
by ရွှေရည်ဖြိုး for Food Magazine
မုန့်ဦးနှောက်ကို လြူ ကီး၊ လူငယ်မရွေး ကြိုက်ကြပါတယ်။ မုန့်မှာ သာဂူစေ့လေးပါပြီး အပေါ်မှာ အုန်းနို့်ဆီချက်လေး ဆမ်းပြီးစားလိုက်ရရင် ချိုဆိမ့်တဲ့အရသာလေးကို ရမှာပါနော်။
ပါဝင်ပစ္စည်းများ
ဆန်ကြမ်း – ၃ လုံး
ရေ – နို့ဆီဘူး ၁၂ ဘူး
သာဂူစေ့ – ၅ ကျပ်သား
သကြား – ၁၀ ကျပ်သား
ဆား – လက်ဖက်ဇွန်း ၁ ဇွန်း
ထုံး – ၁ ထုပ်
အုန်းသီး – ၃ လုံး (ခြစ်ထားပါ)
ပြုလုပ်နည်း
၁။ ဆန်ကြမ်းကို ရေစင်အောင် ဆေးပြီး ထုံးနှင့် ရောမွှေ၍ ညသိပ် (သို့) ၆ နာရီခန့် ရေစိမ်ထားပါ။
၂။ ညသိပ်ပြီး စိမ်ထားသော ဆန်ကြမ်းကို ရေ ၃ ထပ်ခန့် ဆေး၍ ကြိတ်ပါ။ မုန့်နှစ်ထဲ ဆားထည့်ပါ။
၃။ သာဂူစေ့ကို ၁၀ မိနစ်ခန့် ရေစိမ်ထားပါ။
၎။ ကြိတ်ပြီးသား ဆန်နှစ်ရည်ကို အောက်မီးများများနှင့် ကျိုပါ။
၅။ မိနစ် ၂၀ ခန့် ကျိုပြီး သာဂူစေ့နှင့် သကြားကို ထည့်၍ မီးလျှော့ပြီး ညောင်စေးကျသည်အထိ ကျိုပါ။
၆။ ညောင်စေးကျလျှင် ဆီသုတ်ထားသော မုန့်ဗန်းထဲ လောင်း၍ အအေးခံပါ။
၇။ အုန်းဆီချက်အတွက် ခြစ်ပြီးသား အုန်းသီး ၃ လုံးကို ရေ နို့ဆီဘူး ၄ ဘူးဖြင့် အရည်ဖြစ်သည်၊ ဆီပြန်သည်အထိ ကျိုထားပါ။
၈။ အအေးခံပြီး ၁ နာရီခန့်အကြာမှာ ဓားနှင့်လှီး၍ လိုသလိုပုံသွင်းပြီး အပေါ်မှာ အုန်းဆီချက် လေးများဖြူး၍ စားသုံးနိုင်ပါပြီ။
၉။ အချိုကြိုက်သူများအတွက် မုန့်အပေါ်မှာ သကြားအနည်းငယ်ထပ်၍ ဖြူးပြီး စားသုံးနိုင်ပါပြီ။
၁၀။ ဖက်နှင့်ထုပ်၍ စားသုံးချင်သူများအတွက် တောင်စွန်ရွက်ကလေးများထဲ ဟင်းခပ်ဇွန်း ၁ ဇွန်းစာ မုန့်နှစ်လေးများထည့်၍ တစ်ထုပ်ချင်း ထုပ်ပြီး အအေးခံ၍ စားသုံးနိုင်ပါပြီ။