မုန့်စိမ်းပေါင်း

by ရွှေရည်ဖြိုး for Food Magazine

ပါဝင်ပစ္စည်းများ

ဆန်  –  ၁ ပြည်

ထန်းလျက်  –  ၅၀ ကျပ်သား

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဆန် ၁ ပြည်ကို ဆန်အစိမ်းမှုန့်ဖြစ်အောင် ကြိတ်ပါ။ ကြိတ် ထားတဲ့ ဆန်အစိမ်းမှုန့်ကို ရေစပ်စပ်နဲ့ မုန့်စိမ်းပေါင်း ပေါင်းတဲ့အိုးထဲမှာ မိနစ် ၃၀ ခန့် ပေါင်းပေးပါ။ အိုးကိုလည်း အငွေ့များ အပြင်မထွက်သွားအောင် အဝတ် (သို့) မုန့်နှစ် များနှင့် သေချာပိတ်ထားပေးပါ။ အပေါ်ကနေလည်း အလေးအပင်တစ်ခုခုနဲ့ ဖိထားပါ။ မိနစ် ၃၀ ခန့် ပေါင်းပြီးလျှင် မုန့်နှစ်များကို အပြင်ထုတ်ပါ။ ဆန်မှုန့် ၁ ပြည်ကို တစ်ဝက်စီခွဲထားပါ။ ထန်းလျက် ၅၀ ကျပ်သားကို ပျစ်ပျစ် လေးကျိုပါ။ ကျိုထားတဲ့ ထန်းလျက်ကို ပေါင်းထားတဲ့ ဆန်မှုန့် ၅၀ ကျပ်သားထဲ ရောနယ်ပါ။ ဆားအနည်း ငယ်ထည့်ပါ။ အစိမ်းမှုန့် ၅၀ ကျပ်သားထဲမှာလည်း ဆားအနည်းငယ် ထည့်ပါ။

၂။       အကျက်ပေါင်းပေါင်းဖို့အတွက် အဆိမ့်ကြိုက်တဲ့သူတွေ အတွက် မုန့်စိမ်းပေါင်းအိုးထဲ ဦးစွာအဖြူမှုန့်ကို ထည့်ပါ။ ဒုတိယအလွှာအတွက် ထန်းလျက်နဲ့ နယ်ထားတဲ့ မုန့်နှစ် ထည့်ပေးပါ။ စပြီးတော့ အကျက်ပေါင်း ပေါင်းပါမယ်။ အိုးနံဘေး ပတ်ပတ်လည်ကို စည်းလေးပိတ်ထားပေးပါ။ ပေါင်းအိုးနဲ့ ရေနွေးအိုးကြားထဲမှာ ရေနွေးငွေ့ ထွက်သွား တတ်ပါတယ်။ အထဲကို ရေနွေးငွေ့ အလွယ်တကူ ဝင်ရောက်နိုင်အောင်၊ အပြင်ဘက်ကို မထွက်နိုင်အောင် ဘေးပတ်ပတ်လည်ကို စည်းလေးနဲ့ ပိတ်တာပါ။ အဝတ်နဲ့ ပိတ်လျှင်ပိတ်၊ ရိုးရာနည်းကတော့ မုန့်သားလေးနဲ့ ပိတ်ကြတာများပါတယ်။ အဖုံးကိုလည်း သေချာလေး ပိတ်ထားပေးပါ။ ကျစ်ကျစ်လျစ်လျစ်လေးဖြစ်အောင် ဖိသိပ်ပေးပါ။

၃။       မီးပြင်းပြင်းလေးနဲ့ ၁ နာရီကြာ ပေါင်းပေးပါ။ ၁ နာရီကြာ ပေါင်းပြီးသွားပြီဆိုလျှင် ဗန်းထဲ မှောက်ချလိုက်တာနဲ့ မုန့်စိမ်းပေါင်းအလုံးလိုက်လေး ထွက်လာပါပြီ။ အဲဒီ နည်းကတော့ ရိုးရာပေါင်းနည်းပါ။ ခေတ်ပေါ်ပေါင်းနည်းမှာတော့ အုန်းနို့လေးထည့်ပြီး ပေါင်းကြပါတယ်။ မွှေးမွှေးလေးနဲ့ ဆိမ့်ဆိမ့်လေးကြိုက်တယ်၊ အုန်းနို့ လေးလည်း ကြိုက်တယ်ဆိုလျှင် အုန်းနို့ရည်လေးကို ထပ်ထည့်ပြီး ပေါင်းလို့ရပါတယ်။ တချို့ကျတော့ မုန့်စိမ်းပေါင်းအောက်လေးမှာ သီးစုံလေးတွေ ထည့်ကြတယ်။ တချို့ကျတော့ အားလုံးမှာ ပဲတွေထည့်ပေါင်းကြပါတယ်။ ဒါကြောင့် မုန့်စိမ်းပေါင်းမှာ သီးစုံပေါင်း၊ ပဲပေါင်းဆိုပြီး ထပ်ထွက်လာပါတယ်။

၎။       မုန့်စိမ်းပေါင်းအကျက်ထွက်လာပြီဆိုလျှင် ပူပူနွေးနွေးလေးဖြစ်နေတဲ့အချိန်မှာ ဓားပါးပါးလေးနဲ့ တစ်ချက်ချင်းစီ၊ တစ်လွှာချင်းစီလှီးပြီး ပဲဆီလေးကို မွှေးမွှေးလေးဆမ်းပါ။ အပေါ်ကနေ နှမ်းထောင်းလေးကို ပါးပါးလေးဖြူး၊ အုန်းသီး နုနုလေး ဖြူးပြီး အဆင်သင့်သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu