
by Syi Lwin for Food Magazine
ပြည်ပနိုင်ငံများမှာ Cook Jobs, Chef Jobs, Cooking Demo Show, Foodstylist Job များ သွားရောက်လုပ်ကိုင်ခဲ့ဖူးပေမယ့် ယခုခရီးစဉ်ကတော့ စည့်အတွက် အသစ်အဆန်းတစ်ခုအပြင် ပိုပြီး အမြင်ကျယ်စေတဲ့ တန်ဖိုးရှိပြီး ပျော်ရွှင်ခဲ့ရသော အမေရိကခရီးစဉ် ဖြစ်ခဲ့ရပါတယ်။ D-Day မတိုင်ခင် အချစ်ကလေးများနှင့် ၆ ရက် (Six Days)၊ D-Day ဆိုသည်မှာ မူလသင်တန်းအစီအစဉ် စတင်မယ့်ရက်ကို ဆိုလိုပါတယ်။ ရည်မှန်းတာတော့ ကြာပါပြီ။ မိသားစုတွေဆီ အလည်တစ်ခေါက်သွားမယ်လို့။ အခုတော့ တစ် ချက်ခုတ်၊ နှစ်ချက်ပြတ် ဆိုသလို Chef တစ်ဦးအနေဖြင့် ဒီခရီးစဉ်လေး စဖြစ်ခဲ့တယ်။ ခရီးနှင်ဖို့အရေး အပြေးအလွှားနဲ့ မေလ၂၉ ရက်မှာ ခရီးသွားခွင့် ဗီဇာရပြီးနောက် ၃၀ ရက် နှင့် ၃၁ ရက်တို့မှာ Sule Shangri-La Hotel မှာ Hitachi Cooking Demo Show ပြင်ဆင်လုပ်ပေးခဲ့ရတယ်။ အဲဒီနောက် ဇွန်လ ၂ ရက်နေ့မှာ Qatar လေကြောင်းဖြင့် Bangkok, Doha မှတစ်ဆင့် ထွက်ခွာခဲ့ပြီး Dallas, USA ကို ဇွန်လ ၃ ရက်နေ့ ညနေပိုင်းလောက်မှာ ရောက်ခဲ့တယ်။ မိသားစုတွေက လေဆိပ်မှာကြိုနေပြီး Dallas, Taxes လေဆိပ်မှ Lawton, Oklahoma နေအိမ်သို့ ကားဖြင့် ဆက်လက်ထွက်ခွာခဲ့ရာမှ ညပိုင်းမှာ ရောက်ရှိခဲ့တယ်။ စည် မျှော်မှန်းခဲ့တဲ့ အမေရိကန်နိုင်ငံမှာနေကြတဲ့ အမေ၊ ညီမနှင့် တူ၊ တူမများကို တွေ့ဆုံခွင့်ရခဲ့တယ်။ တူလေးဆိုရင် မြန်မာနိုင်ငံလာလည်တုန်းက တစ်ခါတွေ့ဖြစ်တာ၊ မတွေ့ရတာ ကြာပေါ့။ တူမလေးဆိုရင် မွေးကတည်းက မတွေ့ရတာ။ အခုတော့ အချစ်ကလေးများနှင့် ၆ ရက်အတူနေခဲ့ပြီး ပျော်ခဲ့ရတာပါ။ မိသားစုနဲ့ အတူချက်တယ်၊ စားတယ်၊ သွားတယ်၊ လည်တယ်၊ ဈေးဝယ်တယ်။ မလုံလောက်တဲ့ အချိန်လေးအတွင်းမှာ မရမက ပျော်ခဲ့ရတာပါ။ တူ၊ တူမတွေနဲ့ Oklahoma, Lawton မှာ စည့်ရဲ့ ညီမဖြစ်သူ လိုက်ပို့ခဲ့တဲ့ နေရာတွေ အစုံရောက်ရှိခဲ့ပါတယ်။ အမေရိကန်မှာ အဖြူရောင်ကြက်ဥကို အသုံးများကြပြီး လတ်လတ်ဆတ်ဆတ် အလုံးကြီးပြီး ၅ ငါးလုံး မွှေကြော်ဆိုရင် မိသားစု ၅-၆ ယောက်လောက် ကောင်းကောင်းစားလို့ရပါတယ်။ စည့်ရဲ့ ညီမ လိုက်ပို့လို့ အမေရိကန်စစ်တပ်ထဲက ဈေးဆိုင်တွေ၊ X-Change ဆိုတဲ့ အကြီးဆုံး ဈေးဆိုင်ကိုလည်း ရောက်ခဲ့ပါတယ်။ အိမ်သုံးပစ္စည်းတွေ၊ အစားအစာတွေမျိုးစုံကိုလည်း ပုံစံအမျိုးမျိုးနဲ့ တစ်ခုချင်းစီဖြစ်စေ၊ ၁၂ ခု (တစ်ပါကင်) ဖြစ်စေ ဝယ်ယူလို့ရပါတယ်။ မြန်မာနိုင်ငံမှာ မရောက်သေးတဲ့ စည့်အကြိုက်ဆုံး Taco Bell Stake Taco ပဲ အများဆုံး စားဖြစ်ပါတယ်။ Taco Bell က ပေးတဲ့ Sauce ထုပ်လေးတွေကို စာတိုလေးတွေ ရေးထားတာက စိတ်ဝင်စားစရာပါ။ ချစ်ဖို့အရမ်းကောင်းပြီး အချဉ်ထုပ်က စာတိုလေးဖတ်ပြီး စားသုံးသူတွေကို တစ်နေ့တာ အပျော်တွေရစေခဲ့ပါတယ်။ မြန်မာပြည်မပြန်မချင်း Taco Bell ပဲ စားဖို့ စိတ်ကူးလိုက်ပေမယ့် စည့်ရဲ့ ညီမလိုက်ပို့တဲ့ IHOP စားသောက်ဆိုင်ကိုရောက်တော့ အရမ်းပျော်သွားမိတယ်။ နတ်ပြည်ကိုများ ရောက်သွားလားပေါ့နော်။ စည် သိပ်ကြိုက်တဲ့ World Famous Pancake ကို သကာရည်မျိုးစုံဖြစ်တဲ့ ဘလူးဘယ်ရီ သကာရည်၊ စတော်ဘယ်ရီ သကာရည်၊ သစ်ကြံပိုးသကာရည်၊ ရိုးရိုးသကာရည်နှင့် စားသုံးတာမျိုးရှိသလို Pancake ကို ဝက်သားပြား၊ အသားချောင်း၊ အသားပြား၊ အသီးအနှံများ၊ ချောကလက် စသည့် အရသာများနှင့်လည်း ရရှိနိုင်ပါတယ်။ အဲဒီ IHOP မှာ Big Bold Omelettes, French Toast တွေလည်း ရရှိနိုင်ပါတယ်။ စည်တို့ကတော့ Pancake Breakfast Sampler တစ်ပွဲ၊ Spanish & Mushroom Omelette တစ်ပွဲ၊ Berry Crepe with Ice Cream တစ်ပွဲမှာပြီး ကော်ဖီကတော့ မသောက်နိုင်မှ အဆုံး Flavor မျိုးစုံနဲ့ တောင်းသလောက် လာဖြည့်ပေးပါတယ်။ IHOP က အစားအစာတွေကတော့ အရသာက တကယ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စားပြီးရင်းစားချင်ပြီး ရိုးအီမသွားစေတာ အမှန်ပါ။ မနက်ပိုင်း IHOP မှာ စားပြီး ဘာမှထပ်မစားနိုင်တော့ဘူးထင်ပေမယ့် ညစာကျတော့ တစ်မျိုးမရိုးနိုင်အောင် အမေရိကမှာလည်း နာမည်ကြီးတဲ့ Chill ဆိုင်မှ နာမည်ကြီး Steak Set, Combo Mix, Taco with Home Made Sauce, Chocolate Lava Cake with Ice Cream တွေ မှာပြီး စားဖြစ်ခဲ့ပြန်တယ်။ ဝိတ်တက်မှာလည်း တွေးပြီး စိတ်ပူမနေ တော့ပါဘူး။ အားရပါးရ တူ၊ တူမတွေနဲ့အပြိုင် လုပြီး စားပစ်လိုက်တော့တယ်။ နောက်တစ်နေ့တော့ စည်တို့ ညီအစ်မနှစ်ယောက်တည်း ၃ နာရီလောက် မောင်းရတဲ့ တက်ဆက်မြို့ကို သွားရောက် ဖြစ်ခဲ့ကြပါတယ်။ ကားလမ်းနံဘေးက အိမ်တွေ၊ ရှုခင်းတွေက အရမ်းသာယာ အေးချမ်းပြီး နေချင်စရာပါ။ လူတွေကလည်း တစ်မြို့နဲ့တစ်မြို့ မတူကြပါဘူး။ ကူညီရိုင်းပင်းမှုရှိပြီး သဘောကောင်းကြပါတယ်။ သွားလေရာနေရာတိုင်းမှာ အပြုံးတွေနဲ့ နှုတ်ဆက်ကြတယ်။ကြိုဆိုကြတယ်။ သူတို့နိုင်ငံရဲ့ ရိုးရာပေါ့နော်။ အမေရိကန်နိုင်ငံမှာ နာမည်ကြီးတဲ့ Buffalo Wild Wings မှ Signature Spicy Chicken Wings, Cheese Stick, Wild Shrimp Fried တွေကို တစ်ဝကြီး စားသုံးခဲ့ပါသေးတယ်။ နှစ်ပေါင်းများစွာ မပြောင်းလဲတဲ့ အရသာ ကြောင့် နာမည်ကြီးခဲ့တဲ့ ကြက်တောင်ပံကြော်ကတော့ စည့်အကြိုက် ဖြစ်ခဲ့ပေမယ့် တစ်ပွဲတစ်ပွဲက လူ ၂-၃ ယောက်လောက် စားလို့ရလောက်တဲ့ ပွဲကြီးတွေပါ။ သူတို့ နိုင်ငံမှာတော့ တစ်ယောက်စာစားတဲ့ ပွဲဖြစ်ပါတယ်။ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတွေ ဆိုင်ကို ပတ်လိုက်တာ တစ်နေကုန် တစ်နေခန်းပါပဲ။ မုန့်ဝယ်စားလိုက်၊ အအေးဝယ် သောက်လိုက်၊ ပြီးတော့ ဈေးပတ်လိုက်နဲ့ ဟုတ်နေတာပဲ။ ည ၈ နာရီ၊ ၉ နာရီနဲ့ နေမဝင် သေးတော့ စောစောပဲ ရှိသေးတယ်လို့ထင်ပြီး နေမဝင်မချင်း၊ ဆိုင်မပိတ်မချင်း၊ လျှောက်ပတ်တာ ည ၁၁ နာရီကျော်မှ အိမ်ပြန်ရောက်ကြပါတယ်။ ၆ ရက်ဆိုတဲ့ အချိန်တိုအတွင်းမှာ ကပျာကယာပဲ လည်လိုက်၊ ပတ်လိုက်နဲ့ မိသားစုနဲ့ တွေ့ခွင်ရလိုက်တဲ့အချိန်မှာ အတူစား၊ အတူသွားတာလေးက အိပ်မက်လိုပါပဲ။ D-Day အတွက် ခရီးဆက်။ D-Day အတွက် ဇွန်လ ၉ ရက်နေ့ မနက် ၄ နာရီလောက်ကတည်းက အိမ်မှ လေဆိပ်ကို ထွက်ဖို့ ပြင်ဆင်ကြတယ်။ တူမလေးကို သွားနှိုးတော့ သာသာလေးပဲနိုးလာတယ်။ တူလေးကတော့ ပြင်ဆင်နေနှင့်ပြီ။ အမေရော ညီမပါ အသင့်ဖြစ်နေပြီ။ စည်လည်း ဝမ်းနည်းမိတယ်။ ခွဲကြ ရဦးမယ်ဆိုတဲ့အသိနဲ့ စိတ်မကောင်းဖြစ်မိတယ်။ အဲဒီနောက် အိမ်နဲ့လေဆိပ်က ၁၅ မိနစ် လောက်ပဲ မောင်းရတာဆိုပေမယ့် စောစောထွက်လာခဲ့ကြတယ်။ လေယာဉ်က မနက် ဝ၅း ၁၅ နာရီ ထွက်မှာလေ။ လေဆိပ်ရောက်တော့ အလွမ်းသယ် ကြပြန်တယ်။ တူဖြစ်သူက စည့်ရင်ကို ဆို့နင့်စေအောင် ငိုပြီး နှုတ်ဆက်တယ်။ စည်လည်း မျက်ရည်ကျရတယ်။ ကျန်မိသားစုလည်း အတူတူပဲ။ ဒီလို မိသားစုတွေ တွေ့ရတယ်၊ ဆုံခွင့်ရတယ်၊ ပျော်လိုက်ကြရတယ်၊ ခွဲရပြန်တော့လည်း ဝမ်းနည်းလွမ်းကြရပြန်တယ်ဆိုတဲ့ အဖြစ်အပျက်တွေကို ဖန်တီးပေးတာကတော့ ကျေးဇူးတင်စရာကောင်းတဲ့သူများနှင့် ဒီအဖွဲ့အစည်းကြောင့်ပါ။ D-Day အတွက် အခွင့်အရေးရခဲ့ခြင်းအရင်းခံက စည့်ရဲ့ အလုပ်ပေါ်မှာထားတဲ့ စေတနာကြောင့်ပါ။ တစ်ဖက်က ဒီစေတနာကို အလေးထားပေးတဲ့သူများရဲ့ စိတ်ထားများကြောင့် အခုလို တန်ဖိုးထားရတဲ့ ခရီးစဉ်ကို ရရှိခဲ့ပါတယ်။ D-Day ဆီသို့ Oklahoma, Lawton-Fortsill လေဆိပ်ကနေ Dallas-Fortworth လေဆိပ်၊ တစ်ဆင့် လေယာဉ်ပြောင်းပြီး New Orleans, Louisiana လေဆိပ်ကို သွားရတယ်။ လေယာဉ်နှစ်ဆင့် စီးပြီးသည့်နောက် D-Day ရဲ့ နေရာကို ရောက်ရှိခဲ့ပါတယ်။ အမေရိကရဲ့ ကောင်ကင်ရိပ်အောက် အတူတူ ဆိုပေမယ့်လည်း လောလောဆယ်တော့ စည့်ရဲ့စိတ်က မိသားစုဆီမှာပါ။
D-Day မိတ်ဆက်တာ မစခင်လေးမှာ D-Day အတွက် အခြေအနေပေးလာတာကို စည် ပြောမယ်နော်။ စည်တို့ ရန်ကုန်က Foreign Agricultural အမေရိကန်သံရုံးရဲ့ အစီအစဉ်နဲ့ Cochran Fellowship Program (CFP) မှာ ပါဝင်ခွင့်ရခဲ့ပြီး အမေရိက ဂျုံနှင့် မုန့်လုပ်ငန်းအပြင် ဆက်စပ်ပါဝင်ပစ္စည်းများ လေ့လာသင်ယူရေး ဖြစ်တယ်။ အပြီးသတ် USDA (United States Department of Agriculture) မှ ရွေးချယ်ခဲ့ပြီးသည့်နောက် စည်အပါအဝင် အဖွဲ့သား ၉ ဦးတို့ ကိုယ်စီကိုယ်စီ ခရီးထွက်ခဲ့ကြတယ်။
စည်တို့ CFP အစီအစဉ်က အမေရိကရဲ့ ပြည်နယ် ၃ ခုမှ မြို့များကို သွားရောက်နေထိုင်ပြီး ဒေသအေဂျင်စီများရဲ့ ပံ့ပိုးကူညီမှုဖြင့် သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း လေ့လာသင်ယူကြရပါမယ်။ ဇွန်လ ၉ ရက်နေ့မှာ လေ့လာသင်ယူဖို့ အဖွင့်စတင်ခဲ့တယ်။စတဲ့နေ့မှာပဲ အခွင့်ကြုံကြည့်ခွင့်ရလိုက်တာက နယူးအော်လင်းမြို့ရဲ့ အစည်ကားဆုံးပွဲပါ။ လွယ်လွယ်မှတ်မိစေတာက ပုတီးပစ်ပွဲပါ။ မြို့လမ်းမကြီးပေါ်မှာ အလှယာဉ်မျိုးစုံ၊ ပုံစံမျိုးစုံ ဆင်ထား၊ ဝတ်ဆင်ထားကြပြီး တေးဂီတမျိုးစုံ တီးခတ်လျက် ပျော်ရွှင်စွာ ဖြတ်သန်းချိန်၊ ကားပေါ်မှ လမ်းရဲ့တစ်ဖက်တစ်ချက်မှာရှိတဲ့ ပရိသတ်ဆီကို ရောင်စုံပုတီးကုံးများ ပစ်ပေးကြပါတယ်။ ပုတီးကုံးတွေကို ရသူများကလည်း ပျော်ရွှင်စွာ တုံ့ပြန်ကြပါတယ်။ ဇွန်လ ၉ ရက်နေ့မှာတော့ အဖွဲ့သားတွေအားလုံး အသီးသီးခရီးပန်းလာကြလို့ ညပိုင်းမှာ စီစဉ်ပေးထားတဲ့ ဟိုတယ်မှာ အနားယူလိုက်ကြပါတယ်။ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှစပြီး IDDBA (International Dairy-Deli-Bake) Seminar တက်ရောက်ခြင်း၊ Bakery Expo ပွဲ ကြည့်ရှုလေ့လာ အတွေ့အကြုံများ၊ ဒေသစိုက်ပျိုးရေး၊ လေ့လာရေးနှင့် ပေါင်မုန့်၊ မုန့်မျိုးစုံလုပ်ငန်းများ လေ့လာစူးစမ်းခြင်းတို့ကို နယူးအော်လင်းမြို့နှင့် အနီးအနားဒေသနေရာ များမှာ သွားရောက်လေ့လာခဲ့တဲ့ စိတ်ဝင်စားစရာ ဗဟုသုတစုံကို ရှေ့လများမှာ မျှဝေသွားပါမယ်။ ယခုတော့ စည့်ရဲ့ ကြင်နာသော နှလုံးသားအပြည့်နှင့် ခရီးသွားစားဖိုမှူး (သို့) အမေရိက မှတ်စုရဲ့ D-Day မိတ်ဆက်ကို ဒီလအတွက် အပိုင်း (၁) (Part-1) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ ချစ်ပရိသတ်များရှင့်။ နောက်လမှာ အတွေ့အကြုံတွေ၊ လေ့လာခဲ့ရတာတွေကို ပုံတွေနဲ့ စုံလင်အောင် ပြန်ရှယ်ပေးမယ်နော်။ စောင့်မျှော်ဖတ်ရှုအားပေးကြပါဦးနော်။
မှတ်ချက် – စည့်ရဲ့ ခရီးသွားဓာတ်ပုံလေးများလည်း ပူးတွဲထားပါတယ်။ များသောအားဖြင့် စည့် Fb စာမျက်နှာမှာ ဖော်ပြထားတဲ့ ပုံများဖြစ်ပါတယ်။