စပါးလင် (ဆေးဖက်ဝင်သည့် ဟင်းခတ်အမွှေးအကြိုင်)

by ဇွန်ပန်းပွင့် for Food Magazine

အနံ့သင်းသင်းလေးမွှေးတဲ့ စပါးလင်ဟာ သီရိလင်္ကာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသရဲ့ မျိုးရင်းအပင်တစ်မျိုးဖြစ်ပါတယ်။ ယခုအခါမှာတော့ အမေရိကန်နိုင်ငံနဲ့ အာရှတိုက်ရဲ့ အပူပိုင်းဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနေကြပါပြီ။ ဘရာဇီးနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများမှာ ရာစုနှစ်ပေါင်းများစွာကတည်းက စိတ်ပူပန်ကြောင့်ကျမှုတွေကို ကုစားဖို့အတွက် ရိုးရာဆေးဖက်ဝင် သောက်ဖွယ်တစ်မျိုးဖြစ်တဲ့ Abafado ကို နေ့စဉ် အခွက်ပေါင်းများစွာ သောက်သုံးကြပါတယ်။

စပါးလင်ကို ထုပြီး ရေနွေးပွက်ပွက်ဆူထဲမှာ ၁၅ မိနစ်ခန့် ထည့်စိမ်ထားလိုက်ပါ။ စပါးလင်ပြုတ်ရည်ကို ဖန်ခွက်ထဲထည့်ပြီး လတ်လတ်ဆတ်ဆတ် စိတ်ထားတဲ့ ချင်းနဲ့ အုန်းသကြားမှုန့်ကို ထည့်လိုက်ပါ။ အနံ့လေးမွှေးနေတဲ့ စပါးလင်ပြုတ်ရည်ဟာ ပျံ့လွင့်နေတဲ့အတွေးတွေကို စုစည်းပေးပါလိမ့်မယ်။ ဦးနှောက်ကလုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို ပြန်လည်စုစည်းပေးပါလိမ့်မယ်။

မြေအောက်ပင်စည်ဖုကနေ ပေါက်လာတဲ့ ဝါစိမ်းရောင်အရွက်ရှိတဲ့ နှစ်ရှည်ပင် မြက်မျိုးနွယ်ဝင် စပါးလင်ဟာ အပူပိုင်းဒေသနဲ့ စွတ်စိုတဲ့အရပ်ဒေသတွေမှာ အလွယ်တကူ ပေါက်လေ့ရှိသလို ဩစတြေးလျကနေ အမေရိက၊ ပစိဖိတ်ကျွန်းစုတွေကနေ ကာရစ်ဘီယံဒေသတစ်လျှောက်မှာလည်း ပေါက်ရောက်လေ့ရှိပါတယ်။ အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းက Cornwall နိုင်ငံမှာဆိုရင် စပါးလင်ကို ပန်းအိုးတွေထဲမှာ ထည့်စိုက်ကြတာ ဖြစ်ထွန်းခဲ့ပါတယ်။

စပါးလင်ရဲ့ ကျန်းမာရေးအကျိုးပြုပုံတွေကတော့ မရေတွက်နိုင်အောင် များပြားလှပါတယ်။ ထိုင်းရိုးရာဆေးဖော်စပ်ရာမှာ စပါးလင်ကို အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေနဲ့ ဖျားနာတာသက်သာဖို့နဲ့ သွေးလှည့်ပတ်မှုကောင်းမွန်အောင် ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။ တချို့ထုံးတမ်းဓလေ့တွေမှာတော့ စပါးလင်ကို အနာသက်သာရာမှာ အသုံး ပြုတဲ့ အန်နာဂျက်ဆစ်၊ မှိုသတ်ဆေးနဲ့ ပိုးသတ်ဆေးဝါးအဖြစ်လည်း အသုံးပြုကြပါတယ်။ အဖျားကျချင်ရင် စပါးလင်ပြုတ်ရည်ကို ၄ နာရီခြားတစ်ခါ သောက်သင့်တယ်လို့လည်း ဆိုကြပါတယ်။ စပါးလင်ထဲမှာပါတဲ့ ဓာတုဓာတ်ပေါင်းတစ်မျိုးက ကိုလက်စထရော စုပ်ယူမှုကို ထိရောက်စွာ ဟန့်တားပေးပါတယ်။

အနံ့ဖျော့ဖျော့ရှိတဲ့ စပါးလင်ဟင်းခတ်အမွှေးအကြိုင်ဟာ သားငါး၊ အသီးအရွက်ပြုတ်ရည်တို့နဲ့လည်း လိုက်ဖက်ပါတယ်။ လက်ဖက်ရည်နဲ့ မဆလာဟင်းတွေမှာလည်း စပါးလင်ကို အသုံးပြုကြပါတယ်။ ကြက်သား၊ ဘဲသား၊ပင်လယ်စာ၊ ငါးတွေကို မညှီအောင် စပါးလင်ထည့်ချက်ကြသလို ထိုင်းနဲ့ ဗီယက်နမ် ဟင်းလျာတွေမှာလည်း စပါးလင်ကို မပါမဖြစ် ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲကြပါတယ်။ စပါးလင်ခြောက် နဲ့ စပါးလင်ကို တာရှည်ခံအောင် တစ်ခုခုစီမံထားတာမျိုးတွေ ရနိုင်ပေမယ့် ဖြစ်နိုင်ရင် ဈေးထဲက လတ်လတ်ဆတ်ဆတ် စပါးလင်ကိုပဲ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။ ဒါမှမဟုတ်လည်း အပင်လိုက်ဝယ်ပြီး အိုးထဲထည့်စိုက်ထားရင် အိမ်က ဥယျာဉ်လေးနဲ့ လသာဆောင်လေးကို အပူပိုင်းဒေသရဲ့ ရနံ့လေးပေးစွမ်းနေမှာ အမှန်ပါပဲ။

စပါးလင်ကို ဈေးထဲမှာ အစည်းလိုက်ရောင်းလေ့ရှိပါတယ်။ ရင့်မာတာလေးရွေးပြီး ပိုနေမယ်ဆိုရင်လည်း ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားလို့ရပါတယ်။ အအေးခံမယ်ဆိုရင်တော့ ဇစ်ပါတဲ့ ပလတ်စတစ်အိတ်ထဲထည့်ပြီး လေလုံအောင်ပိတ်ပြီးမှ ရေခဲသေတ္တာထဲ ထည့်ရပါမယ်။ ဟင်းရည်ထဲထည့်ချက်မယ်ဆိုရင်တော့ စပါးလင်ရဲ့ ပင်စည်ဖုကို နုပ်နုပ်စဉ်း၊ ဒါမှမဟုတ်လည်း အဆီအနှစ်ထွက်လာတဲ့အထိ ထုထောင်းပြီးမှ ထည့်ရပါမယ်။ ကရဝေးရွက်လိုပဲ စပါးလင်ကို နုပ်နုပ်မစဉ်းခဲ့ရင်တော့ မသုံးဆောင်ခင်မှာ ရိုးတံကို ဖယ်လိုက်ရမှာဖြစ်ပါတယ်။

ဇွန်ပန်းပွင့်

Facebook Comments