
အမည် – မသီတာထွန်း
အသက် – ၅၁ နှစ်
အလုပ်အကိုင် – သန်လျင်နည်းပညာတက္ကသိုလ်နည်းပြ (အငြိမ်းစား)
နေရပ် – ဗဟန်း
အချက်အပြုတ်ကိုတော့ ငယ်ငယ်ကတည်းက အစ်မက ဝါသနာပါခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်း ချက်ဖြစ်တာကတော့ ၁၅ နှစ်သမီးလောက်မှာမှ စချက်ဖြစ်တာပါ။ အချက်အပြုတ်ကို စတင်သင်ပေးခဲ့တဲ့ လက်ဦးဆရာတွေကတော့ အမေနဲ့ အဘွားပါ။ အခြားနေရာတွေမှာ လေ့လာဖြစ်တာဆိုရင်တော့ အစ်မအခု Food Magazine ကို လပေးယူလာတာ ၂ နှစ်နီးပါးလောက်ရှိပြီ။ မဂ္ဂဇင်းထဲက ချက်နည်းတွေကိုကြည့်ပြီးတော့ လေ့လာတယ်။ နောက် ကိုယ့်ပတ်ဝန်းကျင်က လူတွေချက်တာတွေကိုလည်း လေ့လာပြီးတော့ ကိုယ်ကြိုက်ရင် လိုက်ချက်ဖြစ်ပါတယ်။ Food Magazine ထဲမှာဆိုရင်တော့ ဝတ်ရည် Food House ရဲ့ ဟင်းပွဲပုံစံလေးတွေ ကြိုက်တယ်။ နောက် ကိုသစ်ထူးရဲ့ကဏ္ဍလေးတွေ ကြိုက်ပါတယ်။ နောက်ထပ်လေ့လာဖြစ်တာကတော့ အစ်မက Facebook မှာ ဝါသနာတူရာတို့ ဟင်းလျာအဖွဲ့ရယ်၊ စားကြမယ်ချက်ကြမယ်အဖွဲ့ရယ်မှာ ဝင်ထားလိုက်ပြီးတော့ ကိုယ်မသိတဲ့ ဟင်းပွဲအသစ်အဆန်းလေးတွေ၊ အသီးအနှံတွေ ထိန်းသိမ်းနည်းလေးတွေ၊ ဆေးကြောနည်းတွေ ကိုသိခွင့်ရတယ်။ အဲဒီမှာ ချက်ပြတဲ့ ဟင်းပွဲလေးတွေကြည့်ပြီးတော့လည်း အစ်မအတွက် ဗဟုသုတ အများကြီးရပါတယ်။
ဒီဟင်းပွဲလေးရဲ့ ထူးခြားချက်က အစ်မတို့ ငယ်ငယ်ကတည်းက အဘွားက တောက်လျှောက်ချက် ကျွေးလာတဲ့ ဟင်းလေးပါ။ ငယ်ငယ်ကဆိုရင် ငါးသလောက်အကောင်ကြီးတွေ ပေါ်ပြီဆိုရင် ဒီဟင်းလေးကို အဘွားက အမြဲတမ်းချက်ကျွေးတယ်။ ပြီးတော့ ဒီဟင်းလေးကလည်း အဘွားအရမ်းကြိုက်တဲ့ ဟင်းလေးပါပဲ။ ဒီဟင်းလေးက အဆီသိပ်မပါဘူး။ ရှလကာရည် (သို့) ဗီနီကာလေးနဲ့ ငရုတ်သီးစိမ်းလေး၊ စပါးလင်လေးနဲ့ ပြုတ်ချက်တဲ့ သဘောလေးဆိုတော့ ခံတွင်းလည်းရှင်းတယ်။ စားရတာလည်း အရသာရှိပါတယ်။ ဒီဟင်းလေးက ကရိကထလည်း မများတဲ့အတွက် အခြားစာဖတ်သူတွေလည်း လိုက်ချက်စားကြည့်ပါ။ အရသာရှိတာက တွေ့ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။
ပသျှူးငါးသလောက်ပြုတ်
► ပါဝင်ပစ္စည်းများ
အုပ်စု (၁)
♦ ငါးသလောက် – ၃ဝ ကျပ်သား
♦ ငါးပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
♦ နနွင်းမှုန့် – အနည်းငယ်
♦ ရှလကာရည် (သို့) ဗီနီကာ – ထမင်းစားဇွန်း ၂ ဇွန်း
♦ ဆီ – ထမင်းစားဇွန်း ၁ ဇွန်း
အုပ်စု (၂)
♦ ကြက်သွန်နီ – ၁ ဥ
♦ ဗမာကြက်သွန်ဖြူ – ၁ လုံး
♦ စပါးလင် – ၁ ပင်
♦ ငရုတ်သီးစိမ်း – ၁ဝ တောင့်
♦ ချင်း – ၁ လွှာ
► ချက်ပြုတ်ပုံအဆင့်ဆင့်
ဗီနီကာမှလွဲ၍ အုပ်စု (၁) ပါ ပစ္စည်းများအားလုံး ရောနယ်၍ ၁ဝ မိနစ်ခန့် နှပ်ထားပါ။ အုပ်စု (၂) မှ ကြက်သွန်နီပါးပါးလှီး၊ ကြက်သွန်ဖြူလေးစိတ်ကွဲထောင်းပါ။ စပါးလင်အပင်လိုက် ထုထားပါ။ ငရုတ်သီးစိမ်းနှင့် ချင်းတို့ကိုလည်း အနည်းငယ် ထုထားပါ။ ပြီးလျှင် ချက်မည့်အိုးထဲသို့ အုပ်စု (၁) နှင့် (၂) ကို ထည့်ပါ။ ငရုတ်သီးစိမ်းကို ချန်ထားပါ။ ရေ နို့ဆီ ဘူး ၂ ဘူးထည့်ပါ။ ဆူလာလျှင် ငရုတ်သီးစိမ်းနှင့် ဗီနီကာထည့်ပါ။ အရသာမြည်း၍ စိတ်ကြိုက်ချဉ်စပ်အရသာဖြစ်လျှင် အနည်းငယ်ထပ်ထည့်ပြီး စား၍ရပါပြီ။
ဒီဟင်းကတော့ ကျွန်မတို့ အဘွားအမြဲချက်တဲ့ဟင်းပါ။ ငါးသလောက် ဆူဆူဖြိုးဖြိုးတွေရရင် အမြဲချက်တော့တာပါပဲ။ ချက်ရလည်း လွယ်ကူပြီး စားရတာလည်း ငါးသလောက်ရဲ့အဆိမ့်ကို ချဉ်စပ်အရသာ အရည်နဲ့တွဲပြီး စားရတဲ့အခါ ခံတွင်းရှင်းပြီး ထမင်းမြိန်စေပါတယ်။
ဒီကဏ္ဍမှာ လက်စွမ်းပြချင်တယ်ဆိုရင်တော့ Ph : 09 254006049, [email protected]