မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုး အပိုင်း (၅)

by Ko Win Zaw for Food Magazine

          ပြီးခဲ့တဲ့လက တင်ပြခဲ့တဲ့ မီးဖိုချောင်သုံးတွေအပြင် နောက်ထပ်ရှိသေးတဲ့ ပုံစံအမျိုးမျိုးကိုလည်း ရေးပေးမယ်နော်။ 33. Fry and Sauté  Pan 34. Grill Pan (or) Griddle 35. Egg Fry Pan 36. Pancake Pan 37. Saucepan 38. Soup Pot 39. Blender 40. Aluminium Foil (Kitchen Foil) တို့ပဲ ဖြစ်ပါတယ်။

33. Fry and Sauté Pan

          ဒီအကြော်အိုးလေးကတော့ အနောက်တိုင်းအစားအစာမှာဆိုရင် အဓိကအသီးအရွက်တွေကို ကြော်ကြတယ်။ ပါစတာတွေ ကြော်တဲ့နေရာမှာ အဓိကဆိုတော့ မရှိမဖြစ်ပါ။ အသား၊ ငါးတွေ ဆီသတ်တဲ့နေရာမှာလည်း အရည်အသွေးကောင်းကောင်းလေးတွေရတာမို့ စားဖိုမှူးတိုင်း သုံးကြပါတယ်။ လက်ကိုင်လည်းပါတော့ အလုပ်ပြီးလျှင် ချိတ်ထားလို့ရပါတယ်။

34. Grill Pan (or) Griddle

          အသားကင်အိုးကတော့ အသားတွေ၊ ကြက်အူချောင်းတွေ၊ အသီးအရွက်တွေကို အဓိကထား ကင်တာပါ။ လိုင်းကလေးတွေကလည်းပေါ်တော့ ပေါင်မုန့်တွေ၊ အမဲသားတွေ စားတဲ့နေရာမှာ အရေးပါပါတယ်။ အဲဒါကြောင့် အသားကင်ဆိုင်တွေ၊ အနောက်တိုင်း အစားအစာရောင်းတဲ့ မီးဖိုချောင်တွေမှာဆိုရင် အရမ်းလိုအပ်ပါတယ်။

35. Egg Fry Pan

          ကြက်ဥကြော် အိုးသေးလေးက အရမ်းသေးပြီး ချစ်စရာလေးပါ။ အိုးကတော့ ကြက်ဥတစ်လုံးစာစီ ဖြစ်စေ၊ များများကြော်လို့ရတာဖြစ်စေ ရှိပါတယ်။ အများဆုံးသုံးရမှာကတော့ တစ်လုံးစာစီပေါ့။ ထမင်းကြော်ပေါ်တင်မယ်။ အလှလေးဖြစ်အောင် ကြော်မယ်ဆိုရင်လည်း သုံးလို့ကောင်းပါတယ်။

36. Pancake Pan

          ဒီအိုးလေးတွေကတော့ ပုံစံခွက်လေးတွေများပြီး လှနေတာပဲ။ အိမ်မှာဆိုရင်လည်း ကလေးတွေက အရမ်းသဘောကျကြတာပေါ့။ ဟိုတယ်တွေမှာ နံနက်ပိုင်းဘူဖေးကျွေးလျှင် မရှိမဖြစ် လိုအပ်တာပါ။ တချို့ပန်ကိတ်တွေ သီးသန့်ရောင်းတဲ့ဆိုင်တွေလည်း ရှိပါသေးတယ်။ နောက်ပြီး အခြားမုန့်တွေကအစ အဲဒီအိုးလေးကို သုံးပြီး လုပ်လို့ရပါတယ်။

37. Saucepan

          အဲဒါကိုတော့ ဆော့စ်တွေချက်တဲ့နေရာမှာ အဓိကသုံးပါတယ်။ အသားတွေ ကင်တာဖြစ်စေ၊ ဖုတ်တာဖြစ်စေ စသဖြင့် မည်သည့်အတွက်ပဲဖြစ်ဖြစ် အပေါ်ကလောင်းဖို့ ဆော့စ်ချက်လျှင် သုံးပါတယ်။ ဆော့စ်ဆိုတော့ အများကြီး မလိုအပ်တာဖြစ်လို့ အိုးတွေကလည်း အနေတော် သေးသေးတွေပါပဲ။ ဒီမှာထူးခြားတာက သံနှင့်လုပ်တဲ့ အိုးတွေက သုံးမကောင်းပါဘူး။ စတီးနှင့်မှ ကောင်းပါတယ်။

38. Soup Pot

          စွပ်ပြုတ်လုပ်တဲ့နေရာမှာ အဓိကသုံးတဲ့အပြင် စတော့ရည်ချက်လည်း သုံးလို့ရပါတယ်။ စွပ်ပြုတ် ဆိုတဲ့နေရာမှာ တစ်ယောက်စာမကဘဲ လူဦးရေများများအတွက် ချက်ဖို့ အရမ်းကောင်းပါတယ်။ အိုးဖင်က ထူတော့ တော်ရုံတန်ရုံနှင့် အိုးမကပ်ပါဘူး။ ဥရောပ ဟင်းချိုတွေသာမက အာရှအစားအစာ တွေပါ အသုံးပြုနေကြပါပြီ။

39. Blender

          ကြိတ်မွှေစက်လို့ပဲ ခေါ်ရမှာပေါ့နော်။ တော်တော်များများကို ကြိတ်ခြေလို့ရပါတယ်။ ကြက်သွန်ဖြူ၊ ချင်းတို့ကို ကြိတ်လို့ရသလို အသီးဖျော်ရည်လုပ်တဲ့နေရာမှာလည်း သုံးလို့ ရသေးတယ်။ ဒီလိုနေရာမျိုးစုံ သုံးလို့ရတဲ့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

40. Aluminium Foil (Kitchen Foil)

          မြန်မာလိုတော့ လွယ်လွယ်နှင့် ခဲပတ်လို့ ခေါ်ကြတာပေါ့။ အမြဲတွေ့နေရတဲ့ ငါးကင်တွေဆိုရင် အရမ်းကောင်းပဲ။ ကြက်သား၊ ဆိတ်သား၊ အမဲသား စတာတွေကို Bake နှင့် Roast လုပ်တဲ့နေရာတွေမှာ သုံးလို့ကောင်းပါတယ်။ ဒါထက်မကပါဘူး။ အာလူးကို မီးပူမကပ်အောင် ဖုတ်တာတို့၊ အသီးအရွက်တွေကို ပတ်ပြီး ဖုတ်တာတို့မှာလည်း သုံးရတာကောင်းပါတယ်။ ကဲ… ဒီလောက်နှင့်ပဲ ကျေနပ်ကြပါနော်။

Facebook Comments