
by Win Zaw @ Mario Win Zaw for Food Magazine
မီးဖိုချောင်ထဲမှာ လိုအပ်တဲ့ပစ္စည်းလေးတွေအကြောင်း ရေးလာခဲ့တာ အခုဆိုရင် တော်တော်လေးလည်း စုံနေပါပြီ။ ဒီတစ်ကြိမ်ရေးပြီးရင်တော့ ယခုကဏ္ဍကို ရပ်ထားလိုက်ပါဦးမယ်။ တခြားအရာလေးတွေ ရေးစရာပေါ်လာလို့ပါ။ အခု တင်ပြပေးမှာကတော့ 41. Pasta Roller Machine 42. Carving Knife 43. Spatula 44. Oven Gloves 45. Basin 46. Bain Marie 47. Food Thermometer 48. Mobile Plate Rack တို့ပဲ ဖြစ်ပါတယ်။
41. Pasta Roller Machine (ပါစတာလုပ်စက်)
ပါစတာလုပ်စက်လေးက သေးသလောက် အလွန်ပဲ ထိရောက်ပါတယ်။ စပါကတီဝယ်ဖို့ အခက် အခဲဖြစ်တဲ့အခါမှာ ကိုယ်တိုင်လုပ်လို့လည်း ရတယ်။ ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးလည်း လုပ်လို့ရပါတယ်။ ဟိုတုန်းကတော့ ဂျာမနီက လာတယ်။ အခုနောက်ပိုင်းမှာတော့ ထိုင်ဝမ်ကလာတာလည်း တွေ့ရပါတယ်။ တချို့က စပါကတီကို လုပ်ပြီးသား ဝယ်တာထက် ကိုယ်တိုင်လုပ်စားချင်တာတွေ ရှိတယ်လေ။
42. Carving Knife (ပန်းဖော်ဓား)
အသီးတွေကို ပန်းဖော်တဲ့ဓားကလည်း အလွန်အရေးပါပါတယ်။ အဲဒီဓားလေးတွေဟာ ပုံစံအမျိုးမျိုး ရှိပါတယ်။ မိမိပုံဖော်လိုတဲ့ ဒီဇိုင်းအပေါ်မှာ မူတည်ပြီးတော့ အသုံးပြုရတဲ့ ဓားကလည်း ကွာခြားပါတယ်။
43. Spatula (စပါကျူလာ)
လူတိုင်းကတော့ စပါကျူလာလို့ပဲ ခေါ်ကြပါတယ်။ အဲဒါကိုတော့ ဥရောပအစားအစာ လုပ်တဲ့သူတွေနဲ့ မုန့်လုပ်ငန်းလုပ်တဲ့သူတွေ အများဆုံးသုံးကြပါတယ်။ ထောပတ်နှင့် လုပ်ရတာတွေ၊ ဂျုံနှင့်လုပ်ရတဲ့နေရာတွေမှာ မရှိမဖြစ် သုံးရပါတယ်။ အများဆုံးကတော့ ဆီလီကွန်နှင့်လုပ်တာကို အသုံးများကြပါတယ်။
44. Oven Gloves (အပူခံလက်အိတ်)
မုန့်ဖုတ်တဲ့သူတွေ၊ အသားကင်တဲ့သူတွေကတော့ အဲဒီအပူခံလက်အိတ်သုံးမှ အဆင်ပြေပါတယ်။ ဒီအပူခံလက်အိတ်ကိုသုံးမှ Oven သုံးတဲ့သူအားလုံး အပူတွေလည်း သက်သာပါတယ်။ ပူနေတဲ့ ဗန်းတွေ၊ အိုးကြီးကြီးတွေကို ကိုင်မယ်၊ မမယ်ဆိုရင်လည်း သုံးလို့ အလွန်ကောင်းပါတယ်။ လက်အိတ်ကတော့ ပုံစံအမျိုးမျိုး၊ အရည်အသွေးအမျိုးမျိုး ရှိပါတယ်။
45. Basin
ဘေစင်ဆိုတာကိုတော့ ဒီလိုပဲ ခေါ်ကြပါတယ်။ မီးဖိုချောင်ထဲမှာ ပန်းကန်ဆေးကြောဖို့၊ အသီး အရွက်တွေ ဆေးကြောဖို့ မရှိမဖြစ် တပ်ဆင်ရမှာပါ။ ဒီဘေစင်ရှိမှသာ ညစ်ပတ်ပေရေမှု၊ ရေဝပ်မှုတို့ သက်သာပြီး အောက်ခြေကြမ်းပြင်လည်း သန့်ရှင်းမှာပါ။ ဘေစင်က မရှိမဖြစ်လိုအပ်ပြီး ထိုင်ပြီး ဆေးကြောမှုတွေကလည်း လုပ်ငန်းကို အရမ်းနှောင့်နှေးစေပါတယ်။
46. Bain Marie
အဲဒါကို အစားအသောက်တင်တဲ့ စင်လို့ပဲ ပြောရမလားနော်။ ချက်ပြီး၊ ပြုတ်ပြီးသား အစားအစာတွေကို ဒီစင်လေးထဲမှာ ပုံစံခွက်လေးတွေနှင့်ထည့်ပြီး အပူပေးထားလို့ရပါတယ်။ အပူပေးလို့ ရတာရှိသလို အအေးပေးလို့ရတာလည်း ရှိပါတယ်။ Cold Kitchen မှာ အသုံးပြုကြပါတယ်။ ဆလတ်ရွက်တွေ၊ အသီးတွေနဲ့ ဆော့စ်တွေကို ကြာရှည်ခံဖို့ အအေးပေးပြီး ပြင်ဆင်မှုပြုလုပ်ပါတယ်။
47. Food Thermometer (အစားအသောက်အပူချိန်တိုင်းကိရိယာ)
အစားအစာတွေကို မိမိလိုချင်တဲ့ အတိုင်းအတာဖြစ်အောင် အပူချိန်တိုင်းကိရိယာ သုံးရပါတယ်။ ဆီအပူချိန်အနည်းအများ၊ အသားကင်တဲ့နေရာမှာ အသားထဲကအပူချိန်စသည်တို့ကို တိတိကျကျ သိရတော့ အသုံးတည့်တာပေါ့။ ဒီပစ္စည်းလေးတွေဟာ ပုံစံအမျိုးမျိုး ရှိပါတယ်။
48. Mobile Plate Rack (နေရာရွှေ့ရသော ပန်းကန်တင်စင်)
ဒီပန်းကန်တင်စင်ကတော့ အစားအစာချက်ပြီးသားတွေကို ပြင်ဆင်ပြီး ထားစရာကို နေရာတကျနဲ့ သေသပ်စွာ စုစည်းထားနိုင်လို့ သုံးကြရတာပါ။ နေရာအကျယ်ကြီး သုံးစရာမလိုဘဲ ပန်းကန် အရေအတွက်များများကို တစ်နေရာတည်းမှာ ထားလို့ရပြီး မိမိလိုရာ တွန်းရွှေ့လို့ရပါတယ်။ ဒါကြောင့် ဧည့်သည်တွေကို ဆားဗစ်ပေးရာမှာလည်း လုံးဝ ချောမွေ့ပါတယ်။ ကဲ… ဒီလောက်နှင့်ပဲ ရပ်နားပါရစေ။ အားလုံး မီးဖိုချောင်ဗဟုသုတ တိုးပွားကြပါစေ။