
by Syi Lwin for Food Magazine
နယူးအော်လင်းမြို့ရှိ လေဆိပ်သို့ နေ့လယ်ပိုင်းလောက် ထွက်ခဲ့ကြပါတယ်။ ဒုတိယနေထိုင်လေ့လာရန် Minnesota State, Minneapolis မြို့ဆီ ထွက်ခွာရန်ဖြစ်ပါတယ်။(၃၂) ခုမြောက် ပြည်နယ်ဖြစ်တဲ့ Minnesota State ဟာ အမေရိကန်နိုင်ငံမြောက်ဘက်ပိုင်း အလယ်လောက်မှာ ကနေဒါနိုင်ငံနှင့် အကြီးဆုံးရေကန်ဖြစ်တဲ့ Lake Superior တို့နဲ့ ဆက်စပ်တည်ရှိနေပါတယ်။ Minnesota State ကို The North Star State လို့ ခေါ်ကြသလို ဂျုံနဲ့ ထောပတ်တွေ လှိုင်လှိုင်စိုက်ပျိုးထုတ်လုပ်နေကြလို့ “The Bread and Butter State”၊ ပြီးတော့ ရေကန်တွေအများဆုံးပိုင်ဆိုင်ထားလို့ “The Land of 10,000 Lakes”လို့လည်း ခေါ်တွင်ကြပါသေးတယ်။ စည်တို့နိုင်ငံက မေမြို့လို့တွင်ခဲ့တဲ့ ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်၊ တောင်လှေကားမြို့၊ နှင်းမြို့တော်လို့ ခေါ်ကြတာကို တွေးမိလိုက်တယ်။ ကြည်နူးစရာပါ။ ဒီပြည်နယ်က အကြီးဆုံးမြို့ ဖြစ်တဲ့ Minneapolis မှာ ၅ ရက်ကြာနေထိုင်ပြီး နေရာများများမှာ ကွင်းဆင်းလေ့လာ၊ လက်တွေ့လုပ်ကိုင်၊ မေးမြန်းစူးစမ်း၊ လေ့လာလည်ပတ်ကြတော့မှာပါ။ Minneapolis မြို့နှင့် အဲဒီပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မစ္စစ္စပီ မြစ်ကမ်းကို မေးတင်ထားတဲ့ St.Paul မြို့တို့ကို အမြွှာမြို့များ (The Twin Cities) လို့ သိကြပါတယ်။ မြို့ နှစ်မြို့က တစ်ဆက်တစ်စပ်တည်း ရှိနေကြလို့ပါ။
စည်တို့အဖွဲ့လည်း ပြည်တွင်းလေကြောင်းနဲ့ ၂ နာရီခွဲလောက် စီးပြီး စိန့်ပေါလ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ခဲ့ကြပြီး ဒေသခံတာဝန်ရှိသူများက လာကြိုကြပါတယ်။ Minneapolis မြို့ဆီ ကားနဲ့ ခရီးဆက်ကြပြီးနောက် စီစဉ်ပေးတဲ့ Bestwestern ဟိုတယ်မှာ ဇွန်လ ၁၄ ရက်နေ့ညမှာ အနားယူလိုက်ကြပါတယ်။ ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကားနဲ့ Plymouth မြို့ဆီ မောင်းခဲ့ပြီးနောက် ပထမဦးစွာ လေ့လာကြမယ့် Cargill Food Innovation Center ကို ရောက်ခဲ့ကြပါတယ်။ ဒေါ်လာ ဘီလီယံနဲ့ချီပြီး အစားအစာများ၊ ရိုးရာနည်းပညာများကို Margaret de Jonge, Food Applications Leader, Bakery က သေချာရှင်းပြပေးပါတယ်။ သူတို့ရဲ့ ပစ္စည်းတချို့ကို ကုန်စည်တင်ကားများနဲ့ ဖြန့်ချိပေးနေတာတွေ၊ ကုန်စုံဆိုင်သဖွယ် ရေခဲခန်းသေတ္တာများနှင့် အစားအစာဝန်ဆောင်မှုပေးတဲ့ စက်မှုဆိုင်ရာများ ထုတ်လုပ်နေပုံတို့ကို လေ့လာမေးမြန်း စူးစမ်းရင်း အံ့ဩဖွယ်ရာ စက်မှုနည်းပညာတို့ကိုလည်း မြင်တွေ့ခွင့်ရခဲ့ပါတယ်။ နေ့လယ်စာကိုတော့ အဆင်ပြေသလို စားခဲ့ကြတဲ့ Monte Carlo ဆိုင်ရဲ့ အပြင်အဆင်ခမ်းနားမှုကို ကြည့်ခြင်းဖြင့် အစားအသောက်တွေရဲ့ အရသာကို ခန့်မှန်းလို့ရပါတယ်။ အဖွဲ့သားတွေ အားလုံးနီးပါး ဒီဆိုင်မှာပဲ စားသုံးဖြစ်ခဲ့ကြပါတယ်။ ဒေသက လတ်ဆတ်သော အသီးအနှံ၊ အသား၊ ပေါင်မုန့်များက ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတယ်။ နောက်ဆက်ပြီး လေ့လာဖို့ စိန့်ပေါလ်မြို့ မွန်ထရီရယ်အဝေးပြေးလမ်းဆီ ၂ နာရီခွဲလောက် ကားနဲ့ ထွက်ခွာခဲ့ကြတယ်။ လမ်းမကြီးမှာရှိတဲ့ Oven Hearth Wholesale Bakery ကို ရောက်ရှိပြီး ပေါင်မုန့်၊ ဘာဂါ ပေါင်မုန့်လို ပေါင်မုန့်လုံးတွေအပါအဝင် ရိုးရာအစဉ်အလာ နည်းပညာများဖြင့် ထုတ်လုပ်နေတဲ့ စားသောက်ကုန်မုန့်များ ပြုလုပ်ပုံများ၊ အရည်အသွေးမြင့်၊ အဆင့်မြင့် အထူးပြု ထုတ်လုပ်ခြင်းများကို လေ့လာခွင့်ရတာကလည်း အားရအားကျမိပါတယ်။ နေ့လယ်စာ သုံးဆောင်ပြီးနောက် Stillwater မှာရှိတဲ့ Cook of Crocus Hill မှာ အဖွဲ့သားတွေကိုယ်တိုင် မုန့်ဖုတ်ခွင့်ရခဲ့ကြပါတယ်။ ဗဟုသုတတွေက မုန့်ဖုတ်လုပ်ငန်း အဆင့်ဆင့်မှာ ရိုးရာအခြေခံ လိုက်နာသွားပြီး ပြုလုပ်ခြင်း၊ ဆန်းသစ်ဖန်တီးခြင်း၊ တီထွင်ကြံဆခြင်းဖြင့် အရသာမူရင်းကို မည်သို့ထိန်းသိမ်းသွားခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြတယ်။ မှတ်သားရသည်မှာ အဲဒါတွေကို လိုက်နာသွားရင် မြန်မာမုန့်တွေကိုလည်း အရသာမူရင်းမပျောက် ထိုးဖောက်သွားနိုင်မယ်လို့လည်း တွေးမိပါရဲ့။ လက်တွေ့ မုန့်လုပ်နည်း၊ မုန့်ဖုတ်ခြင်းများကို စည်တို့ အဖွဲ့တွေ လုပ်ကြရပါတယ်။ အမေရိကဂျုံတွေ၊ အသားတွေ၊ ပေါင်းစပ်ပစ္စည်းတွေ အားလုံး လိုလို လတ်ဆတ်မှု၊ သန့်ရှင်းမှုရှိပြီး နည်းပညာတိုးတက်မှုများဖြင့် ပေါင်းစပ်လိုက်တော့ စည်တို့အဖွဲ့သားတွေ လက်တွေ့လုပ်တဲ့မုန့်တွေက အရသာရှိကြတယ်လို့ နည်းပြက မှတ်ချက်ပြုပါတယ်။ ၂-၃ ယောက် အဖွဲ့ခွဲပြီး မုန့်ပြိုင်ပွဲလည်း လုပ်ဖြစ်ခဲ့ပါတယ်။
ဇွန်လ ၁၆ ရက်နေ့ကတော့ အားလုံးအတွက် အားလပ်ရက်ဖြစ်တဲ့အတွက် Project Leader Jim Jost က လည်ပတ်လို့ရအောင် ကားမောင်းပြီး Valmart မှာ ဈေးဝယ်လို့ရအောင် လိုက်ပို့ပေးပါတယ်။ လူတိုင်းက သွားမြည်းစမ်းသင့်တယ်ပြောတဲ့ ဒိုးနပ်ဘုရင်လို့ ပြောနေကြတဲ့ Mucci’s Italian Doughnuts လည်း အစုံသွားရောက်မြည်းစမ်းဖြစ်ခဲ့ကြပါတယ်။ ပြီးတော့ သာယာအေးချမ်းပြီး ဆိတ်ငြိမ်ခမ်းနားတဲ့ Cathedral of St. Paul in St. Paul ကိုလည်း လိုက်ပို့ပေးခဲ့လို့ ကြည့်ရှုလေ့လာခွင့် ရခဲ့ကြပါသေးတယ်။ ပြီးတော့ အဖွဲ့သားတွေ လိုတာဝယ်လို့ရအောင် Premium Outlet Mall, Eagan ကိုလည်း လိုက်ပို့လို့ လက်ဆောင်တွေ၊ အဝတ်အထည်တွေ ဝယ်ဖြစ်ခဲ့ကြပါသေးတယ်။ ညနေပိုင်းကို ဟိုတယ်ပြန်ရောက်တော့ အချိန်ရလို့ Mall of America ကို သွားကြည့်ဖြစ်ကြသေးတယ်။ ဈေးဆိုင်တန်းများအပြင် Lego ကစားကွင်းများကို မောလ်အတွင်း ပြုလုပ်ထားလို့ Indoor shopping and play groung world လို မြင်တွေ့ရပါတယ်။ စည်တို့အဖွဲ့လည်း ဈေးဝယ်၊ လျှောက်ကြည့်ပြီး ညစာကို မောလ်မှာပဲ စားလိုက်ကြပါတယ်။
ဇွန်လ ၁၇ ရက်နေ့က စည်တို့အဖွဲ့ Holiday နေ့ပါ။ အနားတစ်ဝိုက်က Stone Arch Bridge Festival, တနင်္ဂနွေဈေးတန်းများ၊ ပန်းခြံများ၊ Minneapolis Sculpture Garden, ကျယ်ဝန်းတဲ့ မြစ်ကမ်းခြေများ၊ Excelsior Beach ပါ လည်ပတ်သွားလာကြရင်း နေ့လယ်စာကို Maynard’s on Lake Minnetonka in Excelsior မှာ စားဖြစ်ခဲ့ကြပါတယ်။ တစ်နေ့ ဆိုတစ်နေ့ ဘယ်လိုကုန်ဆုံးသွားမှန်းမသိအောင် လည်ပတ်မဆုံးနိုင်အောင်ပါပဲ။ သဘာဝကို ကိုယ်စီကိုယ်စီ ပြုပြင်အလှဆင်ထားသည်များက ခရီးသွားများပါမက ဒေသရင်းတွေတောင် ပိတ်ရက်များမှာ အနားယူအပန်းဖြေလာကြတာကို တွေ့ရပါတယ်။ ဟိုတယ် ပြန်ရောက်တော့ အိပ်ချိန်ဖြစ်နေရော။
ဇွန်လ ၁၈ ရက်နေ့က Biihler Food Innovation Center အရည်အသွေးစံချိန်မီတဲ့ ပေါင်မုန့်၊ ဂျုံနယ်စက်ကြီးများ အရွယ်အစားအမျိုးမျိုးနှင့် ဂျုံမှုန့်၊ ချောကလက်၊ ပါစတာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကို ရောက်ခဲ့ပါတယ်။ ပြီးတော့ Gregory’s Foods Inc ကို သွားရောက်လေ့လာကြပါတယ်။ အီဂန်အရပ်မှာ တည်ရှိပြီး စိန့်ပေါလ်မြို့ ဒေသအတွင်းမှာပါ။ အဲဒီမှာ ထုတ်ကုန်အရည်အသွေး ထိန်းသိမ်းမှုနှင့် တိုးတက်နေမှုများ၊ ကုန်ထုတ်လုပ်ခြင်းဆိုင်ရာနှင့် သုတေသနပြုနေမှုများကို ဆွေးနွေးမေးမြန်း စူးစမ်းခဲ့ရတဲ့အပြင် အခြေခံမုန့်အသားနှင့် အရောအစပ်ပစ္စည်းတွေ၊ ပေါင်မုန့်၊ ဘာဂါပေါင်မုန့်လုံးတွေ၊ ကွတ်ကီးတွေ၊ မုန့်သွတ်အဆာမုန့်အပွ ပေါင်းစပ်အရသာ စသည်များ ထုတ်လုပ်ပုံတို့ကို လေ့လာခွင့်ရတာကလည်း ကိုယ့်နိုင်ငံအတွက် မုန့်လုပ်နည်းပညာကို အမှန် ပိုမိုတန်ဖိုးရှိပြီး တိုးတက်စေနိုင်မှာပါလို့ ခံစားမိပါတယ်။ လေ့လာမှုတွေအပြီးမှာတော့ Fargo ကို ကားနဲ့ ခရီးဆက်ခဲ့ကြပြီး Hawthorn Suites by Wyndham မှာ တည်းကြပါတယ်။
ဇွန်လ ၁၉ ရက်နေ့က နံနက်စာစားပြီးတာနဲ့ စည်တို့အဖွဲ့ North Dakota Crop Science Department ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ အဲဒီနောက် Dakota Specialty Milling စက်ရုံကို သွားရောက်လေ့လာကြပြန်တယ်။ ဒေါ်လာသန်းချီတန်တဲ့ ဂျုံစိုက်ပျိုး၊ ရိတ်သိမ်း၊ြွေခလှေ့၊ အိတ်သွတ်ပြုလုပ်နိုင်တဲ့ အကြီးစားလုပ်ငန်းသုံး ယာဉ်များ၊ Allergen-free, Gluten Free Organic ထုတ်လုပ်ဂျုံများ၊ ဂျုံအချောများ ပြုလုပ်ပုံများနှင့် မုန့်စက်ရုံလုပ်ငန်းများ လုပ်ကိုင်ပုံတို့ကို အထူးလေ့လာခွင့်ရခဲ့ပါတယ်။ ပြီးတော့ Costco ရှိ မုန့်ဆိုင်နှင့် မုန့်လုပ်နေတာတွေကိုလည်း ဝင်ရောက်လေ့လာဖြစ်ခဲ့ပါတယ်။ Brady Buttenhoff’s Farm မှာလည်း ဂျုံ၊ ပြောင်း၊ ပဲများစိုက်ပျိုးထားတဲ့ စိုက်ခင်းတွေထဲဆင်းပြီးတော့ လေ့လာခွင့်ရရှိခဲ့ကြပြီး လယ်သမားများနဲ့လည်း စိုက်ပျိုးသော နည်းလမ်းများ၊ စိုက်ပျိုးရိတ်သိမ်းသော စက်များ၊ သိုလှောင်နည်းများကို ဆွေးနွေးလေ့လာဖြစ်ခဲ့ကြပါသေးတယ်။
ဇွန်လ ၂၀ ရက်နေ့က Mineapolis မြို့မှာ နေထိုင်လေ့လာရေးခရီးရဲ့ အစီအစဉ်အရ နောက်ဆုံးနေ့ပါ။ နံနက်စာစားပြီးတာနဲ့ စည်တို့လည်း ဟိုတယ်က ကားနဲ့ Pan-o-gold/County Hearth Bread ကို သွားခဲ့ကြပါတယ်။ ပေါင်မုန့်ဖုတ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတို့ရဲ့ အကောင်းဆုံးပြုလုပ်ထားမှုများ၊ ကုန်ပစ္စည်းထုပ်ပိုးမှုနည်းပညာများ၊ မုန့်အမျိုးမျိုးတို့ရဲ့ ပြောင်းလဲထုတ်လုပ်နေမှုနှင့် အသစ်ဖန်တီးခြင်းများ၊ အရည်အသွေးထိန်းသိမ်းမှု စံစနစ်များ၊ မုန့်ဖုတ်ခြင်းနည်းပညာဗေဒဆိုင်ရာများ၊ ထုတ်ကုန်ပစ္စည်းများ အမြဲလတ်ဆတ်နိုင်ရေးအပြင် ထားသိုမှုဆိုင်ရာစနစ်များနှင့် မုန့်ထုတ်ကုန်ပစ္စည်းများ အမြောက်အမြား ထုတ်လုပ် ခြင်းဆိုင်ရာတို့ သိရှိရသည့်အပြင် မေးမြန်းလေ့လာခွင့်လည်းရခဲ့လို့ အထူးတန်ဖိုးရှိလှပါတယ်။
စည်တို့အဖွဲ့သားတွေ Minneapolis မှ St. paul Airport, St. Paul Airport မှ Pennsylvania State က Philadelphia မြို့ဆီ ထွက်ခွာခဲ့ကြပါတယ်။ Pennsylvania မြို့ကဖြင့် သမိုင်းထင်ရှား၊ အနုပညာအမွေတို့နဲ့ ကျော်ကြားလှ ပါတယ်။ အမေရိကန်နိုင်ငံ လွတ်လပ်ရေးကြေညာခဲ့သော သမိုင်းဝင် လွတ်လပ်ရေးခန်းမကြီး၊ အဲဒီခန်းမမှာပဲ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့အပြင် လွတ်လပ်ရေးအထိမ်းအမှတ် လေဘာတီခေါင်းလောင်းနှင့် သမိုင်းဝင် အနုပညာပြတိုက်တို့ကလည်း ထင်ရှားလှပါတယ်။ မှတ်မှတ်သားသား အထင်ကရတစ်ခုကလည်း နာမည်ကြီးမင်းသား Sylvester Stallone ပါဝင်ရိုက်ကူးခဲ့တဲ့ Rocky ရုပ်ရှင်ဇာတ်ကားကို ဒီမြို့မှာ ဇာတ်အိမ်ပြု ရိုက်ကူးသွားတယ်လို့ ဆိုပါတယ်။ အဲဒီမြို့မှာနေပြီး မုန့်လုပ်ငန်း၊ ဂျုံလုပ်ငန်းတွေ လေ့လာရမယ်ဆိုတော့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပေါ့နော်။ ည ၇ နာရီလောက် Philadelphia International Airport ကို စည်တို့ရောက်ကြပါတယ်။ USDA အမေရိကန်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူများက လေဆိပ်မှာလာပြီး ကြိုဆို နေရာချထားပေးပါတယ်။ ညစာကိုတော့ အနီးအနားက စားသောက်ဆိုင်မှာ စားဖြစ်ခဲ့ကြပါတယ်။
ဇွန်လ ၂၁ ရက် နံနက် ၉ နာရီမှာ Packer Ave က Sysco Company ကို တာဝန်ရှိသူ များလိုက်ပါကာ ပြင်ဆင်ပြီး အစားအစာများ ဖြန့်ဝေခြင်း၊ ထုပ်ပိုးခြင်းနှင့် တင်ပို့ခြင်းများကို အဲဒီကုမ္ပဏီက ဆောင်ရွက်နေတာတွေကိုလည်း လေ့လာခွင့်ရပါတယ်။ ပြီးတော့ Jones Street မှာရှိတဲ့ CONSHOHOCKEN Intalian Bakery ဆိုင်ကို သွားရောက်လေ့လာကြပါတယ်။ ၁၉၇၃ ခုနှစ်ကတည်းက နှစ်ပေါင်း ၄၅ နှစ်တိုင် မူရင်းအရသာနှင့် ပူးပေါင်းဆန်းသစ် အရသာများကို ပေါင်မုန့်ပုံစံမျိုးစုံ၊ ဆွိရိုးကိတ်များ၊ ပီဇာအမျိုးမျိုး စသည့်မုန့်များအပြင် နွားနို့အရသာစုံ၊ Tea အရသာစုံ လက်လီလက်ကားရောင်းပါတယ်။ ပြုလုပ်တာလည်း လေ့လာကြရပါတယ်။ စားကြည့်၊ မြည်းစမ်းခွင့်လည်းရလို့ ပျော်ကြရပါတယ်။ စောစောက ပြောခဲ့တဲ့ လွတ်လပ်ရေးသမိုင်းပြတိုက်၊ လေဘာတီခေါင်းလောင်းကြီး၊ အနုပညာသမိုင်း ပြတိုက်တွေအပြင် လှပတဲ့ ဆိပ်ကမ်းကိုလည်း လေ့လာလည်ပတ် ကြည့်ရှုကြပါတယ်။ ထူးခြားတာလေးကတော့ စည်တို့ဆီမှာလိုပဲ လတ်လတ်ဆတ်ဆတ်ကြံကို စက်နဲ့ကြိတ်တဲ့ ကြံရည်ကို ကိုယ်ကြိုက်တဲ့အရသာဖြင့် ပေါင်းစပ်ရောင်းချနေတဲ့ ဆိုင်တွေ့တော့ ဝယ်သောက်ကြပါတယ်။ အရသာက ကွက်တိဖြစ်ပြီး လန်းဆန်းသွားစေပါတယ်။
ဆက်လက်ပြီးတော့ Gantry Road မှာ ရှိတဲ့ Gemini Bakery Equipment ကို သွားကြပါတယ်။ မြောက်အမေရိကအတွင်းမှာ အကြီးဆုံး အထူးထုတ်ကုန် ပေါင်မုန့်နှင့် ပေါင်မုန့်လုံးများ ပြုလုပ်တဲ့ ပစ္စည်ကိရိယာတန်ဆာပလာများကို ထောက်ပံ့တင်ပို့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ မုန့်လုပ်ပစ္စည်း အသေးအမွှားကအစ ကွန်ပျူတာစနစ်မုန့်များ၊ ပေါင်မုန့်များကို ထုတ်လုပ်တဲ့ စက်အစိတ်အပိုင်းအဆုံး လေ့လာကြည့်ရှုခွင့်ရတာမို့ Chef တစ်ယောက်အနေနဲ့ လိုချင်စရာတွေချည်းပါပဲ။ ပြီးတော့ Bredenbeck’s Bakery and Ice Cream Parlor ကို သွားရောက်လေ့လာကြပြန်ပါတယ်။ ခမ်းခမ်းနားနား ပြင်ဆင်ထားတဲ့ မုန့်တွေ၊ Ice Cream တွေ၊ အလှဆင်ကိတ်မုန့်တွေ၊ ကွတ်ကီးနဲ့ Ice Cream တွေက ငေးမဆုံးပါပဲ။ အရသာစုံမြည်းမယ်ဆိုရင်တောင် တစ်နေကုန်သွားမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် အခြားသောအသေးစားနှင့် လက်ကားအရောင်းလုပ်ငန်းတွေကိုပါ လေ့လာသိရှိခွင့်ရခဲ့ပါတယ်။
ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာတော့ မြို့တစ်ဝိုက်က ဂျုံစက်ရုံနဲ့ မုန့်လုပ်ငန်းများကို သွားရောက်လေ့လာကြပါတယ်။ ဧက ၁၆၀ဝ ကျော် ဂျုံစိုက်ခင်းကို မြင်လိုက်ရတော့ ဘယ်လိုများ ရိတ်ကြ၊ ထုတ်လုပ်ကြပါလိမ့်လို့ အားလုံး တွေးဖြစ်ကြပါတယ်။ ဂျုံခင်း၊ စက်ရုံပိုင်ရှင်များကိုလည်း သိလိုတာလေးများ မေးခွင့်ရပါတယ်။ ဂျုံခင်းကို စိုက်ပျိုး၊ ရိတ်သိမ်းသည်မှအစ လိုအပ်သည်များကို အင်တာနက်စနစ်ဖြင့် ထိန်းချုပ်မောင်းနှင် လုပ်ကိုင်ကြောင်းနှင့် သဘာဝနည်းပညာကို အခြေခံထားပြီး အဆင့်မြင့်နည်းပညာကို လုပ်ငန်းပိုင်းများမှာ ထိရောက်စွာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြောင်း၊ စက်ယန္တရား အသုံးပြုမောင်းနှင်သည်မှအစ ထုတ်ကုန်ဂျုံချောထွက်သည်အထိ ကွန်ပျူတာစနစ်ဖြင့် ထုတ်လုပ်ပုံများ ရှင်းလင်းပြောပြပါတယ်။ စက်မှုကဏ္ဍအမှန် တိုးတက်လာရင် နည်းပညာ များလည်း တစ်စတစ်စ ပိုမိုပြောင်းလဲ မြင့်မားလာကြောင်း သာဓကတစ်ခုအဖြစ် လေ့လာခွင့်ရတာက တန်ဖိုးရှိလှပါတယ်။ နေ့လယ်ပိုင်းလောက်မှာ ဆဲလ်ဗေးနီးယား စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူများက အစားအစာလုံခြုံမှုဟောပြောပွဲ (Food Safety Seminar) ပြုလုပ်ပေးပါတယ်။ အစားအစာများကို စားသုံးသူလက်ဝယ်သို့ ယုံကြည်မှုရှိစွာ ရောက်ရှိစေဖို့ အရေးကြီးသော အပိုင်းကဏ္ဍတစ်ခုဖြစ်တဲ့ Food Safety အပိုင်းကို အလေးထားပြီး ဆွေးနွေးပေးလို့ စည်တို့နိုင်ငံအတွက်တော့ အလွန်အရေးပါပြီး တန်ဖိုးရှိပါတယ်။ စည်လည်း ဆွေးနွေးမှုများကို အသေးစိတ်မှတ်သားခွင့်ရလို့ အရမ်းပျော်ပါတယ်။ ကိုယ့်နိုင်ငံအတွက် အမှန်တကယ်လိုတဲ့ အစားအစာကဏ္ဍအလိုက် အစားအစာလုံခြုံစိတ်ချရေးကို အခွင့် သာရင် ပြန်လည်ဆွေးနွေးပေးဖို့ စိတ်ကူးမိပါတယ်။ အဲဒီနေ့က စောစောအစီအစဉ် သိမ်းပါတယ်။ နောက်တစ်နေ့ဆို ကိုယ့်နိုင်ငံပြန်တော့မှာမို့ ပစ္စည်းသိမ်း၊ ထုပ်ပိုးရဦးမှာ။ အမေရိကရဲ့ နောက်ဆုံးညကို အလွမ်းတွေအပြည့်နဲ့ ကျန်ခဲ့တော့မယ် ထင်တယ်။ အချိန်ရတုန်း အိုကုလာဟိုမားက ညီမ၊ အမေနဲ့ တူ၊ တူမလေးတို့ကို အွန်လိုင်းအလွမ်း သယ်လိုက်ပါတော့တယ်။ အဖွဲ့သားတွေကတော့ New York ကို ကားနဲ့ ခရီးဆက်လို့ သွားရောက်လည်ပတ်ခဲ့ကြပါတယ်။
ဇွန်လ ၂၃ ရက်နေ့ D-day finale … စည်ကတော့ မြန်မာပြည်ကို ပြန်ဖို့ ထုပ်ပိုးပြင်ဆင်လိုက်ပါတယ်။ ဒီနေ့တော့ စည်တစ်ယောက်တည်း မြို့ထဲလည်ဖြစ်သွားတယ်။ အေးချမ်းတည်ငြိမ်ပြီး ရှေးဟောင်းမြို့အသွင်အပြင်ကို ထိန်းသိမ်းကာ ခေတ်မီမြို့ ပြအသွင်အပြင်များ၊ အလှများဖြင့် တန်ဆာဆင်ထားတဲ့ Philadelphia မြို့ကို စည်က မြို့ပတ်ရထားဖြင့်တစ်သွယ်၊ တက္ကစီကားနဲ့ တစ်နည်း ခရီးဆန့်လည်ပတ်လိုက်တာ လမ်းပျောက်လုနည်းနည်းပဲ။ ဟိုငေး၊ ဒီငေး ဓာတ်ပုံတွေရိုက်ပြီး ဈေးဝယ်၊ မေးမြန်းရင်း Street Food တွေလည်း ဝယ်စား၊ ညဘက်မှ ဟိုတယ်ပြန်ရောက်တယ်။ ညမှာတော့ စည်တို့ လေဆိပ်ဆင်းခဲ့ပါတယ်။ ည ၈ နာရီ ၄၅ မိနစ်မှာ အမေရိကခရီးစဉ် နိဂုံးချုပ်ပါပြီ။ စည်ချစ်ရသော မိသားစုများနဲ့ တန်ဖိုးရှိစွာ လေ့လာခဲ့ရသော အမှတ်တရများအားလုံးကို ခွဲခွာခဲ့ရလို့ လစ်ဟာသွားသလို ဖြစ်ပါတယ်။ အချိန်တန် အိမ်ပြန်ရစမြဲမို့ အစားအသောက်လည်းကောင်းပြီး လေယာဉ်မယ်၊ မောင်တွေရဲ့ ဖော်ရွေမှုတွေ ကောင်းတဲ့ Quatar လေယာဉ်နဲ့ မြန်မာနိုင်ငံကို စည် ပြန်ခဲ့ပါပြီ။ ချစ်စွာသော ပရိသတ်ကြီးရှင့်… စည်ရဲ့ Traveller chef with heart @ America Note ဆိုတဲ့ နှလုံးသားအပြည့်နှင့် ခရီးသွားစားဖိုမှူး (သို့) အမေရိကမှတ်စု ရေးသားတင်ပြခြင်းကို နိဂုံးချုပ်ပါပြီ။ လိုတာများရှိက ဖြည့်ပေးနိုင်ပါရန်နှင့် ပိုသွားတာများရှိရင် လည်း ခွင့်ပြုနိုင်ပါရန် တင်ပြရင်း အားလုံးခရီးသွားရင်း ဖော်ရွေနိုင်ပါစေ၊ ခေါ်နေနိုင်ပါစေ။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်ရှင့်။