
by နှင်းဦးဝေ for Food Magazine
စမုန်ရွက်သည် စွပ်ပြုတ်၊ အသားပြုတ်ရည်နှင့် အခြားနာမည်ကျော် ပြင်သစ် ဟင်းလျာများတွင် အနံ့မွှေးရန် ခတ်လေ့ရှိသော စမုန်ဖြူအခက်၊ ကရဝေးရွက်၊ တရုတ် နံနံ၊ ရို့စ်မယ်ရီတို့ပါဝင်သည့် ဟင်းခတ်အမွှေးအကြိုင်ပစ္စည်း ပေါင်းထုပ်တွင် အရေးပါသော ပါဝင်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။ စမုန်ဖြူ အစိုနှင့် အခြောက်သည် ကမ္ဘာအနှံ့ရှိ ဟင်းလျာချက်ပြုတ်နည်းများထဲတွင် အမြဲပါဝင်လေ့ရှိသော အမည်တစ်ခုဖြစ်သည်။ ပြင်သစ်၊ ဂရိနှင့် အီတလီဟင်းလျာများတွင် စမုန်ဖြူတွင် ထည့်သွင်းအသုံးပြုသည့်အခါ ထူးခြားသောဟင်းတစ်ခွက်ကို ဖြစ်စေသည်။ မီးဖိုချောင်ထဲတွင် အတွေ့ရအများဆုံးသော ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများအနက်မှ တစ်ခုဖြစ်သည့် စမုန်ဖြူသည် နူးညံ့သည့်အရသာနှင့် စူးရှသော ရနံ့ရှိပြီး နည်းလမ်းမျိုးစုံဖြင့်လည်း အသုံးပြုနိုင်သည်။ စမုန်ဖြူသည် ရှောက်၊ သံပရာမျိုးနွယ်အသီးများနှင့်လည်း လိုက်ဖက်သည်။
လတ်ဆတ်သော စမုန်ဖြူကို စိုထိုင်းသော စက္ကူဖြင့်ပတ်၍ အေးမြသောနေရာတွင်ထားလျှင် တာရှည်အထားခံသည်။ ပုံမှန်အရွယ်အစား စမုန်ဖြူခက် ၆ ခက်သည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ စမုန်ဖြူရွက်များကို ထုတ်ပေးနိုင်သည်။
မြေထဲပင်လယ်ဒေသနှင့် ဥရောပတောင်ပိုင်းတို့တွင် စတင်ပေါက်ရောက်ခဲ့သော စမုန်ဖြူ (Thymus vulgaris) သည် ပူဒီနာမျိုးနွယ်ဝင်ဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်သော တောရှုံးပင်နှင့်လည်း အမျိုးတော်စပ်သည်။ ယခုအခါ ကမ္ဘာတစ်လွှားတွင် Variegated Lemon (အခွံအဝါရောင်တွင် အစိမ်းရောင်အစင်းလေးများပါပြီး အတွင်းသားပန်းရောင်ရှိသော သံပရာသီး)၊ ကရဝေး၊ လိမ္မော်အနံ့ရှိသည့် Azores, Silver Queen, Goldstream နှင့် Bressingham Pink တို့အပါအဝင် ဟင်းခတ်အမွှေးအကြိုင် ရာပေါင်းများစွာနှင့် စမုန်ဖြူမျိုးကွဲများစွာကို အနှံ့အပြားစိုက်ပျိုးကာ သုံးစွဲလာကြပြီဖြစ်သည်။ စမုန်ဖြူသည် နေသာပြီး ကျောက်တုံးထူထပ်သည့် ဒေသမျိုးကို ကြိုက်နှစ်သက်သည်။ ၄င်း၏ နွေလယ်ကာလတွင် ဖူးပွင့်သော ပန်းပွင့်လေးများသည် ပျားများကို ဆွဲဆောင်နိုင်ပြီး ပျားကလေးများသည် စမုန်နံ့မွှေးပျံ့သော ပျားရည်ကို ထုတ်လုပ်ပေးကြသည်။ ထို့ပြင် စမုန်ဖြူပွင့်များသည် ယင်ဖြူကောင်များကို မောင်းထုတ်ပေးနိုင်သော ဂုဏ်သတ္တိလည်း ရှိသည်။
ဟင်းလျာချက်ပြုတ်ရာတွင် အသုံးပြုသည့် စမုန်ဖြူ၊ ခြံစည်းရိုးအလှအဖြစ် ကာရံရာတွင် အသုံးပြုသည့် စမုန်၊ စမုန်ရိုင်းနှင့် အခြားစမုန်မျိုးကွဲများတွင် phytonutrient- thymol ဓာတ်များစွာ ပါဝင်သည်။ ထိုဓာတ်ကို တောရှုံးပင်နှင့် ပူဒီနာပင်တို့တွင်လည်း အနည်းငယ်တွေ့ရှိရသည်။ Thymol ဓာတ်သည် အဆုတ်ရောဂါဝေဒနာများကို မဖြစ်ပွားအောင် ကူညီပေးနိုင်သည်ဟု ယုံကြည်ကြသည်။ စမုန်ဖြူ တစ်ချက်ရှူလိုက်လျှင် အသက်ကို ခပ်ပြင်းပြင်း ရှူချင်စိတ်ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ကို ပြေလျော့စေသည်။ စမုန်ဖြူကို ဂရိဘာသာဖြင့် အဓိပ္ပာယ်ဖွင့်လျှင် “အငွေ့အသက်ဖြင့် သန့်ရှင်းအောင် ပြုလုပ်သည်” ဟု အဓိပ္ပာယ်ရသည်။ ရှေးခေတ် ဂရိလူမျိုးများနှင့် ရောမလူမျိုးများသည် ရနံ့မွှေးသော စမုန်ဖြူကိုင်းများကို မီးရှို့ကာ ၄င်းတို့၏အိမ်များနှင့် ဘုရားကျောင်းများကို သန့်စင်လေ့ရှိကြသည်။ စမုန်ဖြူ၏ အနံ့ကို ရှူရှိုက်မိပါက ခွန်အားနှင့်သတ္တိကို တိုးပွားစေသည်။
ဂရိသမားတော်ဟစ်ပိုကရေးတီး လက်ထက်မှစ၍ ၁၉၃၀ ပြည့်နှစ်ကာလများအထိ စမုန်ဖြူဆီကို ခွဲစိတ်ရာတွင် ထည့်သည့်ဆေးအနေဖြင့်လည်းကောင်း၊ စမုန်ဖြူကိုင်းများကို ဆေးရုံဝင်းအတွင်းတွင် မီးရှို့ကာ ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရန်အတွက် သော်လည်းကောင်း အသုံးပြုကြသည်။ စမုန်ဖြူရွက်အစိုနှင့် အခြောက်အပါအဝင် စမုန်ဖြူကို ပေါင်းခံရာမှ ရရှိသော စမုန်ဖြူဆီများသည် ဆေးပညာအရ အလွန်အစွမ်းထက်ပြီး စမုန်ဖြူသည် တိုင်းရင်းဆေးများတွင် စွယ်စုံအသုံးဝင်သော အပင်ဖြစ်သည်။ Thymol ၏ ဗက်တီးရီးယားရောဂါပိုးများကို နှိမ်နင်းပေးနိုင်သော ဂုဏ်သတ္တိများကို ဆေးမတိုးသော Staphylococcus ဗက်တီးရီးယားပိုးကူးစက်ရောဂါ (MSRA) နှင့် အခြားဆေးမတိုးသော ဗက်တီးရီးယားရောဂါပိုးများအတွက် ဆေးနည်းအသစ် ရှာဖွေရာတွင် တွေ့ရှိခြဲ့ကသည်။
စမုန်ဖြူသည် ဦးနှောက်နှင့် ခန္ဓာကိုယ်အား အရက်ပါဝင်သော ကော့တေးသောက်ပြီး သည့်အခါဖြစ်သည့် ဝေဒနာ (သို့) အရက်နာကျသည့် ဝေဒနာများကို ၄င်း၏အဆိပ်ဖြေနိုင်သည့် ဂုဏ်သတ္တိဖြင့် သက်သာလျော့ပါးအောင် ကူညီပေးနိုင်သည်။ စမုန်ဖြူ၏အစွမ်းထက်သော ကွန်ပေါင်းဓာတ်အား ခံတွင်းသန့်စင်ဆေးရည်များနှင့် အကိုက်အခဲ ပျောက်လိမ်းဆေးရည်များတွင်ထည့်သွင်းအသုံးပြုကြသည်။ စမုန်ဖြူအစိုနှင့် အခြောက်များကို အမြောက်အမြားစားသုံးမိပါကလည်း ဘေးဥပဒ်မဖြစ်စေပါ။ သို့သော် စမုန်ဖြူမှ ပေါင်းခံယူထားသည့် အဆီကို အမြောက်အမြား သုံးစွဲမိပါက အဆိပ်ဖြစ်စေပါသည်။ ထိုသို့သုံးစွဲမိပါက ဆရာဝန်နှင့် အလျင်အမြန် ပြသသင့်ပါသည်။