ဇီရာ (ကမ္ဘာသုံး ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး)

by နှင်းဝေဦး for Food Magazine

          အခွံမာသီးနှင့်တူပြီး အားလုံးနှင့်ရင်းနှီးပြီးသား အနံ့တစ်မျိုးရှိ ဇီရာဟင်းခတ်အမွှေးအကြိုင်ကို အိန္ဒိယမှ မက္ကဆီကို၊ ထိုင်းမှ အရှေ့အလယ်ပိုင်း၊ အာဖရိကမှ ဂျာမနီ၊ မြေထဲ ပင်လယ်ဒေသ Cajuns နှင့် ပေါ်တူဂီ စသည့် ကမ္ဘာအနှံ့ရှိ ဟင်းလျာများနှင့် ချက်ပြုတ်နည်းများတွင် အသုံးပြုကြသည်။ အထူးသဖြင့် Ras-el-hanout ဟု လူသိများသည့် မြောက်အာဖရိက ဟင်းချက်နည်းများတွင် သုံးသော ဟင်းခတ်အမွှေးအကြိုင်အရော၊ Caribbean Colombo powder မက်ဒရက်စ်ဟင်းခတ်မှုန့်၊ မဆလာမှုန့်၊ အိန္ဒိယ ဟင်းခတ်မှုန့် (Baharat)၊ မက္ကဆီကိုငရုတ်မှုန့်နှင့် dukkah ဟင်းခတ်မှုန့်တို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။

          ကြိတ်ရလွယ်သော ဟင်းခတ်အမွှေးအကြိုင်စေ့တစ်မျိုးဖြစ်ပြီး အစေ့တစ်စေ့လုံးကို ကြိတ်၍ရသည်။ ဒယ်အိုးထဲ ထည့်၍ တော်သင့်ရုံကင်ပြီး အေးသွားသည့်အခါတွင် အစေ့များကို အလွယ်တကူ ကြိတ်နိုင်သည်။

          ခြောက်သွေ့ပြီး အစေ့သဏ္ဌာန်ရှိ ဤဇီရာစေ့တစ်မျိုးသည် မည်သည့်အရပ်မှစတင်၍ ပေါ်ပေါက်လာသည်ကို သမိုင်းပညာရှင်များပင် ရေရေရာရာ မသိကြသေးပါ။ တရုတ်နံနံ မျိုးနွယ်ဝင် စမြိတ်အစေ့၊ ကရဝေးတို့နှင့်ဆင်တူသော ဇီရာပင်သည် ခြောက်သွေ့ပြီး ရေကြီးသည့် ဒဏ်ကို ခံနိုင်ရည်ရှိသော တစ်နှစ်ခံပင် အမျိုးအစားဖြစ်သည်။ အစေ့မှ အပင်ပေါက်သော ဇီရာပင်မျိုးကို မက္ကဆီကို၊ အိန္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့မှ စပိန်၊ အီတလီနှင့် အာဖရိကနိုင်ငံများအထိ ဆောင်းတွင်းကာလများတွင် စိုက်ပျိုးကြပြီး အနား ၈ ခုပါ လှိုင်းတွန့်သဏ္ဌာန်ရှိ ကာကီရောင် ဇီရာစေ့များကို နွေရာသီတွင် ခူးဆွတ်ကြသည်။ ခူးဆွတ်ပြီး ဇီရာစေ့ကို အဝတ်တစ်ခုပေါ်တွင် ဖြန့်ကျဲ၍ တုတ်နှင့်ရိုက်လျှင် အရောင်မွဲခြောက်မှုများ ကင်းဝေးစေပြီး အစေ့ကို မီးကင်၍ လတ်လတ်ဆတ်ဆတ် ကြိတ်ပါက သင်းပျံ့သောရနံ့ကို ထုတ်ပေးနိုင်သည်ဟု သမ္မာကျမ်းစာ (အိုင်ဇိုင်ယာ ၂၈-၂၇) တွင် ဖော်ပြထားသည်။

          ဇီရာစေ့သည် အစောပိုင်း ရောမနှင့် အရှေ့အလယ်ပိုင်းဒေသ ဟင်းလျာတို့တွင် အရေးပါသည့် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်ခဲ့သည်ဟု ရှေးမှတ်တမ်းမှတ်ရာများတွင် တွေ့ရသည်။ အစာအဆိပ်သင့်မှုဖြစ်စေသော ဗက်တီးရီးယားပိုးများ တိုက်ဖျက်ရာ၌လည်းကောင်း၊ လည်ချောင်းနာနှင့် အစာခြေအင်္ဂါအစိတ်အပိုင်းများအတွက် အနာအုံဆေးကဲ့သို့လည်းကောင်း၊ အထူးသဖြင့် ဆီးချိုရောဂါသည်များအတွက် စိတ်ဖိစီးမှုနှင့် သွေးတွင်းသကြားဓာတ်များမှုတို့ကို လျှော့ချပေးသော အကူပစ္စည်းအဖြစ်လည်းကောင်း ဇီရာကို ရိုးရာတိုင်းရင်းဆေးတစ်မျိုးအနေဖြင့် သုံးစွဲခဲ့ကြသည်။ Phyto-estrogen အမည်ရှိ ဟော်မုန်းဓာတ်နှင့် ဟော်မုန်းအစားထိုး ကုထုံးများတွင် ကြွယ်ဝစွာ ပါဝင်သော ဇီရာဆီ (cuminaldehyde) ကို လေ့လာမှုများ ဆက်လုပ်နေဆဲဖြစ်ပြီး ၄င်းတွင် ပါဝင်သော အရိုးပွခြင်းကို တားဆီးပေးသည့် ဓာတ်တစ်ခုကို စမ်းသပ်မှုများ ပြုလုပ်နေကြသည်။

Facebook Comments