
by Syi Lwin for Food Magazine
ချစ်သောပရိသတ်ကြီးရှင့်…
စည့်ရဲ့ အမေရိက လေ့လာရေးခရီးစဉ်က အမေရိကရဲ့ ပြည်နယ် ၃ ခုက မြို့ ကြီး ၃ မြို့ ဆီ သွားရောက်လေ့လာခဲ့ရတာမို့ မျှဝေသွားချင်တာ များလေတော့ အခန်းဆက်သဘော ဖြစ်နေပါတယ်။ စည့်အနေနဲ့ ပရိသတ်များ တစ်ပိုင်းမှာ မြို့တစ်မြို့ခရီးစဉ်အဖြစ် ဖတ်ရှုနိုင်စေဖို့ မြို့ ၃ မြို့ ဖြစ်တဲ့ New Orleans, LA အပိုင်း၊ Minneapolis, MN အပိုင်းနှင့် Philadelphia, PA အပိုင်းဆိုပြီး ၃ ပိုင်းခွဲပြီး ဖော်ပြမည့်အကြောင်း တင်ပြထားပါရစေ။ အခုကတော့ New Orleans အပိုင်းဖြစ်ပါတယ်။
မိတ်ဆက်ပွဲတက် ခံစားချက်
New Orleans ရဲ့ လေကတော့ ပင်လယ်အငွေ့အသက် လွှမ်းနေပါတယ်။ ရှုခင်းကလည်း ပျံသန်းနေသောငှက်တစ်ကောင်က အောက်ကို ဝေ့ဝိုက်ကြည့်လိုက်သလို အကြည့်ကနေ ရင်ထဲအထိ ပေါက်သွားတာမို့ ဟိုတယ်လေသာ ဝရန်တာကနေ စည်ကတော့ Good Morning America လို့ အော်မိပါတော့တယ်။
အဲဒီနေ့က စည်တို့ရဲ့ လေ့လာရေးသင်တန်းအစရဲ့ ရက်ဖြစ်ပါတယ်။ စည်တို့အဖွဲ့သားအားလုံးကို ဒေသ USDA တာဝန်ရှိသူများက အစီအစဉ်များကို အသေးစိတ် ရှင်းပြကြပါတယ်။ နံနက်ပိုင်းမှာ International, Dairy-Deli Bake 2018 (IDDBA 18) Seminar and Expo General Session ဆွေးနွေးဟောပြောပွဲကို တက်ရောက်ခဲ့ပါတယ်။ IDDBA Seminar မှာ အတတ်ပညာရှင်များက လာရောက်ပါဝင်ဟောပြောကြလို့ စိတ်ဝင်စားစရာပါ။ စီးပွားရေးကဏ္ဍ၊ လုပ်ငန်းအချင်းချင်း ဆက်နွှယ်မှု၊ တွေးထားရမည့် လုပ်ငန်းအခြေခံများ၊ အောင်မြင်သော ခြေလှမ်းလှမ်းနိုင်အောင် ထားရမည့်သဘောတရားနှင့် လက်တွေ့ဆန်ဆန် လုပ်ကြည့်ရမည့် အတွေးအခေါ်များ၊ အောင်မြင်စေသော ရှေ့ခရီးကို မည်သို့ပုံဖော်မလဲ စသည်တို့ကို ဟောပြောကြတာဟာ ဗဟုသုတရော၊ အားရှိစေပြီး တန်ဖိုးရှိတဲ့ ဟောပြောချက်များ ရရှိစေခဲ့ပါတယ်။
ဟောပြောပွဲကို နံနက်ပိုင်းများမှာ ၂ ရက် ဆက်တက်ခဲ့ရပါတယ်။ ၂ ရက်စလုံး ဟောပြောကြသူများထဲက Daymond John, Founder and CEO FUBU က FUBU ကို စတင်ခဲ့စဉ်အခါက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများစွာကို ဘယ်လို တစ်ခုချင်းစီ ဖြေရှင်းခဲ့ပုံတွေ၊ သူ့ဘဝရဲ့ ကိုယ်ရေးကိုယ်တာတွေ စသည်ဖြင့် ခေါင်းစဉ်များဖြင့် ဟောပြောသွားပါတယ်။ ဟောပြောပွဲအပြီး သူကိုယ်တိုင်လည်း သူ့ရဲ့ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်တဲ့ ‘‘Rise and Grind’’ စာအုပ် အားပေးသူပရိသတ်များကို လက်မှတ်ရေးထိုးပေးပါတယ်။ စည်လည်း မှတ်မှတ်ရရ ဒီစာအုပ်တစ်အုပ် ဝယ်ယူခဲ့တာ Daymond John ကိုယ်တိုင် လက်မှတ်ရေးထိုးပေးပါတယ်။ စကားလည်း ပြောဖြစ်သွားပါတယ်။ သူ့စာအုပ်က နယူးယော့ခ်တိုင်းမ်မှာ ဖော်ပြထားတဲ့ ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်နေပါတယ်။ သူဟောပြောသွားတဲ့အနက် “ရုန်းကန်ရင်း ကြိုးစားပါ။ ဒါပေမဲ့ ကြိုးစားရင်းနဲ့တော့ မရုန်းကန်ပါနဲ့” ဆိုတဲ့ အချက်ကတော့ မှတ်မှတ်ရရပါပဲ။ စီးပွားရေးနယ်ပယ်ရော ဘဝအတွက်ရော Growing The Future ပါ။
မြည်းစမ်းမေးမြန်း မဆုံးတမ်း
နေ့လယ်ပိုင်းတစ်လျှောက်မှာတော့ IDDBA 18 Exhibition ပြပွဲထဲ လျှောက်ပြီး ကြည့်ရှုလေ့လာဖြစ်ခဲ့ပါတယ်။ ပြခန်းတွေ၊ ဆိုင်ခန်းတွေ၊ အထူးသဖြင့် ချိစ်၊ Pickle, Dehydrate Fruit, Chocolate, Fruit Jam & Jelly အသင့်စား Pasta, Salad, Sandwiches, Dressing & Sauces, Ice Cream, Milk Product & Milk Cream, Italian Sausage & Salami, Olive Product, Flour Products, Food Coloring & Flavor, Meat & Seafood တွေ မြောက်မြားစွာကို လေ့လာကြည့်ရှုလို့ မဆုံးနိုင်အောင်ပါပဲ။ မုန့်လုပ်ငန်းဆိုင်တွေလည်း အပြည့်ပါ။ ဆိုင်တိုင်းမှာ မြည်းစမ်းလေ့လာလို့ရအောင်လည်း နမူနာမုန့်တွေ၊ အစားအစာတွေနဲ့ WINE တွေကို ထားပေးထားပါတယ်။ အတန်း ၃ တန်းနှင့် ဆိုင်ခန်းပေါင်း ၇၀ဝ၀ ကျော်ကို အတန်းတစ်တန်း တစ်ပတ်ပြည့်အောင် ပတ်မယ်ဆိုရင်တောင် ညနေစောင်းတာတောင် တစ်ဝက်မကျိုးနိုင်ပါဘူး။ ပြပွဲခန်းမကို ဝင်လိုက်တာနဲ့ အမြင်ဆွဲဆောင်မှုသာမက အနံ့ကပါ ဆွဲဆောင်နေပါတယ်။ ဒိုးနပ်လား၊ ကွတ်ကီးလား၊ ပီဇာလား၊ ပန်ကိတ်လား၊ ကိတ်မုန့်လား၊ ချိစ်လား၊ အသင့်စား အစားအစာတွေလား စသည်ဖြင့် အရသာစုံစွာ သရေစာများလား စသည်ဖြင့် တွေ့ မြင်နေရပြီး စည်လည်း အစားအစာမြည်းစမ်းတဲ့အလုပ်ကို စတင်ပါတော့တယ်။ တချို့မုန့်တွေ မြည်းပြီးရင် အနားကနေ ခွာမရအောင် ထပ်ပြီး မြည်းစမ်းချင်၊ စားချင်တယ်။ တချို့မုန့်တွေဆိုရင် ချက်ချင်းလုပ်ပြီး ချက်ချင်းကျွေးတာကြောင့် ပူပူနွေးနွေးလေး စားလိုက်တဲ့အခါ ပါးစပ်ထဲမှာ ချက်ချင်းပျော်ဝင်စေပါတယ်။ နတ်သုဓာတွေ စားရသလိုပဲ အသစ်အဆန်းအမည်မျိုးစုံ၊ ပုံစံမျိုးစုံ၊ အရသာမျိုးစုံကို စားခွင့်၊ သိလိုတာ မေးမြန်းခွင့်များ လွတ်လွတ်လပ်လပ်ရရှိလို့၊ မြည်းတယ်၊ မေးတယ်၊ စပ်စုတယ်။ ဗဟုသုတအစုံပေါ့။ နေ့လယ်စာတောင် ဘယ်လိုတွေ တင်းတိမ်သွားမှန်း မသိတော့ပါဘူး။ မြည်းစမ်းခဲ့ရတဲ့ အစားအစာတွေ၊ လေ့လာခဲ့ရတဲ့ အသင့်စားအစားအစာတွေ၊ မုန့်ဖုတ်ရန်သုံးတဲ့ ပစ္စည်းတွေအားလုံး လတ်ဆတ်သန့်ရှင်းမှုနှင့် ကျန်းမာရေးအတွက် ပထမ ဦးစားပေးထားပါတယ်။ အဲဒီနောက် နည်းပညာပေါင်းပြီး မိမိထုတ်လုပ်တဲ့ မုန့်နှင့်အစားအစာအရည်အသွေးကို မြှင့်တင်ခင်းကျင်းထားတာများကလည်း ပသာဒ ဖြစ်စေပါတယ်။ အရသာပိုင်းကို Flavor ဖွယ်ဖွယ်ရာရာ ဖန်တီးကြပြီး မုန့်တစ်ခုကို စားပြီးရင် ထပ်စားချင်အောင် စွဲစေပါတယ်။ သဘာဝအသီးအနှံ ဟင်းသီးဟင်းရွက်က ယူတဲ့ အနံ့အရသာ၊ ကာလာတွေကို ပိုမိုအဓိကထားပြီး အသုံးပြုကြပါတယ်။ ကျန်းမာရေးဆေးတစ်ခွက်အလား ညွှန်းထားတဲ့ မုန့်၊ သရေစာများကိုလည်း အများအပြား ခင်းကျင်းထားပါတယ်။ မုန့်တစ်ခု၊ ဟင်းတစ်ခွက်စားပြီးရင် အရသာကြောင့် ပြုံးပျော် သွားကြတာ၊ ကျေနပ်ကြတာ တွေ့ရပါတယ်။ ဘေးဥပဒ်မဖြစ်စေတဲ့ အညွှန်း၊ ပြုလုပ်နည်းများကြောင့်လည်း ပြပွဲလာသူများက လက်မရွံ့ဘဲ မြည်းစမ်းနေကြတာကို တွေ့နေရပါတယ်။ အစားအသောက်တို့အတွက် ရောင်းချသူတို့ရဲ့ လိုက်နာရမယ့်အချက်များကို တာဝန်သိသိလုပ်နေကြတာ၊ မုန့်များ၊ အစားအစာများ လက်တွေ့လုပ်ပြနေတဲ့ Cooking Demo & Baking Competation များကလည်း နောက်တစ်နေရာ မရွေ့ချင်အောင် ဆွဲဆောင်မှု ရှိလှပါတယ်။ စည်လည်း ကိုယ့်နိုင်ငံအတွက် အံဝင်မယ့် မုန့်၊ သရေစာ အစားအစာပြုလုပ် နည်းများကို ရှာဖွေမြည်းစမ်းရင်း ဆိုင်ကိုယ်စားလှယ်များနဲ့ မိတ်ဆက်ခဲ့ပါတယ်။ တချို့သော ထုတ်ကုန်များကတော့ ကိုယ့်နိုင်ငံအတွက် နည်းပညာအရရော၊ စားသုံးမှုအပိုင်းမှာပါ အမှန်လိုအပ်တဲ့ ထုတ်ကုန်များ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို တင်သွင်းဖြန့်ချိရင်လည်း စားသုံးသူများ အကြိုက်တွေ့နိုင်စေသလို တင်သွင်းသူများအနေဖြင့်လည်း မျက်နှာပန်း လှစေနိုင်ပါတယ်။ အဲဒီမှတစ်ဆင့် နည်းပညာပိုင်းဆိုင်ရာ မုန့်၊ သရေစာ၊ အစားအသောက် ထုတ်လုပ်နိုင်ရန် ကြံဆကြိုးပမ်းသွားနိုင်သလို မြန်မာ့မုန့်များကိုလည်း ပိုလို့ဆန်းသစ် နိုင်ပါမယ်။ အဲဒါကြောင့် စည့်အနေနဲ့ ဆိုင်ခန်းအတော်များများကို ကြည့်ဖြစ်၊ စားဖြစ်၊ မေးမြန်းဖြစ်ခဲ့တာလည်း မဆုံးအောင်ပါပဲနော်။
အထူးအဖော်တစ်သင်းနဲ့ နယူးအော်လင်းမှာ လည်
ပြခန်းပြသတာ ညနေပိုင်းမှာပိတ်တော့ စည်တို့အဖွဲ့လည်း ဟိုတယ်ပြန်၊ ရေမိုးချိုးကြပြီး မြို့တွင်း အလည်ခရီးထွက်ကြတယ်။ နယူးအော်လင်းမြို့က လူဝီးစီးယားနားပြည်နယ်မှာ အကြီးဆုံးဆိပ်ကမ်းမြို့ပါ။ ၁၈ ရာစုနှစ်လောက်ကတည်းက ပြင်သစ်ကိုလိုနီကနေ အမေရိကန်က ဝယ်လိုက်တယ်လို့ ဆိုပါတယ်။ မြို့ရဲ့နေရာတိုင်းလိုလို ပြင်သစ်ရှေးလက်ရာ အနုပညာအဆောက်အအုံများ တွေ့နေရပါတယ်။ နှစ်ပေါင်း ၂၀ဝ နီးပါးကျော် မူလအတိုင်း ရှိနေတဲ့ ပြင်သစ်ကိုလိုနီအဆောက်အအုံများကြောင့်လည်း သူတို့လူမျိုးများသာမက ကမ္ဘာလှည့်ခရီးသွားများလည်း ရာသီမရွေး လာရောက်လည်ပတ်ကြတယ်လို့ဆိုပါတယ်။ French Quarter ဆိုတဲ့ ပြင်သစ်ဗိသုကာ အဆောက်အအုံ၊ မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ဓာတ်ရထားများနဲ့ ပြင်သစ်၊ မက္ကဆီကန်၊ ဗီယက်နမ်အနွယ် အစားအစာတို့က မြို့ကို ဆွဲဆောင်နေပါတယ်။ စည်တို့ ညစာကို အပြင်မှာစားဖြစ်ကြတယ်။ ညစာမစားခင် ကမ်းနားဘက်ကို လျှောက်ပြီး ရှုခင်းကြည့်၊ ဓာတ်ပုံရိုက်၊ ငေးမဆုံးတဲ့ ပင်လယ်ပြင်ရဲ့အလှကို ရင်သို့ဆွဲယူပြီး ခံစားလိုက်တာ၊ အဖွဲ့သားတွေ လှမ်းခေါ်တော့မှပဲ အဆွေးပြတ်တော့တယ်။
စည်က ဒီလိုပြပွဲတွေကို နိုင်ငံတကာရော၊ ကိုယ့်နိုင်ငံမှာပါ သွားခဲ့ရပါတယ်။ အခု အမေရိက ခရီးစဉ်ကဖြင့် အနောက်ဘက်ခြမ်းသို့ ပထမခြေလှမ်းပါ။ USDA Foreign Agricultural Service (FAS) က စေလွှတ်တဲ့ Cochran Fellowship Training မှာ ပါဝင်ခွင့် အခွင့်အရေးအတွက် ဒီအစဖြစ်တဲ့ နယူးအော်လင်းမြို့မှာ ကျင်းပတဲ့ IDDBA 18 ကုန်စည်မိတ်ဆက်ပြပွဲ အတွေ့အကြုံကတော့ စည့်အတွက် တန်ဖိုးရှိလှပါပြီ။
လက်တွေ့လေ့လာနည်းပညာ
၃ ရက်တာ IDDBA 18 ပွဲပြီးတော့ နောက်တစ်နေ့ ဇွန်လ ၁၃ ရက်မှာ Liedenheimer Baking Co., Cartozzo’s Bakery နှင့် Baker Maid မုန့်လုပ်ငန်းများကို သွားရောက်ခဲ့ ပါတယ်။ ပေါင်မုန့်၊ ကိတ်မျိုးစုံ၊ ကွတ်ကီးများမှာ ပါဝင်တဲ့အမည်များ၊ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပုံ၊ ကွဲပြားထုတ်လုပ်သောမုန့်မျိုးများ၊ ထုပ်ပိုးမှုနှင့် ဖြန့်ဝေခြင်းဆိုင်ရာများ၊ ဆွေးနွေးပေးခြင်းများ မှတ်သားရပါတယ်။ အထူးမှတ်သားမိတာက မိမိလုပ်ငန်း ရဲ့ မိသားစု မျိုးဆက်နည်းပညာနှင့် ကိုယ်ပိုင်ဟန်အရသာ ဖော်ထုတ်သည့် နည်းပညာဟူ၍ တွေ့ရပါ တယ်။ အခြေခံမုန့်မှာ ပါဝင်တဲ့ အမည်များကတော့ အတူတူဖြစ်ပါတယ်။
စိုက်ခင်းများဘက် ခရီးဆက်
ဇွန်လ ၁၄ ရက် နံနက်စောစော စထွက်ခဲ့ပြီး Jefferson Hwy အဝေးပြေးလမ်းမကြီးက John E. Koerner & Co. မှာ အထူးထုတ်လုပ်သည့်ဂျုံများ၊ ဆက်စပ်အမည်များ၊ အခြောက်ခံထားသည့်အသီးများ၊ အေးခဲထားသော အစာပိတ်အစာများနှင့် အထူးတလည် တင်သွင်းသော ပြည်ပသွင်းကုန်များအကြောင်း ဆွေးနွေးလေ့လာကြပါတယ်။ အဲဒီနောက် Blueberries စိုက်ခင်းများဆီ ခရီးဆက်ကြပါတယ်။
ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ၁ နာရီခွဲလောက် မောင်းသွားရပြီး J & D Bluebarry Farm သို့ ရောက်ရှိပါတယ်။ ဘလူးဘယ်ရီသီးက စည်ရဲ့ အကြိုက်ဆုံးတစ်ခုပါ။ ဈေးကြီးပေး ဝယ်စားရတာမို့ တို့တို့ဆိတ်ဆိတ်ပဲ စားနေရပါတယ်။ အခုတော့ ပိုင်ရှင်တို့ရဲ့ စီစဉ်ပေးမှုနဲ့ စည်တို့ အဖွဲ့သားတွေ ပုံးတစ်လုံးစီလွယ်လို့ စိုက်ခင်းထဲ ဘယ်ရီသီး ခူးထွက်ခဲ့ကြပါတယ်။ ယာထဲ ငရုတ်ခူး၊ ပြောင်းချိုး၊ ပဲနုတ်အပြင် တောင်ယာခင်း လက်ဖက်ခူးပါ ပြေးပြီးသတိရမိတယ်။ ဘယ်ရီသီးဆိုတော့ ခူးတာထက် ခူးစားတာပါ။ အမေရိက ပေါင်မုန့်၊ ကိတ်မုန့်စတဲ့ မုန့်များမှာ ဘလူးဘယ်ရီကလည်း မပါမဖြစ် ပါဝင်ထည့်သွင်းပြုလုပ်ရတဲ့ စူပါအသီးလည်း ဖြစ်ပါတယ်။
အချိန်တိုတယ်ဆိုပေမယ့်လည်း နယူးအော်လင်းက ရင်ထဲမှာ စွဲကျန်နေတော့မှာ။ အတွေ့အကြုံသစ်၊ ခံစားမှုအသစ်အဖြစ်နဲ့ မှတ်မှတ်ရရရှိသွားမယ့် လေ့လာရေး ခရီးစဉ်ပါ။ ဟိုတယ်ပြန်ရောက်ပြီး အထုပ်အပိုးပြင်၊ နောက်တစ်ပြည်နယ် MN ရဲ့ မြို့တစ်မြို့ဖြစ်တဲ့ Minneapolis မြို့ကို ပြည်တွင်းလေကြောင်းနဲ့ ခရီးဆက်ရဦးမှာပါ။
ခရီးပန်းသွားပြီမို့ စည့်ရဲ့ ကြင်နာသောနှလုံးသားအပြည့်နှင့် ခရီးသွားစားဖိုမှူး (သို့) အမေရိကမှတ်စု အပိုင်း(၂) ကို ဒီလ ဒီမှာတင်ပဲ နားခွင့်ပြုပါ ချစ်ပရိသတ်ကြီးရှင့်။ နောက်လမှာ အပိုင်း (၃) ကို စောင့်မျှော်ဖတ်ရှုကြပါဦးနော်။