စွဲမက်ဖွယ်ရာ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ပဲနံ့သာစေ့

by နှင်းဦးဝေ for Food Magazine

          စွယ်စုံအသုံးပြုနိုင်သည့် ပဲနံ့သာပင်သည် အမြင့် ၆၀ စင်တီမီတာ (၂ ပေ) ခန့် မြင့်ပြီး ၄င်း၏ အစိမ်းဖျော့ဖျော့အရွက်များသည် ပဲရိုင်းပင်အရွက်နှင့် ဆင်တူသည်။ ပဲနံ့သာပင်ရှိ အဖြူပွင့်လေးများအား အစိမ်းလိုက် လတ်လတ်ဆတ်ဆတ် သုပ်စားနိုင်ပြီး အပွင့် ခြောက်ကိုလည်း စွပ်ပြုတ်၊ အသားစတူးနှင့် ဟင်းအနှစ်များတွင် ထည့်သွင်းစားသုံးနိုင်သည်။ ကိုင်းမှဖြာထွက်နေသော ရှည်လျားသေးသွယ်ပြီး ပြားချပ်သည့် အသီးတစ်တောင့်တွင် မာကျောပြီး ရွှေအိုရောင်ရှိသော အစေ့ပေါင်း ၁၀ စေ့မှ ၂၀ အထိ ပါဝင်သည်။ လတ်ဆတ်သောအစေ့မှာ အနံ့စူးရှပြီး တူးနေသည့် တရုတ်နံနံကဲ့သို့ ခါးသက်သည့် အရသာရှိသည်။ မီးအနည်းငယ်သာ ပြမည်ဆိုပါက မေပယ်သကြားရည်အနံ့ကဲ့သို့ ချိုမွှေးလှသည်။ အစေ့ကို မီးအေးအေးနှင့် သေချာကင်ရသည်။ မီးဖိုပေါ် အချိန်ကြာမြင့်စွာ ထားမိပါက စား၍ပင် မရနိုင်တော့အောင် အလွန်ခါးသွားတတ်သည်။ ပဲနံ့သာစေ့ကို ပုံမှန်အားဖြင့် ဆော့စ်၊ ချတ္တနီး၊ အသီးအရွက်သနပ်၊ ကြာမြင့်စွာ ချက်ထားသည့် အသား စတူး၊ naan ပေါင်မုန့်တို့ အပါအဝင် ဂျုံနှင့်ပြုလုပ်သော အစားအစာများတွင် အသုံးပြုသကဲ့သို့ ပဲနံ့သာမှုန့်နှင့် နှပ်ထားသည့် သစ်တော်သီးအချိုပွဲတွင်လည်း ထည့်သွင်း အသုံးပြုနိုင်သည်။

          ပဲနံ့သာမှုန့်ကို လိုက်ရှာပါက ကုန်စုံဆိုင်နှင့် အွန်လိုင်းပေါ်တွင် menthi ဆိုသည့် အမည်နှင့် တွေ့ရတတ်သည်။ ပဲနံ့သာစေ့များကို အေးမြခြောက်သွေ့သော နေရာတွင် လေလုံသည့် ဖန်ခွက်များဖြင့် သိုလှောင်ထားလျှင် တာရှည်အထားခံသည်။ အမှုန့်ဖြစ်စေ၊ အနှစ်ဖြစ်စေ ရေခဲသေတ္တာထဲတွင် လေလုံသောအိတ်များဖြင့် ထုပ်ပိုးသိမ်းဆည်း ထားသင့်သည်။

          ယခင်က ပဲနံ့သာဆိုသည့် နာမည်ကို မကြားဖူးခဲ့ရင်လည်း ၄င်း၏အရသာကိုမူ ဟင်းလျာတစ်မျိုးမျိုးတွင် မြည်းစမ်းခဲ့ဖူးကြပါလိမ့်မည်။ နယူးဂျာဇီစက်ရုံမှ ထုတ်လုပ်သော ပဲနံ့သာမှုန့်ကို သစ်ခွရည်၊ မေပယ်သကြားရည်နှင့် တော်ဖီသကြားရည်တို့တွင် ရသာမှုန့်အဖြစ် ထည့်သွင်းအသုံးပြုကြသည်။

          သစ်ကြံပိုးခေါက်ကဲ့သို့ ပဲနံ့သာစေ့၏ ရနံ့သည် ချိုမွှေးလှသည်။ ဆီးချိုရောဂါသမား များအတွက် စိုးရိမ်ရသည့် သွေးတွင်းသကြားဓာတ်များခြင်းကို လျှော့ချပေးနိုင်စွမ်းရှိသည်။ ပဲနံ့သာစေ့ကို ရေထဲတွင် နူးပွလာသည်အထိ စိမ်ထားပြီး အစာကြေဆေးအဖြစ် အသုံးပြုနိုင်သည်။ ထို့ပြင် အမျိုးသားများအတွက် အိမ်ထောင်ရေးသုခ ပေးစွမ်းနိုင်ပြီး အမျိုးသမီးများ ရင်သားဖွံ့ ဖြိုးစေရန်နှင့် ကာမအားတိုးဆေးများအဖြစ်လည်း ပဲနံ့သာစေ့ ကို အသုံးပြုမှုများရှိခဲ့သည်။ ၄င်းကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးဓမ္မတာနှင့် သက်ဆိုင်သော ဟော်မုန်းများတွင် တွေ့ရသည့်ဓာတ်သတ္တိမျိုး ပဲနံ့သာစေ့တွင် ပါဝင်ကြောင်း သိနိုင်သည်။ ကျွဲချိုထက် ပို၍အစွမ်းထက်သည်။

          ပဲနံ့သာပင်ကို ဆေးဖက်ဝင်အပင်တစ်မျိုးအဖြစ် ဟိုးယခင်ကတည်းက စိုက်ပျိုး၍ အသုံးပြုခဲ့ကြသည်ဟု ဘီစီ ၁၅၀ဝ ဝန်းကျင်ရှိ အီဂျစ်ကျူစက္ကူအရေးအသားများတွင် တွေ့ရသည်။ ဥရောပတောင်ပိုင်းနှင့် အာရှတို့တွင် အလေ့ကျပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး မြောက်အမေရိက၊ တောင်အမေရိကနှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် စိုက်ပျိုးကြသည်။

Facebook Comments