ငှက်ပျောသီး၏ အာဟာရနှင့် ကျန်းမာရေး

Dr_1

ငှက်ပျောသီး၏ အာဟာရနှင့် ကျန်းမာရေး

———————————————

            ငှက်ပျောဟာ အရှေ့တောင်အာရှ ဇာတိဖြစ်ပါတယ်။ တောထဲမှာ အရိုင်းပေါက်နေတဲ့ ငှက်ပျောပင်တွေကို လူတွေက မျိုးယူပြီး တစ်ဆင့် တစ်ဆင့် စိုက်ပျိုးရာက ယဉ်အောင်လုပ်ခဲ့တာပါ။ ပါပူဝါ နယူးဂီနီနိုင်ငံမှာ တွေ့ရတဲ့ အထောက်အထားတွေအရ ငှက်ပျောကို လူတွေ စိုက်ပျိုးစားသုံးခဲ့ကြတာဟာ နောက်အကျဆုံး ဘီစီ ၅ဝဝဝ၊ ဒီထက်စောပြီး ဘီ ၈ဝဝဝ လောက်ကပင် ဖြစ်နိုင်တယ်လို့ သိရပါတယ်။

            တစ်ဆယ့်ငါးရာစုနှင့် တစ်ဆယ့်ခြောက်ရာစုတွေမှာ ပေါ်တူဂီတွေဟာ ငှက်ပျောကို သူတို့ ကိုလိုနီပြုထားတဲ့ အတ္တလန္တိတ်သမုဒ္ဒရာထဲက ကျွန်းတွေ၊ ဘရာဇီးနိုင်ငံနှင့် အနောက်အာဖရိကမှာ စတင်စိုက်ပျိုးနေပါပြီ။ အမေရိကန် ပြည်တွင်းစစ်ကြီး ပြီးချိန်မှာ မြောက်အမေရိက တိုက်သားတွေဟာ ငှက်ပျောသီးကို ဈေးကြီးကြီးပေးပြီး စားနေကြရပါပြီ။ ၁၈၈ဝ ပြည့်နှစ်တွေမှာတော့ ငှက်ပျောသီးကို လူအမြောက်အများ စားနိုင်ကြပါပြီ။ ဝိတိုရိယ ဘုရင်မကြီးခေတ်လောက်ထိ ငှက်ပျောသီးဟာ ဥရောပမှာ လူသိမများသေးပါဘူး။ ၁၈၇၂ ခုနှစ်မှာ စာရေးဆရာကြီး Jules Verne က သူရဲ့ နာမည်ကျော် Around the World in Eighty Days ဝတ္ထု ကြီးထဲမှာ ငှက်ပျောသီးအကြောင်းကို အသေးစိတ်ရေးသား ဖော်ပြခဲ့တာဟာ ငှက်ပျောသီးကို အနောက်တိုင်းသားတွေနှင့် မိတ်ဆက်ပေးခဲ့တာပါပဲ။

ဘာသာရေး၊ ဓလေ့ထုံးစံတို့နှင့် နှီးနွယ်၍ အသုံးပြုမှုခြင်း

            မြန်မာတွေဟာ ရတနာသုံးပါးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာတို့ကို ပူဇော်ရာမှာ ဘုရားပွဲ၊ တရားပွဲအဖြစ်လည်းကောင်း၊ မိမိတို့ရိုးရာယုံကြည်တဲ့ နတ်တွေကိုပူဇော်ရာမှာ နတ်ပွဲအဖြစ်လည်းကောင်း၊ ကန်တော့ပွဲပြင်ဆင်တဲ့အခါ ငှက်ပျောသီးကို အဖီးလိုက် ထည့်သွင်း ပြင်ဆင်လေ့ရှိကြပါတယ်။

            ဟိန္နူတွေက ဘာသာရေးနှင့်အခြားအရေးပါတဲ့ ပွဲ လမ်းသဘင်အမျိုးမျိုး၊ ဆင်ယင်ကျင်းပတဲ့အခါ ငှက်ပျောသီး ကျွေးလေ့ရှိပါတယ်။ တမီးလ်လူမျိုးတို့ရဲ့ မင်္ဂလာဆောင် အခမ်းအနားမှာ ကြင်ဖက်သက်လျာ ဇနီးမောင်နှံတို့ တစ်ဦးပေါ်တစ်ဦး ရာသက်ပန် အကျိုးပြုနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ နေအိမ်အဝင် လမ်းတစ်လျှောက် တစ်ဖက်တစ်ချက်မှာ ငှက်ပျောပင်တွေကို တန်းစီစိုက်ထောင်ပြီး ပြင်ဆင်ထားလေ့ရှိပါတယ်။ ငှက်ပျောသီး၊ သရက်သီးနှင့် ပိန္နဲသီးတို့ဟာ အလေးထားအပ်တဲ့ အသီးသုံးမျိုးလို့ မှတ်ယူကြပါတယ်။ ထိုင်းနိုင်ငံမှာ ငှက်ပျောပင်တစ်မျိုးရဲ့ ပင်စည်ကို နူးညံ့ပျော့ပျောင်းတဲ့ အဝတ်စနှင့် ပတ်ထားတဲ့ အလေ့အထ တစ်ခုရှိတယ်လို့ သိရပါတယ်။ ဒီအပင်မျိုးမှာ နေထိုင်ပြီး နုပျိုတဲ့ အမျိုးသမီးအသွင် ကိုယ်ထင်ပြတတ်တဲ့ Nang Tani ဆိုတဲ့နတ်ကို ပူဇော်ခြင်းလို့သိရပါတယ်။ မလေး (Malay) လူမျိုးတွေမှာလည်း Pontianak ဆိုတဲ့ ဝိဥာဉ်ကောင် (Ghost) ဟာ နေ့ခင်းဘက်မှာ ငှက်ပျောပင်တွေမှာ နေတယ်လို့ ယုံကြည်ကြပါသတဲ့။

Dr_4 ငှက်ပျောရွက်

            အရွယ်အစား ကြီးမားကျယ်ပျံ့တဲ့ ငှက်ပျောရွက်ဟာ မုန့်အမျိုးမျိုး၊ စားစရာ အမျိုးမျိုး ထုပ်ပိုးရာမှာ အလွန်အသုံး ဝင်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ ရိုးရာ သရေစာမုန့်တွေဖြစ်တဲ့ ငှက်ပျောသီးမုန့်၊ မုန့်ဖက်ထုပ်စတဲ့ မုန့်မျိုးစုံပြုလုပ်တဲ့အခါ ငှက်ပျောဖက်နှင့်ထုပ်ပြီး ပြုလုပ်ပါတယ်။ မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်တွေကိုလည်း ငှက်ပျောဖက်နဲ့ ထုပ်ပိုးလေ့ရှိခဲ့ပါတယ်။ ငှက်ပျောဖက်က မုန့်တွေရဲ့ အနံ့အရသာ ကို မပျက်စီးစေဘဲ၊ မြေသြဇာပင်ဖြစ်စေပါတယ်။ မေမြို့ပန်း၊ သစ္စာပန်းစတဲ့ ပန်းအမျိုးမျိုး ကိုလည်း ရေဆွတ်ထားတဲ့ ငှက်ပျောရွက်နဲ့ပတ်ပြီး သယ်ဆောင်သိမ်းဆည်းနိုင်ပါတယ်။ အိုးခွက်ပန်းကန် မသုံးဘဲ ငှက်ပျောဖက်ကိုခင်းပြီး ငှက်ပျောဖက်ပေါ်မှာ ထမင်းဟင်းတွေ ပုံပြီးစားရတဲ့ အရသာကို ဟိန္ဒူတို့ရဲ့ ပွဲတွေ အခမ်းအနားတွေ၊ အချို့သော ထမင်းဆိုင်တွေ၊ ပျော်ပွဲစားထွက်တဲ့အခါတွေမှာ ခံစားနိုင်ပါတယ်။

ငှက်ပျောပင် (ငှက်ပျောအူ)

            သစ်ပင်တွေရဲ့ပင်စည်မှာ အနှစ်၊ အကာ၊ အခေါက်၊ အပွေးဆိုပြီးအလွှာ အမျိုးမျိုးရှိပါတယ်။ ငှက်ပျောပင်ရဲ့ ပင်စည်ကတော့ လုံးဝအနှစ်မရှိပါဘူး။ မြတ်စွာဘုရားက ခန္ဓာငါးပါးရဲ့ အချည်းနှီးဖြစ်ပုံကို ဟောကြားရာမှာ ရူပက္ခန္ဓာ ကို ရေမြှုတ်၊ ဝေဒနက္ခန္ဓာကို ရေပွက်၊ သညက္ခန္ဓကို တံလျှပ်၊ သင်္ခါရက္ခန္ဓာကို ငှက်ပျောပင်၊ ဝိညာဏက္ခန္ဓာကို မျက်လှည့်ဆရာလို့ ဥပမာပေးခဲ့ပါတယ်။ ငှက်ပျောသီး၊ ငှက်ပျောဖူး၊ ငှက်ပျောပွင့်တွေကို ကမ္ဘာအရပ်ရပ်မှာ လူမျိုးအသီးသီးက ဘယ်လိုစားသုံးကြတယ်ဆိုတဲ့ အကြောင်းတွေကို စုံလင် အောင် ဖော်ပြထားတဲ့ စွယ်စုံကျမ်းတွေထဲမှာ ငှက်ပျောပင်စည် (ငှက်ပျောအူ)ကို စားစရာအဖြစ် အသုံးပြုတာနဲ့ ပတ်သက်ပြီး တစ်ခုပဲဖော်ပြပါတယ်။ မြန်မာတွေရဲ့ မုန့် ဟင်းခါးဟင်းရည်ပါတဲ့။ တကယ်တော့ မြန်မာနိုင်ငံမှာ အိမ်ထောင်မကျဘဲ အပျိုကြီး၊ လူပျိုကြီးဘဝနှင့် အနိစ္စ ရောက်သွားသူတွေကို သင်္ဂြိုလ်တဲ့အခါ ငှက်ပျောတုံးတစ်တုံး အဖော်ထည့်ပေးလိုက်တဲ့ ဓလေ့ရှိခဲ့တယ်ဆိုတာ သူတို့ မသိကြသေးပါဘူး။

Dr_5ငှက်ပျောသီးမှည့်

            ခုခေတ် ဈေးမှာရောင်းတဲ့ ငှက်ပျောသီးတွေ၊ နိုင်ငံခြားကို တင်ပို့တဲ့ ငှက်ပျောသီးတွေဟာ မမှည့်မီ အသီးစိမ်းကို ခူးထားတာပါ။ ရောင်းချမည့်နေရာ (မြို့၊ နိုင်ငံ) ရောက်မှ အထူးစီစဉ်ထားတဲ့ အခန်းတွေထဲမှာ အမှည့်ခံကြခြင်းဖြစ်ပါတယ်။ အထူးစီစဉ်ထားတဲ့ အခန်းတွေဆိုတာက အက်သလင်း (Ethylene) ဓာတ်ငွေ့လွှတ်ထားတဲ့ လေလုံပိတ်အခန်းတွေကို ပြောတာကို ဆိုင်တွေမှာ ရောင်းချနေတဲ့ ငှက်ပျောသီးမှည့်တွေရဲ့ ဝါဝင်းနေတဲ့ အရောင်ဟာ အဲသလို အက်သလင်းဓာတ်ငွေ့နှင့် အမှည့်ခံထားတာပါ။ ဒီလိုလုပ်ခြင်းဟာ ငှက်ပျောသီးရဲ့ အရသာနှင့် နူးညံ့မှုကိုလည်း ပိုကောင်းစေပါတယ်။ တစ်နေရာက တစ်နေရာသို့ သယ်ယူပို့ဆောင်ရာမှာတော့ ငှက်ပျောသီးတွေကို အပူချိန် ၁၃.၅ ဒီဂရီ စင်တီဂရိတ်နှင့် ၁၅ ဒီဂရီစင်တီဂရိတ် (၅၆.၃ ဒီဂရီဖာရင် ဟိုက်နှင့် ၅၉ ဒီဂရီဖာရင်ဟိုက်) အတွင်းမှာ ရှိနေအောင် အအေးဓာတ်လွှတ်ပြီး သယ်ရပါတယ်။ ဒီထက်အေးလျှင် အသီးရဲ့ ရုပ်ကလာပ်စည်း (cell wall) တွေ ပျက်စီးပြီး၊ ငှက်ပျောသီးဟာ မှည့်မလာတော့ပါဘူး။ ငှက်ပျောသီးကို အိမ်မှာ ရေခဲသေတ္တာထည့်လားလျှင် အပူချိန် ၄ ဒီဂရီ စင်တီဂရိတ်ရောက်တဲ့အခါ အထဲက အသားပျက်မသွားပေမယ့် အခွံတွေမည်းလာပါတယ်။

ငှက်ပျောသီးစိုက်ပျိုးရေးလုပ်ငန်း

            ၂ဝ၁၂ ခုနှစ်အတွင်း ငှက်ပျောစိုက်ပျိုးမှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချမှု အများဆုံးနိုင်ငံတွေကို အောက်မှာ ဇယားနှင့် ဖော်ပြထားပါတယ်။

Dr_8

            တစ်ကမ္ဘာလုံး ငှက်ပျောသီး စိုက်ပျိုးမှုပမာဏ စုစုပေါင်းဟာ တန်ချိန် ၁၃၉.၂ သန်းဖြစ်ပြီး၊ အိန္ဒိယနိုင်ငံက တန်ချိန် ၂၄.၉ သန်းနှင့် ဗိုလ်စွဲပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံး စိုက်ပျိုးမှုရဲ့ ၁၈% ဖြစ်ပါတယ်။ တရုတ်နိုင်ငံက တန်ချိန် ၁ဝ.၆ သန်း (၈%) နှင့် ဒုတိယ၊ ယူဂန်ဒါက တန်ချိန် ၉.၈ သန်း (၇%) နှင့် တတိယဖြစ်ပါတယ်။ ကျန်နိုင်ငံတွေရဲ့ စိုက်ပျိုးမှု ပမာဏတွေကိုလည်း ဇယားမှာ တွေ့နိုင်ပါတယ်။

            အိန္ဒိယအပါအဝင် နိုင်ငံအများအပြားဟာ ငှက်ပျောသီး ကို ပြည်တွင်း စားသုံးမှု အတွက်စိုက်ပျိုးကြတာဖြစ်ပါတယ်။ ဖိလစ်ပိုင်၊ အက်ကွေဒေါစတဲ့ နိုင်ငံတွေကတော့ ပြည်ပကိုလည်း တင်ပို့ရောင်းချကြပါတယ်။ ကော့စတာရီကာနိုင်ငံ ဟာ စိုက်ပျိုးမှုပမာဏ အများဆုံးနိုင်ငံစာရင်း မဝင်ပေမယ့် ပြည်ပကို တန်ချိန် ၁.၈ သန်းတင်ပို့ရောင်းချနိုင်ခဲ့ပါ တယ်။ ဂွါတီမာလာနိုင်ငံကလည်း စိုက်ပျိုးမှုပမာဏအများဆုံး နိုင်ငံစာရင်း မဝင်ပေမယ့် ပြည်ပကို တန်ချိန် ၁.၅ သန်း တင်ပို့နိုင်ခဲ့ပါတယ်။

ငှက်ပျောသီး၏ အာဟာရ

            မြန်မာနိုင်ငံမှာ စားသုံးမှုများတဲ့ ငှက်ပျောသီးအမျိုးမျိုးရဲ့ အာဟာရဓာတ်ပါဝင်မှုကို ကျန်းမာရေးဦးစီးဌာနကထုတ်တဲ့ မြန်မာ့အစားအစာများ၏ အာဟာရဓာတ်တန်ဖိုးများ စာစောင်မှာ ဘေးဖက်ပါဇယားအတိုင်း ဖော်ပြထားပါတယ်။

Dr_9

            ငှက်ပျောသီးအပါအဝင် သစ်သီးတွေမှာ အများဆုံးပါဝင်နေတဲ့ အာဟာရဓာတ်ဟာ ကာဗိုဟိုက်ဒရိတ်ဖြစ်ပါ တယ်။ ဒါပေမဲ့ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေထဲမှာ ဆန်၊ ဂျုံ စတဲ့ ကောက်နှံတွေက ပထမ၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပီလောပီနံ အာလူး စတဲ့ သစ်ဥသစ်ဖုတွေက ဒုတိယဖြစ်ပြီး သစ်သီးဝလံတွေက သူတို့နောက်မှ တတိယသာ လိုက်ပါတယ်။

            ငှက်ပျောသီးမှာ အခြားအသီးတွေ အများစုလိုပဲ အဆီနှင့် ပရိုတင်းမကြွယ်ဝပါဘူး။ ငှက်ပျောသိးမှာ ဗီတာမင် ဘီဆစ် (B6) ထူးထူးခြားခြား ကြွယ်ဝပါတယ်။ တီဘီရောဂါအတွက် အိုင်ဆိုနိုင်ယာဇစ် (Isoniazid) ဆိုတဲ့ဆေးကို သောက်နေရသူတွေကို ဆရာဝန်တွေက ဗီတာမင် ဘီဆစ်တွဲပြီး သောက်စေတာကို လူနာတွေ သိကြပါတယ်။ ဗီတာမင်ဘီဆစ်ဟာ အာရုံကြောတွေကို ကျန်းမာစေပါတယ်။ သွေးအားကောင်းစေတဲ့ အာဟာရဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ နှလုံးသွေးကြောရောဂါဖြစ်တဲ့ လူတွေရဲ့ သွေးထဲမှာ များနေတတ်တဲ့ Homocystine ကို လျော့နည်းသွားစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

            ငှက်ပျောသီးမှာ ဗီတာမင်စီလည်း အသင့်အတင့်ပါပါတယ်။ ဗီတာမင်စီဟာ သွားဖုံးနှင့် အရိုးတွေကို ကြံ့ခိုင်စေတဲ့အပြင် အင်တီအောက်စိဒင့် အာနိသင်လည်း ရှိပါတယ်။ ငှက်ပျောသီးကို မီးဖုတ်လိုက်ရင် ပါနေတဲ့ ဗီတာမင်စီတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင်အေ လည်း အသင့်အတင့်ပါဝင်ပါတယ်။

Dr_6 ကယ်လိုရီများတဲ့ ငှက်ပျောသီး

            ငှက်ပျောသီးဟာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အ တွက် ကယ်လိုရီများတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ၄ လက်မခွဲလောက်ရှိတဲ့ ငှက်ပျောသီးတစ်လုံး (၁၁ဝ-ဂရမ်ခန့်) စားလိုက်ရင် ကယ်လိုရီ ၁ဝဝ လောက်ရပါတယ်။ အသက် ၆ လပြည့်ပြီးတဲ့ ကလေးကို မိခင်နို့အပြင် ဖြည့်စွက်စာကျွေးတဲ့အခါ အသီးအနှံအနေနဲ့ ငှက်ပျောသီး ကျွေးနိုင်ပါတယ်။ ကယ်လိုရီများတဲ့အတွက် ကလေးအာဟာရချို့တဲ့မှုကို ကာကွယ်ပါတယ်။ အရသာချိုပြီး ပျော့ပျောင်းနူးညံ့တဲ့အတွက် ကလေးတွေ နှစ်ခြိုက်ကြပါတယ်။ အာဟာရချို့ တဲ့နေတဲ့ ကလေးတွေကို ဖြည့်စွက်စာ ကျွေးရာမှာ ကျွေးသင့်တဲ့ အသီးမျိုးလည်းဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချင်နေသူ၊ ထိန်းနေသူ လူကြီးတွေအတွက်တော့ ပမာဏအားဖြင့် ဆင်ဆင်ခြင်ခြင် စားသုံးသင့်တဲ့ အသီးမျိုးဖြစ်ပါတယ်။

            ငှက်ပျောသီးမှာပါတဲ့ ဂလူးကို့စ် (Glucose) နှင့် ဖရပ်တို့စ် (Fructose) သကြားတွေဟာ သွေးထဲ မြန်မြန်ရောက်ပြီး အင်အားကို ဖြစ်စေတာမို့ ပင်ပင်ပန်းပန်း လှုပ်ရှားကစားပြီးတဲ့နောက်မှာ မြန်မြန်အားပြန်ဖြည့်ဖို့ အားကစားသမားတွေ စားသုံးကြတဲ့အသီးလည်း ဖြစ်ပါတယ်။

ပိုတက်စီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီး

            ပိုတက်စီယမ်ဟာ လူရဲ့ ခန္ဓာကိုယ်ထဲမှာ အရေးကြီးတဲ့ ဇီဝလုပ်ငန်းအများအပြားကို ဆောင်ရွက်ပါတယ်။ ဆား (ဆိုဒီယမ်) စားသုံးမှုကြောင့် တက်လာနိုင်တဲ့ သွေးပေါင်ချိန် ကို ပိုတက်စီယမ်က ထိန်းနိုင်စွမ်းရှိတယ်ဆိုတာ သုတေသန အများအပြားမှာ တွေ့ရှိထားပါတယ်။ ဆီးသွားတဲ့ပမာဏကို များစေတဲ့ဆေး (အဖောကျဆေး) တွေ မှီဝဲနေရသူတွေဟာ ဆီးကနေ ပိုက်တက်စီယမ်တွေ ဆုံးရှုံးပြီး၊ သွေးထဲမှာ ပိုတက်စီယမ် နည်းသွားတတ်ပါတယ်။ သွေးထဲမှာ ပိုတက်စီယမ် နည်းလွန်းခြင်းဟာ အသက်အန္တရာယ် နှင့် နီးပါတယ်။ သွေးထဲမှာ ပိုတက်စီယမ် နည်းမသွားအောင် ကာကွယ်ဖို့၊ သဘာဝအကျဆုံး နည်းက ပိုတက်စီယမ်ကြွယ်ဝတဲ့ သစ်သီးတွေ စားသုံးခြင်းဖြစ်ပါတယ်။ ငှက်ပျောသီးဟာ ပိုတက်စီယမ်ကြွယ်ဝတဲ့ အသီးဖြစ်ပါတယ်။ ငှက်ပျောသီး တစ်နေ့ တစ်လုံး မှန်မှန်စားသူဟာ ပိုတက်စီယမ် အလုံအလောက်ရဖို့ စိတ်ချရပြီလို့ပင် ပညာရှင်အချို့က ပြောကြပါတယ်။

            ငှက်ပျောသီး အရွယ်လတ်တစ်လုံး (၁ဝဝ) ဂရမ်မှာ အစာမျှင် ၇ ဂရမ်လောက် ပါပါတယ်။ ဗီတာမင်စီ၊ အစာမျှင် တို့ကြောင့် ငှက်ပျောသီး မှန်မှန်စားသုံးခြင်းဟာ ဝမ်းကို မှန်စေပါတယ်။

            ငှက်ပျောသီးမှာ အာဟာရဓာတ်တွေအပြင် ကျန်းမာရေးကို အကျိုးပြုတဲ့ Lutein, Zea-xanthin နှင့် acarotenes စတဲ့ ကျန်းမာရေးကို အကျိုးပြုတဲ့ ဓာတ်ပေါင်းတွေလည်း ပါဝင်နေပါသေးတယ်။ ပမာဏအားဖြင့်တော့ မများလှပါဘူး။ Lutein ဟာ သက်ကြီးရွယ်အိုဘဝမှာ မျက်စိကွယ်စေတဲ့ Macular degeneration ဆိုတဲ့ ရောဂါကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။

ငှက်ပျောသီးနှင့် ဆီးချိုသွေးချို

            ကစီ၊ သကြားဆိုတဲ့ ကာဗိုဟိုက်ဒရိတ်တွေဟာ သွေးချိုတက်စေနိုင်ပါတယ်။ ယေဘုယျပြောမယ်ဆိုရင် ဆီးချို ဝေဒနာရှင်တွေအနေနဲ့ သစ်သီးဝလံတွေကို ထမင်း၊ ကောက်ညှင်း၊ ဂျုံ၊ အာလူးစတာတွေလောက် ကြောက်စရာမလိုပါဘူး။ ဒါပေမဲ့ သစ်သီးဝလံတွေထဲမှာ ငှက်ပျောသီးက အခြားအသီးတွေထက် ပိုပြီး ကာဗိုဟိုက်ဒရိတ် ကြွယ်ဝပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ဆီးချိုသွေးချို ဝေဒနာရှင်တွေအနေနဲ့ ပမာဏအားဖြင့် ချင့်ချိန်စားသုံးရမည့် အသီးမျိုးဖြစ်ပါတယ်။ လုံးဝမစားသင့်ဘူးလို့ မဆိုလိုပါဘူး။ ဆီးချိုဝေဒနာရှင်တစ်ယောက်ဟာ ထမင်းကို အတိုင်းအဆနှင့်စားသလို ငှက်ပျောသီးကိုလည်း အတိုင်းအဆနှင့် စားရမယ်။ ၄ လက်မခွဲလောက်ရှိတဲ့ ငှက်ပျောသီးတစ်လုံး (၁၁ဝ-ဂရမ်) စားလိုက်ရင် ထမင်း ၆ ဇွန်း စားလိုက်တာနဲ့ အတူတူပဲ၊ ကာဗိုဟိုက်ဒရိတ် နှစ်ခါစား (two sering) စားလိုက်ပြီလို့ တွက်ပြီး စားသင့်ပါတယ်။ ငှက်ပျောသီး အမျိုးအစားတွေများသလို သွေးချိုတက်အမြန်နှုန်းဟာလည်း ကွဲပြားပါတယ်။ ဂလူးကို့စ်သကြားရဲ့ သွေးချိုတက် အမြန်နှုန်း ၁ဝဝ ဆိုရင် ငှက်ပျောသီးရဲ့ သွေးချိုတက်အမြန်နှုန်းဟာ ၅၂ မှ ၇ဝ (Glycemic index 52-70) ထိ ရှိပါတယ်။

♦   ဒေါက်တာလှကြည်    ♦

Facebook Comments