
“Tofu” ဆိုတဲ့ စကားလုံးကို မြန်မာတွေက ‘တို့ဟူး’ လို့ ပြောသူတွေရှိသလို၊ ‘တို့ဟူး’ လို့ ပြောသူတွေလည်း ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနက ထုတ်တဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာ ‘တို့ဟူး’ကို tou hu:/n မြန်မာအဘိဓာန်မှာတော့ “Tofu” ဆိုတဲ့ စကားလုံးကို Tofu/`tofu:/ (also bean curd) ‘တို့ဟူး’လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ‘တို့ဟူး’ မှာ အောက်ကမြစ်ပါနေတာ တွေ့ရပါတယ်။ Tofu ကို မြန်မာတွေက ‘တို့ဖူး’ လို့ အသံမထွက်ဘဲ ‘တို့ဟူး’ လို့သာ အသံထွက်ပါတယ်။ မြန်မာဗျည်းစလုံးတွေထဲမှာ ‘ဖက်ထားတယ်’ ‘ဖောင်းနေတယ်’ စတဲ့ စကားလုံးတွေထဲက ‘ဖ’သံလို အပေါ်နှုတ်ခမ်း နှင့် အောက်နှုတ်ခမ်းကိုထိပြီး ပြောရတဲ့ ‘ဖ’ ပဲရှိတယ်။ Tofu, Friday, French စတဲ့ စကားလုံးတွေမှာပါတဲ့ အင်္ဂလိပ်ဗျည်း F လို အပေါ်သွားတွေနှင့် အောက်နှုတ်ခမ်းကို ထိပြီး ရွတ်ဆိုရတဲ့ ‘ဖ’ သံထွက်တဲ့စာလုံး မြန်မာမှာမရှိတာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရပါသတဲ့။ Bean curd ဆိုတဲ့ စကားလုံးကို အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ရှာကြည့်တော့လည်း မြန်မာစကားလုံး ဖော်ပြမထားဘဲ TOFU ဆိုတဲ့ အဓိပ္ပာယ်တူ အင်္ဂလိပ်စကားလုံး တစ်လုံးသာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီတော့ ချုပ်လိုက်ရင် ‘တို့ဟူး’ သို့မဟုတ် ‘တို့ဟူး’ ဟာ ပဲက ပြုလုပ်တဲ့အစာ (bean curd) တစ်မျိုးဖြစ်တယ်။ တရုတ်တွေက dou-fou လို့ အသံထွက်ပြီး၊ အင်္ဂလိပ်တွေက foufu (တိုဖူး) လို့ အသံထွက်တယ်လို့ သိနိုင်ပါတယ်။ ဒီဆောင်းပါးမှာ မူလ (တရုတ်) Tofu ကို ‘တိုဖူး’ လို့ရေးပြီး၊ မြန်မာတွေ စားနေကျ မြန်မာ တိုဟူးကိုတော့ ‘တိုဟူး’ လို့ ရေးသွားပါမယ်။
မူလ (တရုတ်) တိုဖူး၏ သမိုင်း
တိုဖူး (အသ်က) ဟာ အာရှအရှေ့ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ လူကြိုက်များတဲ့ စားစရာတစ်မျိုးဖြစ်ပါ တယ်။ တို့ဖူးရဲ့ ဇစ်မြစ်ကို လိုက်ကြည့်တဲ့အခါ လွန်ခဲ့တဲ့ နှစ် ၂ဝဝဝ ကျော် တရုတ်ပြည်ရဲ့ ‘ဟန်’မင်းဆက်ခေတ်က စတယ်ဆိုတာ တွေ့ရပါတယ်။ တရုတ်တို့ရဲ့ ပါးစပ်ရာဇဝင်အရ တိုဖူးကို တီထွင်ခဲ့သူဟာ မင်းသား Liu An (ဘီစီ ၁၇၉-၁၂၂) ဖြစ်ပါတယ်။ တိုဖူး ပြုလုပ်စားသုံးတဲ့ ယဉ်ကျေးမှုဟာ တရုတ်ပြည်ကနေ ကိုရီးယားကို ရောက်သွားပြီး၊ အဲဒီကမှတစ်ဆင့် ဂျပန်ကို ပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။ ဗီယက်နမ် နိုင်ငံကို အေဒီ ၁ဝ-၁၁ ရာစုလောက်မှာ ရောက်ရှိပြီ၊ အဲဒီနောက် အာရှအရှေ့ပိုင်းနိုင်ငံတွေကို ပျံ့နှံ့သွားခဲ့တယ်လို့လည်း သိရပါတယ်။ အာရှအရှေ့ပိုင်းနိုင်ငံတွေမှာ ဗုဒ္ဓဘာသာ ထွန်းကားပျံ့ပွားတာနှင့် တိုဖူး စားသုံးမှုဓလေ့ ပျံ့နှံ့တာဟာ တစ်ချိန်တည်းလိုလို ဖြစ်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီနိုင်ငံတွေမှာ သက်သတ်လွတ်စားသူ ဗုဒ္ဓဘာသာဝင်တွေအတွက် တိုဖူးဟာ ပရိုတင်းအာဟာရရရှိဖို့ အရေးပါတဲ့ စားစရာ ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ‘မင်း’ မင်းဆက် (Ming Dynasty) အုပ်စိုးစဉ် ကာလအတွင်းမှာ Li Shizhen ဆိုသူဟာ တိုဖူး ပြုလုပ်နည်းကို Compendium of Materia Medica စာအုပ်မှာ ရေးသားခဲ့ပါသတဲ့။
အင်္ဂလိပ်စကားလုံး Tofu (တိုဖူး) ဟာ ဂျပန်စကားလုံး tofu ကနေ ဆင်းသက်လာတာပါ။ အဲဒီ ဂျပန်စကားလုံးကလည်း တရုတ်စကားလုံးကို ဂျပန်မှု ပြုထားတာလို့ သိရပါတယ်။ ပဲ (bean) လို့ အဓိပ္ပာယ်ရပြီး၊ အချဉ်ဖောက်ထားသော (curdled or fermented) လို့ အဓိပ္ပာယ်ရပါတယ်။ အချဉ်ဖောက်ထားသော ပဲနို့ခဲပေါ့။ အင်္ဂလိပ်အသံထွက်နှင့် ကူးယူတဲ့အခါ tou-fu ဖြစ်လာပါတယ်။ ၁၇၇ဝ ခုနှစ်မှာ James Flint ဆိုတဲ့ အင်္ဂလိပ်ကုန်သည်တစ်ယောက်က အမေရိကန် နိုင်ငံရေးသမားနှင့် သိပ္ပံပညာရှင် Benjamin Franklin ထံ ပေးခဲ့တဲ့ စာတစ်စောင်မှာ တွေ့ရတဲ့ tou-fu နှင့် အနီးစပ်ဆုံး အင်္ဂလိပ်စကားလုံး “tofu” ဟာ ဒီစာလုံးကို သုံးစွဲတာနှင့် ပတ်သက်ပြီး ပထမဆုံး ဖြစ်ပါသတဲ့။ ဒီနေ့ သုံးနေကြတဲ့ အသ်က (တိုဖူး) ဆိုတဲ့ စကားလုံးကိုတော့ အမေရိကန်ပြည်ထောင်စုမှာ ၁၈၄ဝ ပြည့်နှစ်တွေလောက်ကတည်းကစပြီး သုံးခဲ့တာလို့ ခန့်မှန်းရပါတယ်။
မူလ (တရုတ်) တိုဖူး၏ အာဟာရ
(တရုတ်) တိုဖူးဟာ ပဲပုပ် (Soya Bean) ကနေ ပြုလုပ်တာ ဖြစ်ပါတယ်။ ပဲနို့ (ပဲပုပ်နို့) ကို ခဲသွားအောင် လုပ်ပြီး လေးထောင့် အတုံးကလေးတွေဖြစ်အောင် ဖိအားသုံး ပြုလုပ်ထားတာဖြစ်ပါတယ်။ စားစရာတွေထဲမှာ တိုဖူးရဲ့ ထူးခြားချက်က ကယ်လိုရီ (Calorie) နည်းပြီး၊ ပရိုတင်း (Protein) အာဟာရကြွယ်ဝခြင်း ဖြစ်ပါတယ်။ တိုဖူးမှာ သံဓာတ် အာဟာရလည်း ပါဝင်ပြီး၊ ကယ်လစီယမ် နှင့် မက်ဂနီစီယမ် ပါဝင်မှုက တိုဖူးကို ခဲအောင်ပြုလုပ်ရာမှာ သုံးတဲ့ ပစ္စည်းပေါ် မူတည်ပြီး ကွာခြားပါတယ်။ တိုဖူးပြုလုပ်ရာမှာ အများဆုံးသုံးတဲ့ ပစ္စည်း တွေက ကယ်လစီယမ် ကလိုရိုက် (Calcium Chloride)၊ ကယ်လစီယမ် ဆာလဖိတ် (Calcium Sulphate) နှင့် မက်ဂနီစီယမ်ဆာလဖိတ်တို့ ဖြစ်ပါတယ်။ ကယ်လစီယမ်ကလိုရိုက်၊ ဒါမှမဟုတ် ကယ်လစီယမ် ဆာလဖိတ်ကို သုံးလျှင် ကယ်လစီယမ် ကြွယ်ဝပြီး မက်ဂနီစီယမ် ဆာလဖိတ်ကို သုံးလျှင်တော့ မက်ဂနီစီယမ် ကြွယ်ဝတယ်လို့ ဆိုလိုပါတယ်။
မူလ (တရုတ်) တိုဖူး ပြုလုပ်တဲ့အခါ ပဲ(ပုပ်)နို့ကို ခဲအောင်လုပ်ရာမှာ အများဆုံး အသုံးပြုတဲ့ပစ္စည်းက ကယ် လစီယမ်ဆာလဖိတ်ဖြစ်ပါတယ်။ ကယ်လစီယမ် ဆာလဖိတ် နှင့် ပြုလုပ်တဲ့ တိုဖူးကို စားတဲ့အခါမှာ နူးညံ့ပြီး အနည်းငယ် ကြွတ်ရွတဲ့ အတွေ့ကိုလည်း ရပါတယ်။ ကယ်လစီယမ် ဆာလဖိတ်ကိုယ်တိုင်က ဘာအရသာမှ မရှိပါဘူး။ ထုံးဓာတ် (ကယ်လစီယမ်) ကြွယ်ဝတဲ့အတွက် အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ထုတ်လုပ်သူတွေကလည်း သူတို့ရဲ့ တိုဖူးမှာ ကယ်လစီယမ်ကြွယ်ဝကြောင်း ကြော်ငြာကြပါတယ်။
တိုဖူးကို အမာကြိုက်သူတွေအတွက် အမာစား၊ အပြော့ကြိုက်သူတွေအတွက် အပျော့စားဆိုပြီး ခွဲခြားထုတ်လုပ်ကြပါတယ်။ အမာစား၊ အပျော့စား၊ အလွန်မာတဲ့အစား၊ အလွန်ပျော့တဲ့အစားဆိုပြီး ခွဲခြားထုတ်လုပ် ရောင်းချတာလည်း ရှိပါတယ်။
တိုဖူးကို ပိုးသားလို နူးညံ့တဲ့ တိုဖူး (Silken Tofu) နှင့် ပုံမှန်တိုဖူး (Regular Tofu) ရယ်လို့ ခွဲခြားပြီး ပြောတာလည်း ရှိပါတယ်။ အထူးပျော့တဲ့အစား (Extra-soft)၊ သာမန်အပျော့စား (Soft)၊ မပျော့မမာ (Medium)၊ သာမန်အမာစား (Firm)၊ အထူးမာတဲ့အစား (Extra-firm) နှင့် ဆူပါမာတဲ့အစား (Super firm) ဆိုပြီး အမျိုးမျိုး ကြော်ငြာရောင်းချကြတာ ရှိပါတယ်။ တကယ်တော့ ဘယ်လောက်ပျော့တယ်၊ ဘယ်လောက်မာတယ်ဆိုတာ ပဲနို့ထဲကနေ ရေဘယ်လောက်များများ ညှစ်ထုတ်ပစ်သလဲဆိုတာပေါ် မူတည်တာပါ။ ရေများများထုတ်လေ ပိုပြီးမာလေဖြစ်ပါတယ်။ အာဟာရရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ရေများများထွက်သွားလေ၊ တိုဟူးဟာ မာလေ၊ ပရိုတင်းနှင့် အဆီပိုများလေဖြစ်ပါတယ်။
မူလ (တရုတ်) တိုဖူး၏ အာဟာရ
တိုဖူး ၁ဝဝ ဂရမ်တွင်ပါသော
♦ အင်အား – ၇ဝ ကယ်လိုရီ
♦ ကာဗိုဟိုက်ဒရိတ် – ၁.၅ ဂရမ်
♦ အဆီ – ၃.၅ ဂရမ်
♦ ပြည့်ဝဆီ – ဝ.၅ ဂရမ်
♦ ပရိုတင်း – ၈ ဂရမ်
♦ ကယ်လစီယမ် – ၁၃ဝ မီလီဂရမ်
♦ သံဓာတ် – ၁.၁ မီလီဂရမ်
♦ ဆိုဒီယမ် – ၄ မီလီဂရမ်
Source : USDA Nutrient Database
မူလ(တရုတ်) တိုဖူးမှာ အများဆုံးပါတဲ့ အာဟာရဓာတ်ဟာ ပရိုတင်းဖြစ်ပါတယ်။ တိုဖူး ၁ဝဝ ဂရမ်မှာ ပရိုတင်း ၈ ဂရမ်ပါဝင်ပါတယ်။ အဆီ ၃.၅ ဂရမ်နှင့် ကာဗိုဟိုက် ဒရိတ် ၁.၅ ဂရမ် ပါသေးတာမို့ တိုဖူး ၁ဝဝ ဂရမ်စားလျှင် ဒီအာဟာရ သုံးမျိုးမှ အင်အား ၇ဝ ကီလိုကယ်လိုရီလောက် ရနိုင်ပါတယ်။ ကျန်တာက ရေဖြစ်ပါတယ်။ တိုဖူး ၁ဝဝ-ဂရမ်မှာ ပါတဲ့ အဏုအာဟာရတွေက ကယ်လစီယမ် ၁၃ဝ မီလီဂရမ်၊ ဆိုဒီယမ် ၄ မီလီဂရမ်နှင့် သံဓာတ် ၁.၁ မီလီဂရမ်ဖြစ်ပါတယ်။ ကယ်လစီယမ် ၁၃ဝ မီလီဂရမ်ဟာ လူတစ်ယောက် တစ်နေ့ တာအတွက် လိုအပ်ချက်ရဲ့ ၁၃% ဖြစ်ပြီး၊ သံဓာတ် ၁.၁ မီလီဂရမ်ဟာ လူတစ်ယောက် တစ်နေ့တာအတွက် လိုအပ် ချက်ရဲ့ ၈% ဖြစ်ပါတယ်။ ဆိုဒီယမ် ၄ မီလီဂရမ်ဟာ လူတစ်ယောက် တစ်နေ့တာအတွက် လိုအပ်ချက်နှင့် ယှဉ်လိုက်လျှင် ဘာမှမပြောပလောက်ပါဘူး။ ဝ% လို့ ဆိုနိုင်ပါတယ်။ ဆိုဒီယမ်အလွန်နည်းတဲ့ တိုဖူးဟာ သွေးတိုးရောဂါ ဝေဒနာရှင်တွေ စားသုံးဖို့ အဆင်ပြေတဲ့ အစာမျိုးဖြစ်ပါတယ်။
အပူပေးထားတဲ့ ပဲနို့ထဲက ပရိုတင်းနှင့် အဆီတွေကို ခဲအောင် လုပ်ရတာဟာ တိုဖူးလုပ်ရာမှာ အရေးကြီးဆုံး အပိုင်းဖြစ်ပါသတဲ့။ ခဲစေတဲ့ပစ္စည်း (Coagulants) တွေ အသုံးပြုရပါတယ်။ စီးပွားဖြစ် အများဆုံးသုံးတာက အထက်မှာ ပြောခဲ့တဲ့ ဓာတ်ဆားနှစ်မျိုးဖြစ်ပြီး၊ အင်ဇိုင်း (Eznyme) တစ်ခုလည်း ရှိပါသေးတယ်။ အင်ဇိုင်းကို စီးပွားဖြစ် တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေးပေမယ့် နောင်မှာ အသုံးပြုနိုင်ဖို့ အလားအလာကောင်းတယ်လို့ သိရပါတယ်။
တိုဖူးအမျိုးအစားတွေ အလွန်များပြားတဲ့အတွက် နိုင်ငံတစ်နိုင်ငံက တိုဖူးဟာ အခြားနိုင်ငံ တစ်နိုင်ငံက တိုဟူး နှင့် ပါဝင်နေတဲ့ အာဟာရဓာတ်တွေရဲ့ ပမာဏချင်း မတူပါဘူး။
မူလ (တရုတ်) တိုဖူးဟာ ပဲပုပ်ကနေ ပြုလုပ်တာဖြစ်ပေမယ့် နောက်ပိုင်းမှာ ပဲပုပ်အပြင် အခြားပဲတစ်မျိုးမျိုး၊ ဆန်၊ နှမ်း၊ မြေပဲ၊ မက်မွန် (almond) တို့နှင့်လည်း တိုဖူးသဏ္ဌာန် စားစရာတွေ ပြုလုပ်လာကြပါတယ်။ အဲဒီအစားအစာတွေကိုလည်း တိုဖူး (တိုဟူး) လို့ပဲ ခေါ်ကြပါတယ်။
မြန်မာတိုဟူး
မြန်မာ (ရှမ်း) တိုဟူးဟာ မူလ (တရုတ်) တိုဟူးနှင့် မတူပါဘူး။ တရုတ်တိုဟူးကို ပဲပုပ်က ပြုလုပ်တာ ဖြစ်ပါတယ်။ ပဲနို့ကို ဓာတုပစ္စည်း (coagulant) တွေသုံးပြီး ခဲအောင် လုပ်ထားတယ်ဆိုတာ ပြောခဲ့ပါပြီ။ ရှမ်းပြည်နယ်နှင့် မြေပြန့်ဒေသတွေမှာ မြန်မာတွေ အများဆုံးစားသုံးတဲ့ တိုဟူးကို ကုလားပဲခြမ်းက လုပ်တာဖြစ်ပါတယ်။ ကုလားပဲခြမ်းမှုန့်ကို ရေနှင့်ရော၊ (ဒါမှမဟုတ် ကုလားပဲခြမ်းကို ရေစိမ်၊ အမှုန့်ကြိတ်)၊ နနွင်းနှင့် ဆားထည့် ပြီး မီးနှင့် ကျိုပါတယ်။ ကျိုနေစဉ် မပြတ်မွှေပေးနေရပါတယ်။ မလိုင် (Cream) လို ဖြစ်လာ တော့မှ ခွက် (Tray) တဲ့ထည့်ပြီး အအေးခံပါတယ်။ ခဲအောင်လုပ်တဲ့ ဓာတုပစ္စည်း (coagulant) တွေ မသုံးပါဘူး။ ကျောက်ကျောလိုဖြစ်လာပြီး မာတင်းနေတဲ့ တိုဟူးဟာ လှီးဖြတ်တဲ့အခါ ကြေမသွားပါဘူး။ မြန်မာတွေက တိုဟူးကို အသုပ် (တိုဟူးသုပ်)နှင့် တိုဟူးကြော်အဖြစ် အများဆုံး စားသုံးကြပါတယ်။
မြန်မာတိုဟူးတွေမှာပါတဲ့ အာဟာရဓာတ်တွေကို ကျန်းမာရေးဦးစီးဌာန အာဟာရဌာနက ထုတ်ဝေတဲ့ မြန်မာ့အစားအစာများ၏ အာဟာရဓာတ်တန်ဖိုးများ စာအုပ်မှာ ဖော်ပြထားတဲ့အတိုင်း တင်ပြပါမယ်။
တိုဟူး (အဲဒီစာအုပ်မှာတော့ တို့ဟူးလို့ရေးပါတယ်) ၁ဝဝ ဂရမ်၊ (၆ ကျပ် တစ်မတ်သား) မှာ ကာဗိုဟိုက် ဒရိတ် ၁၆.၄၆ ဂရမ်၊ ပရိုတင်း ၅.၄ ဂရမ်နှင့် အဆီ ဝ.၂၄ ဂရမ် ပါဝင်ပါတယ်။ ရေက အလေးချိန်ရဲ့ ၇၈%လောက်ထိ ပါ နေပါတယ်။ ဒါကြောင့် တိုဟူး ၁ဝဝ ဂရမ်စားလျှင် အင်အားအနေနဲ့ ကယ်လိုရီ ၉ဝ လောက်သာ ရနိုင်ပါတယ်။ အလေးချိန်တူတဲ့ ထမင်း ၁ဝဝ ဂရမ်စားလျှင် ရနိုင်တဲ့ ကယ်လိုရီ ၁၅ဝ-၁၆ဝ နှင့် ယှဉ်လိုက်ရင် တိုဟူးဟာ ကယ်လိုရီနည်းတဲ့ အစားအစာမျိုးဆိုတာ သိနိုင်ပါတယ်။ ဆီကျက်၊ မန်ကျည်း သီး မှည့်ရည်၊ ကြက်သွန်နီကြော် စတာတွေနှင့် သုပ်ထားပြီး နံနံပင် အုပ်ထားတဲ့ တိုဟူးသုတ်ဟာ မြန်မာတွေ အထူးနှစ်ခြိုက်တဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ အမျိုးသမီးတွေက တိုဟူးသုပ်ကို ငရုတ်သီး စပ်စပ်ကလေးမှ ပိုပြီး ကြိုက်ကြပါတယ်။ ငရုတ်သီးမစပ်တဲ့ တိုဟူးသုပ်ရဲ့ အရသာကို နိုင်ငံခြားသားတွေပင် နှစ်သက်ကြပါတယ်။
တိုဟူးကို ကြော်လိုက်ရင် တိုဟူးကြော် ၁ဝဝ ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် ၄.၇ ဂရမ်၊ ပရိုတင်း ၂၁ ဂရမ်နှင့် အဆီ ၁၉.၈ ဂရမ်ထိ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ အဆီ ဝ.၂၄ ဂရမ်ကနေ ၁၉.၈ ဂရမ် ဖြစ်လာတာပါ။ ကြော်လိုက်တဲ့အခါ တိုဟူးထဲက ရေတွေထွက်သွားပြီး ရေနေရာမှာ ဆီတွေ ဝင်လာတဲ့သဘော ဖြစ်ပါတယ်။ တိုဟူးကြော်ကို အချဉ်ရည်နှင့် တို့ပြီး စားရတာဟာ တိုဟူးသုပ်နှင့် တစ်မျိုးတစ်ဘာသာခြားပေမယ့် အပြင်က ကြွပ်ရွနေပြီး အထဲမှာ နူးညံ့ပျော့ပျောင်းနေတာလေးက ထူးခြားတဲ့အရသာကို ပေးပါတယ်။ တိုဟူးကြော်ကို သူ့ချည့်သက်သက် သရေစာအနေနဲ့ စားကြသလို နံနက်စာ ကောက်ညှင်းပေါင်းနှင့် စားတဲ့ ဒေသတွေလည်း ရှိပါတယ်။ မုန့်ဟင်းခါး၊ ရှမ်းခေါက် ဆွဲတို့နှင့်လည်း စားကြပါတယ်။ တိုဟူးကြော်မှာ အဆီများတဲ့အတွက် ၁ဝဝ ဂရမ် စားလျှင် ကယ်လိုရီ ၁၆ဝ နီးပါးရနိုင်ပါတယ်။ ကယ်လိုရီများပါတယ်။ ဒါဟာ ကိုယ်အလေးချိန်လျှော့နေသူတွေ သတိထားရမည့် အချက်ဖြစ်ပါတယ်။
တိုဟူးနှစ်ပြန်ကြော်
မြန်မာနိုင်ငံ (ရှမ်းပြည်နယ်) မှာ တိုဟူးအမျိုးမျိုးရှိပါတယ်။ အမာ၊ အပြော့၊ အစို၊ အခြောက် (တိုဟူးခြောက်)၊ တိုဟူးသုပ်၊ တိုဟူးကြော်၊ တိုဟူးနှစ်ပြန်ကြော် စသဖြင့် ဖြစ်ပါတယ်။ နှစ်ပြန်ကြော် ၁ဝဝ ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် ၇၃.၂ ဂရမ်၊ ပရိုတင်း ၄.၄ ဂရမ် နှင့် အဆီ ၇.၆၆ ဂရမ်ပါဝင်ပြီး၊ ကယ်လိုရီ ၃၈ဝ လောက်ထိ ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
တိုဟူးခြောက်
တိုဟူးကို ပါးပါးလေး လွှာပြီး နေပူလှမ်း၊ အခြောက်ခံထားလိုက်လျှင် တိုဟူးခြောက်ကို ရပါတယ်။ တိုဟူးခြောက်ကို ကြော်စားလျှင် ကြွပ်ရွပြီး အရသာတစ်မျိုးထူးပြန် ပါတယ်။ ထမင်းချဉ်၊ အာလူးတို့နှင့် စားရတဲ့ ရှမ်းတိုင်းရင်းသား တို့ရဲ့ အစာတစ်မျိုးဖြစ်ပါတယ်။
တိုဟူးနွေ
တိုဟူးကို အေးသွား၊ ခဲသွားမှ စားတာ၊ အခြောက်ခံပြီး စားတာရှိသလို မခဲမီ ပျော့ပျော့ပြဲပြဲလေး ဖြစ်နေတုံး စားပြန် တော့ တစ်မျိုးတစ်ဖုံ အရသာထူးပြန်ပါတယ်။ ဒါက တိုဟူးနွေ ဖြစ်ပါတယ်။ ဝမ်းတိုဟူးလို့ ခေါ်ပါတယ်။
ဆီတိုဟူး
မြန်မာတိုဟူး၊ အများစုဟာ ကုလားပဲမှ ပြုလုပ်တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ပဲပုပ်ကနေ လုပ်တဲ့ တိုဟူးလည်း ရှိပါတယ်။ ဆီတိုဟူး ဖြစ်ပါတယ်။ ပဲပုပ်စေ့မှ လုပ်တဲ့ ပဲပုပ်ပြားကို မှိုတက်အောင် သိပ်ထား၊ အရက်၊ ချင်း၊ ဆား၊ ငရုတ်သီးမှုန့်တို့နှင့် ပြုပြင်စားသုံးရပါတယ်။ ဆီတို့ဟူး ၁ဝဝ ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် ၂၁.၂ ဂရမ်၊ ပရိုတင်း ဝ.၆ ဂရမ်နှင့် အဆီ ဝ.၁ ဂရမ်ပါဝင်ပြီး ကယ်လိုရီ ၈၈ လောက် ရနိုင်ပါတယ်။
ဆန်တိုဟူး
ကုလားပဲနေရာမှာ ဆန်ကို သုံးပြီးလုပ်တဲ့ တိုဟူးကို ဆန်တိုဟူးလို့ခေါ် ဆန်ကို သုံးပြီးလုပ်တဲ့ တိုဟူးကို ဆန်တိုဟူးလို့ ခေါ်ပါတယ်။ မီးနှင့် ကျိုထားတဲ့ ဆန်မှုန့်ကို ခဲအောင် ထုံးရေကြည် အသုံးပြုရပါတယ်။
တိုဟူးကို စားတော်ပဲကနေ ပြုလုပ်လို့လည်း ရပါတယ်။
ပဲပုပ်ဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစား အသောက်ဖြစ်ပေမယ့် ပဲပုပ်နှင့် ဓာတ်မတည့်သူတွေရှိပါတယ်။ သူတို့ဟာ ပဲပုပ်က ပြုလုပ်တဲ့ တရုတ်တိုဖူးကို စားလို့မရပေမယ့် ကုလားပဲကပြုလုပ်တဲ့ မြန်မာတိုဟူးကို စိတ်ချလက်ချ စားနိုင်ကြလို့ ဝမ်းသာအားရ ဖြစ်နေကြပါတယ်။
ဒေါက်တာလှကြည်