုပ်လာကြပါသည်။
ဇယား – ၁ တွင် ဆေးဝါးအာနိသင်နှင့် ဓာတ်တိုးဂုဏ်သတ္တိများကို ဖော်ပြထားပါသည်။
မှတ်ချက် ။ ။ သန့်ဇင်စိုး [2019. Development of Anthocyanin-rich Sweet Potato (Ipomoea batatas L.) Wine] မှ မှီငြမ်းကိုးကားသည်။