ရှမ်းမြောက်ပိုင်း လက်ဖက်ခရီးစဉ် အပိုင်း (၁) မန်းမြေမှ တိုင်းရင်းသားစာများ

By ကိုသစ်ထူး for Food Magazine

          Food Magazine ရဲ့ ပရိသတ်များအတွက် Food & Travel အစီအစဉ်ကို အစပြုပေးခဲ့ပြီး ကိုယ်တိုင် သွားရောက်ခဲ့ရတဲ့ ခရီးစဉ်တွေကို မတင်ပြဖြစ်ခဲ့တာ တော်တော်လေး ကြာခဲ့ပါပြီ။ သွားခဲ့သမျှခရီးစဉ်တွေဟာ ပရိသတ်များအတွက် အထူးအဆန်း မဟုတ်တာကြောင့် ဒီအစီအစဉ်နဲ့ အလှမ်းဝေးခဲ့ပါတယ်။ ဒီတစ်လတော့ နောက်ဆုံးသွားဖြစ်ခဲ့တဲ့ ရှမ်းမြောက်ပိုင်းက လက်ဖက်ခင်းများဆီကို အရောက်သွားခဲ့တဲ့ ခရီးစဉ်တစ်လျှောက် စားခဲ့သမျှ၊ တွေ့ကြုံခဲ့သမျှကို ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

မန္တလေးရဲ့ ‘ မင်္ဂလာပါ ‘

          ရန်ကုန်-မန္တလေးကို လေကြောင်းကပဲ သွားခဲ့ပြီး မန္တလေးကို နံနက် ၈ နာရီခွဲလောက် ရောက်ပါတယ်။ မန်းကလေးဂရိတ်ဝေါဟိုတယ်မှာ အခန်းယူ၊ ခဏအနားယူပြီး တဲ့နောက်တော့ မန္တလေးရဲ့ နာမည်ကြီး မြန်မာစားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ ‘ မင်္ဂလာပါ ‘  မြန်မာစားသောက်ဆိုင်မှာ နေ့လယ်စာ စားဖြစ်ခဲ့ပါတယ်။ မင်္ဂလာပါဖွင့်တာ ၅ နှစ်တောင် မရှိလှသေးပေမယ့် အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။ အဲဒီနေ့ကတော့ မင်္ဂလာပါ အောင်မြင်ရတဲ့အကြောင်းရင်းကို သိခဲ့ရပါတယ်။ အထက်အောက်၊ ရှေ့နဲ့နောက်မှာ များပြားလှတဲ့ စားပွဲဝိုင်းတွေကို စီမံဝန်ဆောင်မှုပေးနိုင်ဖို့ ဝန်ထမ်းအင်အားကို အလုံအလောက်ပေးထားပြီး ပိုပြီးတော့ အံ့ဩစရာကောင်းတာက နိုင်ငံခြားသားဝိုင်းတွေကို  ဝန်ဆောင်မှုပေးတဲ့သူတိုင်းက ဟင်းပွဲတွေအကြောင်း အင်္ဂလိပ်လို ရှင်းပြနိုင်တဲ့ အချက်ပါပဲ။ မှာယူချင်တဲ့ အစားအစာကို ဆိုင်ဝင်တာနဲ့ လက်ညှိုးထိုးမှာယူနိုင်ပြီး မကြာခင်မှာပဲ အရန်ဟင်းများစွာနဲ့ မှာယူထားတဲ့ဟင်းတွေ ရောက်လာခဲ့ပါတယ်။ လူ ၁၄ ယောက် ပါတဲ့ ကျွန်တော်တို့အဖွဲ့မှာ လူတိုင်းက ဟင်းလျာတိုင်းကို နှစ်သက်လက်ခံကြပါတယ်။ မန္တလေး ဟင်းလျာတွေအနေနဲ့ တောဝက်သား၊ ဆိတ်ကလီစာ၊ ငါးစင်ရိုင်း မန်ကျည်းရွက်ချက် စတာတွေကလည်း မြန်မာ့ရနံ့အရသာပြည့်သလို ကျွန်တော့်စိတ်ကို ပိုပြီး ဖမ်းစားနိုင်တာက မင်္ဂလာပါရဲ့ များပြားလှတဲ့ အရန်ဟင်းတွေဖြစ်ပါတယ်။ သန့်သန့်ရှင်းရှင်း စားရခဲလှတဲ့ နှမ်းဖတ်ချဉ်၊ ခရမ်းချဉ်သီးငရုတ်သီးစိမ်းတွေနဲ့ အညာချက် ချက်ထားတဲ့ မှိုဟင်း၊ ကြက်သွန်ကြော်ကြွပ်ကြွပ်လေးတွေ တင်ထားတဲ့ မျှစ်ကြော်၊ ကြက်ဟင်းခါးနှပ်၊ မြေပဲကြော်နဲ့ အတို့အမြှုပ်စုံလင်လှတဲ့ ငါးပိရည်ဖျော်စုံလိုပါပဲ။ ထမင်းစားပြီးတော့ မြန်မာအချိုပွဲ မျိုးစုံနဲ့ မန္တလေးမြို့ရဲ့ အထင်ကရအစားအစာဖြစ်တဲ့ မန္တလေးမရွေးနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

လက်ဖက်စိုစက်ရုံလေ့လာရေး

          နေ့လယ်စာစားပြီးတော့ မန္တလေးမြို့ရဲ့ နာမည်ကြီး လက်ဖက်ထုတ်လုပ်တဲ့ စက်ရုံကို သွားရောက်လေ့လာခဲ့ပါတယ်။ လက်ဖက်အညွန့်ကနေ အဆင့်ဆင့် စီမံထုတ်လုပ်ပြီး နောက်ဆုံး လူကြိုက်များတဲ့ ရှူးရှဲလက်ဖက်ထုပ်တွေ၊ ဘူးတွေအဖြစ် ထုတ်လုပ်ပုံ အဆင့် ဆင့်ကို လေ့လာခွင့်ရလို့ အတွေ့အကြုံသစ်တစ်ခုဖြစ်ခဲ့ရပါတယ်။ ကုန်ကြမ်းပစ္စည်း ဝယ်ယူစုဆောင်းပုံမှစပြီး ထုတ်လုပ်မှုအဆင့်တိုင်းကို သေသေချာချာလိုက်လံရှင်းပြပြီး ထုတ်ကုန်ပစ္စည်းတိုင်းကို စားသုံးသူများက စိတ်ချယုံကြည်မှု ရစေဖို့အတွက် ပြည်တွင်း FDA  ရှိထားပြီး ဖြစ်သော်လည်း နိုင်ငံတကာအဖွဲ့အစည်းများက ပေးအပ်သော GMP နှင့် HACCP လက်မှတ်များလည်း ရရှိအောင် လိုအပ်တဲ့အဆင့်မြှင့်တင်မှုတွေနဲ့ သင်တန်းပို့ချမှုတွေကို ပြည်ပအဖွဲ့အစည်းများနဲ့ လက်တွဲလုပ်ဆောင်နေတာကိုလည်း လေ့လာခဲ့ရပါတယ်။ စက်ရုံတစ်ရုံလုံး ကုန်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို အသေးစိတ်လေ့လာလိုက်တာ စက်ရုံအလုပ်သိမ်းချိန်ကျော်ပြီး စက်ရုံလုပ်သားတွေ အချိန်ပိုအလုပ်ချိန်တွေ ဖြစ်သွားတာတောင် သတိမထားမိလိုက်ဖြစ်ရပါတယ်။ အလုပ်တွေ နေ့တစ်ခြမ်းလုံး ဆက်တိုက်လုပ်လာပြီးတဲ့နောက်မှာတော့ ညစာမစားခင် ဟိုတယ်ပြန်ပြီး ရေချိုးပြင်ဆင် ရပါတော့တယ်။

မန္တလေးရဲ့  တိုင်းရင်းသားညစာ

          မန္တလေးမြို့က မြန်မာနိုင်ငံ အထက်ပိုင်းဒေသရဲ့ တိုင်းရင်းသားများ ပေါင်းဆုံ စုစည်းရာမြို့ ဖြစ်တာကြောင့် တိုင်းရင်းသားများရဲ့  ရိုးရာအစားအစာများကို တည်ခင်း ရောင်းချတဲ့ စားသောက်ဆိုင်များစွာလည်း တည်ရှိလို့နေပါတယ်။ ဒီနေ့ညရဲ့ ညစာကို Myanmar က တည်ခင်းတဲ့ ကိုးကန့်တိုင်းရင်းသား စားသောက်ဆိုင်မှာ သွားရောက် စားဖြစ်ခဲ့ပါတယ်။ ၆၃ x ၆၄ ကြား၊ ၃၇ x ၃၈ ကြား ရွှေဘိုလမ်းသွယ်ထဲက ဒီဆိုင်လေးမှာတော့  ထူးထူးဆန်းဆန်းအနေနဲ့ ဝက်ကလေး အကောင်လုံးကင် ဟင်းလျာက နာမည်ကြီး လူကြိုက်များတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ အဲဒီဟင်းလျာတွေအပြင် အော်စွန်းနဲ့ ဝက်အူမ ရောသုပ်ထားတဲ့အသုပ်၊ ဝက်နံရိုးကြော်၊ ဝက်အသည်းကြော်၊ ပဲရွက်ကြော်၊ ကိုက်လန်ကြာ်၊ ကိုးကန့်ဝက်ပေါင်ခြောက်၊  ကြက်သားဟင်းစတာတွေကိုလည်း တည်ခင်းပေးခဲ့ပါတယ်။ ဒီညစာအတွက် ထူးခြားတဲ့ ဝက်ကလေး ကောင်လုံးကင်ကတော့ တွဲဖက် စားရတဲ့ ငရုတ်ဆော့စ် ၂ မျိုးနဲ့ ထူးခြားအရသာရှိလှပါတယ်။ ကြွပ်ရွတဲ့အပြင် အခေါက် ပါးပါးလေးတွေကို အရင်စားပြီးမှ အတွင်းသား နုနုလေးတွေကို ဆော့စ်လေးတွေနဲ့ တို့စားရတဲ့အတွေ့အကြုံက မမေ့နိုင်စရာပါ။ ရောက်လေရာအရပ်မှာ နည်းစနစ်အသစ်များ ကို အကြံပေးမျှဝေတတ်တဲ့ ကျွန်တော့်စိတ်ရင်းကြောင့် အခုချိန်လောက်ဆို ဝက်ကောင် လုံးကင်မှာ အခေါက်စားပြီးရင် အသားနဲ့ အရိုးကို စိတ်ကြိုက်ဟင်းလျာ ပြန်လည်ချက်ပြုတ်ပေးမယ့် ဟင်းလျာစာရင်းအသစ် ရှိနေလောက်ပါပြီ။ ဘယ်လိုပဲဖြစ်ပါစေ ဝက်ခေါက် ကြွပ်ကြွပ်လေးကို ငရုတ်ဆော့စ် စပ်စပ်လေးစားပြီး နောက်မှာတော့ ဘိန်းစေ့ဟင်းရည်ပျစ်ပျစ်လေးသောက်ပြီး အစပ်ဖြေရတာလည်း ထူးခြားတဲ့အတွေ့အကြုံလို့ ဆိုရပါမယ်။ ဒီ၂ မျိုးကတော့ ဒီနေ့ညရဲ့ ညစာမှာ ထူးထူးခြားခြား ပြန်လည်မျှဝေချင်စရာ ဖြစ်ခဲ့ပါတယ်။ ညစာစားသောက်ပြီးတော့ နောက်တစ်နေ့အတွက် ခရီးစဉ်တွေကို ဆွေးနွေးတိုင်ပင် ကြပြီး ည ၁၁ နာရီလောက်မှပဲ လူစုခွဲပြီး ဟိုတယ်ကို ပြန်နိုင်ပါတော့တယ်။

ရွှေကျင်တိုက်မကြီး

          နောက်တစ်နေ့မှာတော့ နံနက်စာကို ဟိုတယ်မှာပဲ စားလိုက်တာကြောင့် ထူးထူးခြားခြား ပြောစရာမရှိခဲ့ပါဘူး။ အဲဒီမနက်မှာ အလုပ်တွေ များများစားစား မလုပ်ဖြစ်ဘဲ မန္တလေးကိုရောက်တိုင်း တစ်ခါမှ မရောက်ဖူးခဲ့တဲ့ မန္တလေးတောင်ခြေက ရွှေကျင်တိုက်မကြီးကို သွားရောက်လေ့လာခဲ့ပါတယ်။ မန္တလေးမြို့ တည်နန်းတည်နဲ့ တစ်နှစ်တည်း မင်းတုန်းမင်းတရားကြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ကျောင်းကြီးကိုလည်း လှည့်ပတ်လေ့လာဖြစ်ခဲ့ပါတယ်။ ကျွန်းတိုင်လုံးတွေနဲ့ တည်ဆောက်ထားပြီး မြန်မာမှု ပန်းကနုတ်လက်ရာများက ဒီအတိုင်း ကျန်နေသေးတဲ့ ရေနံချေးသုတ် ကျောင်းကြီးဟာ အေးချမ်းတဲ့ အရိပ်အာဝါသ စိမ်းစိမ်းစိုစိုအောက်မှာ ခံ့ညားထည်ဝါလှပါတယ်။ တစ်မနက်ခင်းလုံး ကျောင်းထဲ လှည့်ပတ် ဓာတ်ပုံတွေရိုက်ပြီး ကျောင်းသံဃာတွေ ဆွမ်းစားတုံးခေါက်မှပဲ ကျောင်းထဲက ပြန်ထွက်လာခဲ့ပါတော့တယ်။

ဂျိန်းဖောနေ့လယ်စာ

          အဲဒီနေ့ရဲ့ နေ့လယ်စာအတွက် မန္တလေးမြို့  ၃၅ လမ်းနဲ့ ၆၁ လမ်းထောင့်ကြူခွေှုနာစူန ရိုးရာစကော ထမင်းဆိုင်ကို ရောက်ခဲ့ပါတယ်။ ပြညောမွှေနွေမသကစ ရဲ့ ဖိတ်ကြားဧည့်ခံတဲ့ ဒီရိုးရာနေ့လယ်စာမှာလည်း အစားအစာများ အမည်စုံလင်လှပါ တယ်။ ကချင်အမဲသားကြော်၊ အမဲကလီစာ တုတ်ထိုးကင်၊ မှိုထောင်း၊ ကချင်အာလူး လုံးကြော်၊ ကချင်ဆန်လှော်သီးစုံဟင်း၊ ကချင်ငါးပေါင်း၊ ကြက်ကချင်ချက်၊ အမဲဝမ်း တွင်းသားချက် စတဲ့ အမည်စုံပြီး အရသာရှိလှတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီနည်း၊ အသီးအရွက်တွေများပြားလှတဲ့ ဟင်းအတွဲအစပ်တွေကို လေ့လာမြည်းစမ်း ရုံမက ပြည့်ပြည့်တင်းတင်း စားဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာ စားဖူးနေကျ  ကြက်ကချင်ဟင်းတွေလို မဟုတ်ဘဲ ဂျိန်းဖောရိုးရာစစ်စစ်ကို စားဖူးသွားတဲ့ အချက်တစ်ခုတည်းနဲ့တင် ဒီနေ့လယ်စာက ကျွန်တော့်အတွက် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

ထူးခြားဆန်းပြားတဲ့ ကိုးကန့်ရိုးရာလက်ဖက်ခြောက်နဲ့ လက်ဖက်ရည်တည်ခင်းနည်း

          နေ့လယ်စာ စားပြီးတော့ ရှမ်းမြောက်ပိုင်းခရီးစဉ်အတွက် စတင်ထွက်ခွာရပါတော့မယ်။ မွန်းလွဲ ၂ နာရီ ထွက်ဖို့ စီစဉ်ခဲ့ပေမယ့် မန္တလေးကမထွက်ခင်မှာ  အစီအစဉ်ပြောင်းပြီး Myanmar Tea Garden ရဲ့ ကိုးကန့်လက်ဖက်ရည်ကို ဝင်ရောက်မြည်းစမ်းဖို့ ဒါရိုက်တာတစ်ယောက်ရဲ့ အိမ်ကိုဝင်ရောက်ပြီး ကိုးကန့်လက်ဖက်ခြောက်များအကြောင်းကို လေ့လာခဲ့ပါတယ်။ အဲဒီမှာ ထူးခြားလှတဲ့ ကိုးကန့်ရေနွေးကြမ်း ပြင်ဆင်တည်ခင်းပုံကို လေ့လာဖြစ်ခဲ့ပါတယ်။  အခြေခံအားဖြင့် လက်ဖက်ခြောက်ကို ရေနွေးနဲ့ တစ်ထပ်ဆေးပြီးမှ နောက်တစ်ထပ်ကစပြီး အဲဒီလက်ဖက်ခြောက်ကို ရေနွေး ၃ မိနစ်ခန့် စိမ်ပြီးတော့ ချက်ချင်း ရေနွေးကရားထဲ ပြောင်းထည့်ပြီး သောက်ရတဲ့ လက်ဖက်ရည် ကြမ်းမျိုးဖြစ်ပါတယ်။ လက်ဖက်ခြောက်တစ်ခါခတ်ရင် အကြိမ် ၂၀ ကျော် ကောင်းကောင်းနှပ်သောက်နိုင်တဲ့ နှစ်ချို့လက်ဖက်ခြောက်မျိုးဖြစ်တဲ့ ကိုးကန့်လက်ဖက်ပင်တွေရဲ့သက်တမ်းက ရာချီပါတယ်။ လတ်ဆတ်တဲ့ လက်ဖက်ရွက် တစ်ရွက်ချင်းစီရဲ့ အောက်ဘက် ရွက်ကြောတွေမှာ ငွေရောင်အမွေးလေးတွေဖုံနေပြီး လက်ဖက်ခြောက်ဖြစ်သွားတဲ့အခါ ရွှေရောင်ပြောင်းသွားကြပါတယ်။ နောက်ထပ်လည်း Fermented လက်ဖက်ခြောက်ကို မြည်းစမ်းကြည့်ခဲ့ ရပါသေးတယ်။ လက်ဖက်ခြောက်ကို အနှပ်ခြောက်ဖြစ်အောင် လုပ်တဲ့နည်းနဲ့ ပြင်ဆင်ထားပြီး နှစ်ကြာလေ တန်ဖိုးကြီးလေဖြစ်တယ်လို့ သိရပါတယ်။ ဘာလိုလိုနဲ့ ရှမ်းမြောက် ပိုင်းကို မွန်းလွဲ ၂ နာရီကတည်းက စမောင်းဖို့စီစဉ်ခဲ့တဲ့ ကျွန်တော်တို့အဖွဲ့ဟာ ကိုးကန့် ရေနွေးကြမ်းဝိုင်းရဲ့  ဆွဲဆောင်မှုကောင်းလို့ လက်ဖက်ခြောက် ၄ မျိုးကို မြည်းစမ်းလေ့လာပြီးတဲ့နောက် ညနေ ၅ နာရီမှာ မန္တလေးကနေစပြီး ထွက်ခဲ့ရပါတယ်။ မန္တလေးကနေ  ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆမ်ရဲ့ မြန်မာ အကောင်းဆုံး လက်ဖက်ခင်းများရှိရာ ဇယန်းရွာကို အရောက်သွားမယ့် ခရီးစဉ်မှာ ညအိပ် တစ်ထောက်နားမယ့် သီပေါမြို့ကို ငါးနာရီလောက် ဆက်ပြီး ခရီးနှင်ရဦးမှာ ဖြစ်ပါတယ်။

နောက်လဆက်ရန်-

ကိုသစ်ထူး

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments