
by ကိုရဲ (စိုက်ပျိုးရေး) for Food Magazine
၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အပူချိန်ပိုများမည်ဟု ဆိုသည်။ ရာသီဥတု ပို၍ ပူပြင်းလာလျှင် ဘီယာသောက်သုံးသူများ ဒုက္ခရောက်လာမည်။ ပူပြင်းလျှင် ဘီယာ ပိုမိုသောက်ကြသည် မဟုတ်ပါလား။ ပို၍ကောင်းရမည်။ ဘာကြောင့် ဒုက္ခရောက်ရပါမည်နည်း။ ရောက်တာပေါ့ဗျာ။ ရာသီဥတုဖောက်ပြန်မှုကြောင့် ဘီယာမှာ မရှိမဖြစ်၊ မပါမဖြစ် ထည့်ရသော မုယောပင်၊ ဘာလီ (Barley) ကောက်စပါးတို့သည် အထွက်နှုန်းကျဆင်းလာမည်။ ထို့ကြောင့် ဘီယာဈေးနှုန်းမြင့်တက်မည်။ ဘီယာ (Beer) ဆိုသည်မှာ မော့လ်တ် (Malt) နှင့် ဟော့ပ်စ် (Hop) တို့မှ ပြုလုပ်ထားသော ယမကာဘီယာဖြစ်သည်။ မော့လ်တ်ကလည်း အပင်ဖြစ်သည်။ ဟော့ပ်စ်ကလည်း အပင်ဖြစ်သည်။ ရာသီဥတုပူပြင်းလျှင် မဖြစ်ထွန်းသည့် အပင်မျိုးဖြစ်သည်။ မော့လ်တ်ကောက်နှံစပါးကို ရေစိမ်ပြီးမှ နေလှမ်းထားသော မော့လ်တ်ကို မီးပြင်းပြင်းဖြင့် လှော် (Roasted) လုပ်ထားပြီး ချက်လျှင် ဝီစကီရသည်။ မော့လ်တ်နှင့် ဟော့ပ်စ်တို့ပါဝင်ပြီး ပြုလုပ်ထားသော ဘီယာသည် လေဂါ (Lager) ဘီယာအပေါ့စားနှင့် စတောက် (Stout) အညိုရောင် ပျစ်ချွဲချွဲရှိသည့် ဘီယာအပြင်းစားတို့ ထုတ်လုပ်သည်။ မြန်မာနိုင်ငံ၌ ဘီယာကို ကြော်ငြာရာတွင် တစ်ချိန်သောကာလက တီဗွီ၌ “ခွန်အား ဖြိုးမောက် စတောက်” ဟု ကြော်ငြာခဲ့ဖူးသည်။
ဗျစ်ပွင့် (Hop) သည် ဘီယာကို အနံ့နှင့် အရသာကောင်းစေရန်ထည့်သည့် ဗျစ်ပင်၏ အပွင့်ဖြစ်သည်။ ဗျစ်ပွင့်ကလည်း ဘီယာချက်လုပ်ရာတွင် မရှိလျှင် မဖြစ်သည့် သဘာဝမှရသော ပစ္စည်းဖြစ်သည်။ တစ်ချိန်က မန္တလေးဘီယာ အရသာရှိ၍ ကောင်းပြီး လူကြိုက်များသည်မှာ ဗျစ်ပွင့်နှင့် မုယောစပါးတို့မှ ချက်လုပ်၍ ဖြစ်သည်။ အေးလ် (Ale) ကလည်း ဘီယာကိုခေါ်သည်။ ထိုစဉ်က မန္တလေးဘီယာသည် ပေးလ်အေးလ် (Pale Ale) အရောင်ဖျော့၊ အရသာပေါ့ပေါ့တစ်မျိုးနှင့် စထရောင်းအေးလ် (Strong Ale) ခပ်ပြင်းပြင်းအရသာတို့ဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားပြီး ထုတ်လုပ်ခဲ့သည်။ နှစ်မျိုးစလုံးတွင် ဗျစ်ပွင့်ပါရှိသည်။ ဗျစ်ပွင့်နှင့် ဖော်စပ်မှသာ ဘီယာသည် အနံ့နှင့်အရသာ ကောင်းစွာရရှိသည်။ ထိုစဉ်က ဗျစ်ပွင့်သည် မန္တလေးနှင့် မဝေးလှသော ပြင်ဦးလွင်တွင် စိုက်ပျိုးထားသည်။ ဗျစ်ပွင့်သည် အေးသော ဒေသတွင်သာ အပင်ဖြစ်ထွန်း၍ အပွင့်ပွင့်သည်။ ၁၉၆၉ ခုနှစ် ကာလက လယ်ယာ စိုက်ပျိုးရေးကော်ပိုရေးရှင်း ခြံများတွင် စိုက်ပျိုးခဲ့သည်။ ဗျစ်ပွင့်အပင်၏ ရုက္ခဗေဒအမည်မှာ Hop-Humulus Lupulus-L ဖြစ်သည်။ ဗျစ်ပွင့်ပင်သည် နွယ်ပင် ဖြစ်သည်။ ရာသီဥတု အေးမြသော ဗြိတိန်၊ ဂျာမနီ၊ ရုရှား၊ ဟော်လန်နိုင်ငံတို့တွင် အများ အပြားစိုက်ပျိုး၍ ဗျစ်ပွင့်ကို စနစ်တကျထုတ်လုပ်ပြီး ဗျစ်ရည်များတွင် အနံ့အရသာအတွက် ထည့်သွင်းအသုံးပြုကြသည်။ မန္တလေးရတနာပုံနန်းတွင်း၌ ဗျစ်ရည်ဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။
ပြင်ဦးလွင်တွင် ဒိုးကွင်ဥယျာဉ်ခြံ၊ ကျွန်းတိုင်ခြံတို့တွင်သာမက မိုးကုတ်ကျပ်ပြင်၊ ချင်းပြည်နယ် တီးတိန်နှင့် ဘော်ခွီးတို့တွင်လည်း စိုက်ပျိုးခဲ့ရာ အောင်မြင်စွာ ရှင်သန် ခဲ့သည့် အပင်ဖြစ်ပါသည်။ နောက်ပိုင်းတွင် လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်းမှ စိုက်ပျိုးမှုသာမက စက်မှု(၁) ကလည်း ဗျစ်ပွင့်ပင်များ စိုက်ပျိုးလာခဲ့ကြသည်။
ကမ္ဘာ့ဈေးကွက်တွင် ဗျစ်ပွင့်ပင်မှရသော ဗျစ်ပွင့်ကို အခြောက်ခံ၊ အမှုန့်ကြိတ်၍ အခဲပြုလုပ်ရောင်းချမှု၊ အဆီထုတ်၍ ရောင်းချမှုရှိသည်။ ဗျစ်ပွင့်၏ အခါးဓာတ်သည် အစာကြေ၊ ဆီးရွှင်စေသည်။ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်ဘီဓာတ်များ ပါသည်။ ဗျစ်ပွင့်ရောင်းဝယ်မှု ဈေးကွက်သည် ကုန်ချောအမျိုးမျိုး ထုတ်လုပ်၍ ကြီးမားသော ရောင်းဝယ်မှုရှိဆဲဖြစ်သည်။ ဘီယာကြိုက်ကြသည်မှာ ဗျစ်ပွင့်၏ အခါးအရသာကြောင့် ဖြစ်သည်။
ဗျစ်ပွင့်ပင်သည် နုန်းမြေကို ကြိုက်နှစ်သက်သည်။ ရွှံ့စေးမြေ၊ သဲဆန်မြေ၌ မဖြစ်ထွန်းပါ။ မြေကောင်းလျှင် အမြစ်ပိုသန်၍ ရာသီဥတုဒဏ် ခံနိုင်သည်။ ရေဝပ်မှုကို မကြိုက်၍ ကုန်းစောင်းတောင်ကြော စိုက်ကြသည်။ နေရောင်ခြည်လုံလောက်အောင်ရရှိမှ ဖြစ်ထွန်းသည်။ လေဒဏ်၊ အအေးပြင်းဒဏ်၊ ဆီးနှင်းဒဏ်မခံနိုင်ပါ။ သီးပွင့်ချိန် လေပြင်းတိုက်ခံရလျှင် အပွင့်၊ အသီး ပျက်စီးသည်။ အပွင်နွယ်တက်ရန် ပြုလုပ်သော ကြိုးတန်းများ ယိုင်လဲ၍ လေကာပင် စိုက်ထားရသည်။ ဇွန်လမှ ဩဂုတ်လအတွင်း မိုးရွာသောဒေသ၊ တစ်နှစ်လျှင် မိုးရေချိန် လက်မ ၂၀ ရွာသောဒေသ၊ တစ်နှစ်ပတ်လုံး ပုံမှန်မိုးရွာတတ်သည့် ဒေသမျိုးကို နှစ်သက်သည့် အပင်ဖြစ်သည်။ ဗျစ်ပွင့်ပင်ဖြစ်ထွန်းမှုသည် မြေ၊ ရာသီဥတု အဓိကကျသည်။ ဧပြီလ၊ မေလကဲ့သို့ အပင်များ အညွန့်အတက်ထွက်လာချိန်တွင် ဆီးနှင်း (Frost) များများ ကျလျှင် အပင်ကြီးထွားမှု ထိခိုက်သည်။ အရွက်နု၊ အကိုင်းနုများ ပျက်စီးသည်။ ဇွန်လ၊ ဇူလိုင်လတို့မှစ၍ နွေရာသီအထိ အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်ဝန်းကျင်ရှိလျှင် အပင် ဖြစ်ထွန်းသည်။
ဗျစ်ပွင့်ပင် စိုက်ပျိုးရန် ထွန်ယက်မြေ ပြုပြင်ရာတွင် နက်နက်ထွန်ရသည်။ ရေမဝပ်ရန် ဂရုပြုရသည်။ ရေစီးရေလာကောင်းရန် ကြိုတင်ပြင်ဆင်ရသည်။ လေကာပင်တန်းများ ကြိုတင်စိုက်ထားရသည်။ တောင်ပေါ်ဒေသဖြစ်လျှင် လေကာမှု အရေးကြီးသည်။ တစ်ဧကကို မြေဆွေး၊ နွားချေးလှည်း ၁၅ စီးထည့်ပြီး ဖော့စဖိတ်ဓာတ်မြေဩဇာ ၅၆၀ ပေါင်၊ ပိုတက်စီယမ်ဓာတ်မြေဩဇာ ၁၁၂ ပေါင် ထည့်မွှေ၍ မိုးမကျခင် ကြိုတင်ပြုလုပ်ရသည်။ မြေကြီးချဉ်ငန်ဓာတ် pH ၆ ဒသမ ၅ လက်မများသော မြေဖြစ်မှ ကောင်းသည်။
မျိုးယူရာတွင် အစေ့မှ၊ အကိုင်းမှ မျိုးများရယူနိုင်သည်။ အစေ့မှစိုက်လျှင် မူလမျိုးအတိုင်း ရရှိရန် မလွယ်ကူဘဲ အဖိုပင်များ အများအပြားဖြစ်လာသဖြင့် အပွင့်၊ အသီး ကောင်းသောအပင်မှ အကိုင်းများကိုယူ၍ ကိုင်းဖြတ်၊ ကိုင်းထိုး၊ ကိုင်းဆက်စနစ်ဖြင့် စိုက်ကြသည်။ သို့မှသာ မူလမျိုးအတိုင်း အပင်သစ်များ ရရှိသည်။ နှစ်ရှည်ခံအပင်မျိုးဖြစ်ပြီး အဖိုပင်နှင့် အမပင်ရှိသည်။ အမပင် အပင် ၁၀ဝ ခန့်တွင် အဖိုပင်တစ်ပင်၊ နှစ်ပင်ထည့် စိုက်ပျိုးရသည်။ ဗျစ်ပွင့်တစ်ပင်မှ အပွင့် ၃၀ဝ ကျော် ရရှိနိုင်သည်။
ဆောင်းရာသီတွင် ဗျစ်ပွင့်အပင်များ အနားယူချိန်ဖြစ်၍ နွယ်များသည် ခြောက်သွေ့နေတတ်သည်။ အပင်၏ အမြစ်အုံသည် မြေထဲ၌ ရှင်သန်ဆဲရှိသည်။ ငုတ်တက်များ တူးဖော်၍ ပြန်စိုက်လျှင် ဘေးမြစ်များ ထွက်လာသည်။ အမြစ်ဆုံကို ခွဲဖြတ်ယူပြီး စိုက်ခင်း၌ ပြန်လည်စိုက်ပျိုး၍ရသည်။ ကိုင်းဖြတ်စိုက်ပျိုးရာတွင် ဗျစ်ပွင့်ပင်၏ အောက်ပိုင်း လေးပေမှ ခြောက်ပေအထိကို မြေတွင်လှဲချလိုက်ပြီး မြေကြီးနှင့် ပြန်လည်ဖုံးအုပ်ထားလျှင် ကိုင်းများ မျိုးပွားရယူနိုင်သည်။ စိုက်ပျိုးရာတွင် စပျစ်ပင်စိုက်ပျိုးသကဲ့သို့ စင်တင်စနစ်၊ ကြိုးတန်းပစ် စနစ်ဖြင့် စိုက်ကြသည်။ စင်တင်နည်းတွင် ရှေးရိုးကျသောစနစ်မှာ ကွမ်းရွက်စိုက်ပျိုးသကဲ့သို့ တိုင်ရှည်ထောင် မြေစိုက်၍ နွယ်တက်သည့်စနစ်နှင့် ခေတ်မီနည်းဖြစ်သော ကြိုးတန်းသွယ်စနစ်တို့ ရှိသည်။ Butcher စနစ်မှာ တိုင်အမြင့် ၁၅ ပေကို တစ်တိုင်နှင့်တစ်တိုင် ၁၅ ပေခြား၍ အတန်းလိုက်စိုက်ပြီး ကြိုးတန်းသုံးတန်းကို မြေကြီးမှ ခြောက်လက်မကွာ တစ်တန်း၊ လေးပေအကွာတွင် တစ်တန်းနှင့် တိုင်ထိပ်နားတွင် တစ်တန်းထားသည်။ ပင်ကြား တစ်ပင်နှင့်တစ်ပင် သုံးပေမှ ခြောက်ပေ၊ တန်းကြား ခြောက်ပေမှ ကိုးပေဖြစ်စေ ခွာ၍ စိုက်ကြရသည်။
ထီးပုံ (Umbrella) စိုက်နည်းစနစ်တွင် လေးကွက်ကြားတိုင်ထား၍ တိုင်ခြေရင်းတွင် ကပ်ပြီး ဗျစ်ပွင့်ပင် တစ်ပင်ချင်း စိုက်ကြသည်။ Warcester စနစ်မှာလည်း ထီးပုံစနစ်နှင့် ဆင်တူသော စိုက်နည်းစနစ်ဖြစ်သည်။ မည်သည့်စနစ်ဖြစ်စေ တိုင်ထူ၍ ကြိုးတန်းပစ်ထားရသည်။ စနစ်အပေါ် မူတည်၍ အပင်ဝင်ဆံ့မှု အနည်းနှင့်အများ ကွာခြားသည်။
ဗျစ်ပွင့်သည် သစ်ရည်စုပ်ပိုး၊ ပင့်ကူနီ၊ ရွက်စားပိုး၊ အမြစ်ထိုးပိုးကျတတ်သည်။ အပင်ရောဂါမှာ မှိုရောဂါ အဓိကဖြစ်သည်။ Hop Downy Mildew ဖားဥမှိုနှင့် Hop Mold မှိုရောဂါကျတတ်၍ ဓာတုဆေးသုံးခြင်းထက် စပျစ်စိုက်ခင်းတွင် သုံးကြသည်။ ဘော်ဒိုမစ်ချာ (ထုံး၊ ဒုတ္ထာဖျော်ရည်) သုံးသည်။ ထုံးကန့်ဆေးရည် (လိုင်းဆာလဖာ) သုံးသည်။ ကင်ကာရောဂါသည် အပင်ခြေရင်း၌ ကျရောက်တတ်သည်။ ကင်ကာရောဂါကျလျှင် အမြစ်ပါမကျန် မြေလှန် မီးရှို့၍ ကောပါးဆာလဖိတ်ဆေးရည် ဖျန်းကြရသည်။
ဗျစ်ပွင့်သည် စိုက်ပျိုးပြီး ရက် ၇၀ ခန့်တွင် ပွင့်သည်။ အပွင့်သည် အဝါရောင်ရှိပြီး အဆုပ်လိုက်၊ အတွဲလိုက် ကျနေသည်။ ပွင့်ပြီး ရက်သတ္တနှစ်ပတ်ခန့်ကြာလျှင် ခူးယူ ကြသည်။ လက်ဖြင့် ခူးယူမှု ပြုလုပ်သည်။ စီးပွားဖြစ် စိုက်ခင်းများဖြစ်သော နိုင်ငံခြားတိုင်းပြည်များတွင် စက်ဖြင့်ခူးကြသည်။ အပွင့်တွင် အစိုဓာတ်ရှိနေသဖြင့် ကြာရှည်အထားခံရန် အခြောက်ခံရုံထဲ၌ အပူပေး အခြောက်ခံကြသည်။ အပွင့်များ အခြောက်မခံမီ အနံ့ အရသာ ပိုမိုကောင်းစေရန် ကန့်ခိုးရိုက် မှိုင်းခံရသည်။ အခြောက်ခံရာတွင် အပူချိန်ကို ၉၀ ဒီဂရီဖာရင်ဟိုက်မှစ၍ တဖြည်းဖြည်းမြှင့်တင်ပြီး အပူချိန် ၁၅၁ ဒီဂရီဖာရင်ဟိုက်အထိ အခြောက်ခံရသည်။ အခြောက်ခံထားသော ဗျစ်ပွင့်တွင် အစိုဓာတ် ၆ ရာခိုင်နှုန်းသာရှိရပြီး အပွင့်များ ကြွပ်ဆတ်နေသောကြောင့် ကြေမွမသွားစေရန် အထူးဂရုပြု ထုပ်ပိုးရပါသည်။ ပြီးလျှင် အခြောက်ခံရုံမှ အအေးခံရုံထဲသို့ ၁၀ ရက်ခန့် သိုလှောင်ထားရသည်။ အအေးခံရာတွင် အမွှေးနံ့ကို ပြုပြင်ပေးရသည်။ သို့မှသာ အနံ့အရသာကောင်းသော ဘီယာကို ရရှိသည်။ ဘီယာသောက်သုံးသူများအနေဖြင့် မိမိတို့သောက်သုံးနေသော ဘီယာကောင်းခြင်း၊ မကောင်းခြင်း၊ အရသာရှိခြင်း၊ မရှိခြင်းသည် ပါဝင်သော ဗျစ်ပွင့်၏ ပြုပြင်ပေးမှုအပေါ် မူတည်ပါသည်။
ဗျစ်ပွင့်ကို တစ်ချိန်က ပြင်ဦးလွင်တွင် စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး မန္တလေးဘီယာ ကောင်းကောင်းကို ထုတ်လုပ်ခဲ့ကြဖူးပါသည်။
[ဗျစ်ပွင့်အကြောင်း မှတ်တမ်းပြုခဲ့သော ကွယ်လွန်သူ ဦးစု (အကြံပေးအရာရှိ) အန်ကယ်စုအား အမှတ်ရစွာဖြင့်…]