
by Hsu Myat Oo for Food Magazine
မြန်မာနိုင်ငံမှာ နာမည်ကြီး လူကြိုက်များလာတဲ့ မာလာရှမ်းကောအကြောင်းလေးကို Food Magazine စာဖတ်ပရိသတ်ကြီး လေ့လာဖတ်ရှုနိုင်အောင် မာလာရှမ်းကောအကြောင်း၊ မာလာဆော့စ်၊ Food Magazine ရဲ့ ပင်တိုင်ရေးသားသူ စားဖိုမှူးများဖြစ်တဲ့ ကိုမြင့်ဦးသာနဲ့ မခိုင်စည်သာအောင်တို့ရဲ့ မာလာရှမ်းကောအကြောင်း သိကောင်းစရာများ၊ မာလာရှမ်းကော ချက်နည်းများအပြင် မာလာရှမ်းကောဆိုင်ပိုင်ရှင်ရဲ့ စကားသံများနှင့် မာလာရှမ်းကောကို နှစ်သက်စွာ စားသုံးသူများရဲ့ စကားသံများကို ရေးသား ဖော်ပြပေးလိုက်ပါတယ်။
မာလာရှမ်းကော
မာလာရှမ်းကောဆိုတာကတော့ ဟင်းလျာအသစ်တစ်မျိုးပါ။ ဒီဟင်းပွဲလေးက တရုတ်နိုင်ငံမှာ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ ဟင်းပွဲလေး မဟုတ်ပါဘူး။ သေချာပြောနိုင်တာလေးတစ်ခုကတော့ ဒီဘက်ခေတ်မှာ နာမည်ရလာတဲ့ ဟင်းလျာအသစ်လို့ ဆိုရပါမယ်။ ဒီဟင်းပွဲလေး ပြုလုပ်ရာမှာ ထူးခြားပါတယ်။ တရုတ်ဘာသာစကားမှာ “မာ” ဆိုတာကတော့ “ထုံခြင်း”၊ “လ” (အများအခေါ် “လာ”) ဆိုတာကတော့ “စပ်ခြင်း”၊ “ရှမ်း” ဆိုတာကတော့ “မွှေးခြင်း”၊ “ကော” ဆိုတာကတော့ “အိုး” လို့ အဓိပ္ပာယ်ရပါတယ်။ အားလုံးကိုခြုံပြီး မြန်မာလိုပြန်ရမယ်ဆိုရင် “အသားများနှင့် ဟင်းသီးဟင်းရွက်များ၊ ဟင်းခတ်အမွှေးအကြိုင်များကို ကြော်လှော်ပြီး မွှေးကြိုင်ပြီး အရသာရှိတဲ့ ဟင်းလေးကို အိုးလေးထဲမှာ ထည့်ပြီး တည်ခင်းခြင်း” လို့ အဓိပ္ပာယ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ တရုတ်နိုင်ငံမှာသာမက အာရှနိုင်ငံများနှင့် မြန်မာနိုင်ငံမှာပါ နာမည်ကြီး လူကြိုက်များနေတဲ့ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် မြန်မာနိုင်ငံမှာ မာလာရှမ်းကောဆိုင်တွေ အများကြီးပေါ်ထွက်လာနေပြီဖြစ်ပြီး ဆိုင်တစ်ဆိုင်ချင်းစီမှာလည်း မတူညီတဲ့ အရသာလေးတွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်နေတာကြောင့် စားသုံးသူတော်တော်များများ ကြိုက်နှစ်သက်စွာ စားသုံးနေပြီ ဖြစ်ပါတယ်။
မာလာရှမ်းကောကတော့ အစပ်အထုံများနှင့် ဟင်းခတ်အမွှေးအကြိုင်တွေ များစွာပါဝင်တဲ့ အစားအသောက်တစ်မျိုးဖြစ်ပြီး အစပ်ကို နည်းနည်း၊ အလယ်အလတ်နှင့် အစပ်ဆုံးဆိုပြီး အစပ်အရသာ ၃ မျိုးနဲ့ ဆိုင်တိုင်းလိုလိုမှာ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။ မာလာရှမ်းကောက ဟင်းသီးဟင်းရွက်များကို အဓိကထားသုံးတာဖြစ်ပြီး ငါး၊ ကြက်၊ ဝက်အသားလုံးများ၊ ရေစိမ်များ (အသားတု၊ မာလာမျှော့ချောင်းများ) နှင့် ကြက်သား၊ အမဲသားတို့လို အသားများကို အသုံးပြုပြီး မာလာဆော့စ်နှင့် ချက်ပြုတ်ကြော်လှော်ထား တာဖြစ်ပါတယ်။ အသားများကိုတော့ မစားသုံးခင် ဆီ၊ ကော်မှုန့်၊ ပဲငံပြာရည် စသည်တို့နှင့် နှပ်ထားပါတယ်။
မာလာဆော့စ်
မာလာဆောစ့် ဆိုတာကတော့ စီချွမ်ငရုတ်သီး၊ ငရုတ်ကောင်းမှုန့်များနှင့် အမျိုးမျိုး သော ဟင်းခတ်အမွှေးအကြိုင်များကို ဆီထဲမှာ ချက်ထားတာကြောင့် အဆီများပြီး အစပ်များတဲ့ တရုတ်ရိုးရာ စီချွမ်ငရုတ်သီးဆော့စ်တစ်မျိုး ဖြစ်ပါတယ်။ “မာလာ” ဆိုတဲ့ အဓိပ္ပာယ်လေးကတော့ “မာ”ဆိုတာကတော့ “ထုံခြင်း”၊ “လ” (အများအခေါ် “လာ”) ဆိုတာကတော့ “စပ်ခြင်း”လို့ အဓိပ္ပာယ်ရပါတယ်။ ဒီဆော့စ်လေးကို ၁၉ ရာစုကနေ ၂၀ ရာစုအတွင်း ဆောက်လုပ်ရေးအလုပ်သမားများကို အဓိကထား ရောင်းချတဲ့ Chongqing မြို့ရဲ့ ညဈေးမှ စတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အနံ့အရသာပြင်းပြင်းရှိပြီး ဆီများတာကြောင့် တရုတ်နိုင်ငံမှာ ဈေးပေါတဲ့ အစားအသောက်တွေဖြစ်တဲ့ သွေးခဲများ၊ အူများ၊ ကလီစာများမှ ထွက်လာတဲ့ မလိုချင်တဲ့ အနံ့အသက်များကို ဖယ်ရှားရာမှာ ကူညီနိုင်အောင် စပြီးသုံးလာတာ ဖြစ်ပါတယ်။ ဒီဆော့စ်လေးနဲ့ ကြော်လှော်တာတွေ၊ ဟင်းရည်၊ ရေလုံပြုတ်ချက်တာတွေ၊ ဟော့ပေါ့နှင့် နှစ်ပြီး စားတဲ့ဆော့စ်အဖြစ် အသုံးပြု ပါတယ်။ စီချွမ်နှင့် ယူနန်ဒေသမှထွက်တဲ့ မာလာအမှုန့်ကိုတော့ သရေစာများ၊ လမ်းဘေးစာများဖြစ်တဲ့ အာလူးကြော်၊ အသားနှင့် ဟင်းသီးဟင်းရွက်များ၊ ဘာဘီကျူ့နှင့် အချဉ်ဖောက်ထားတဲ့ တိုဟူးတို့မှာ အသုံးပြုကြပါတယ်။
Food Magazine ရဲ့ ပင်တိုင်ရေးသားသူ စားဖိုမှူးများရဲ့ မာလာရှမ်းကောအပေါ်အမြင်
Food Magazine ရဲ့ ပင်တိုင်ရေးသားသူလည်းဖြစ်ပြီး နာမည်ကြီးတင်ဆက်သူ စားဖိုမှူးကိုမြင့်ဦးသာက မာလာရှမ်းကောနဲ့ပတ်သက်ပြီး “မာလာရှမ်းကောဆိုရင် လူတိုင်းနီးပါး ကြိုက်ကြတဲ့အစားအစာပါ။ ကြိုက်တယ်ဆိုတာထက် ခရေစီဖြစ်တယ်လို့ ပြောရမယ်ထင်ပါတယ်။ အပူအစပ်ကြိုက်ကြတဲ့သူတွေကတော့ အချိန်အခါမရွေး၊ ဥတုမရွေး စားနိုင်ကြတယ်။ တကယ်ဆိုရင် မာလာရှမ်းကောတို့၊ ဟော့ပေါ့တို့ဆိုတာက မိုးတွင်းအေးအေး၊ ဒါမှမဟုတ် ဆောင်းတွင်းအေးအေးလေးမှာ စားရတာ ပိုပြီးအရသာရှိတယ်လို့ ကျွန်တော်ကတော့ထင်ပါတယ်။ ကြိုက်တဲ့သူတွေကတော့ ပူပူလောင်လောင် နဲ့ နွေရာသီမှာတောင် စားကြပါတယ်။
မာလာရှမ်းကောအနှစ်ကို ကိုယ်တိုင်အိမ်မှာလုပ်မယ်ဆိုရင် ထည့်ရမယ့် ပါဝင်ပစ္စည်းတွေက တော်တော်လေး များပါတယ်။ အလွယ်တကူ ဝယ်လို့ရတဲ့ ရယ်ဒီမိတ်တွေလည်း ရှိနေတော့ ပိုပြီးအဆင်ပြေကြတယ်။ ဒါပေမဲ့ တချို့အသင့်လုပ်စားရတဲ့ မာလာ အနှစ်တွေက ပဲငါးပိတွေ အရမ်းများပြီး အဆင်မပြေတာတွေလည်း ရှိတယ်။ တချို့က မာလာရှမ်းကော ကြိုက်ပေမယ့် လျှာကိုထုံစေတဲ့ စီချွမ်ငရုတ်ကောင်း (ဟွာဂျောင်း) ကိုတော့ သိပ်ပြီး မကြိုက်တဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်ကတော့ မာလာရှမ်းကော စားပြီဆိုရင်တော့ ပူပူစပ်စပ်၊ ထုံထုံလေးကိုပဲ ကြိုက်တယ်။ ဒီမာလာအနှစ်နဲ့ မာလာရှမ်းကောပဲ ချက်လို့ရတာလားဆိုတော့ အဲဒီလိုလည်းမဟုတ်ပါဘူး။ မာလာရှမ်းကောမှာလည်း အရည်နဲ့အသုပ်ဆိုပြီး နှစ်မျိုးလုပ်စားလို့ ရတယ်။ ပြီးတော့ မာလာအာလူး၊ မာလာကြက်ကြော် အခြားမျိုးစုံ ချက်စားနိုင်ပါသေးတယ်။ ဟော့ပေါ့ကို အချိုမစားဘဲ မာလာအနှစ်နဲ့ ပူပူစပ်စပ်၊ ထုံထုံလေး လုပ်စားနိုင်ပါသေးတယ်”လို့ ပြောပါတယ်။
အစားအသောက်များစွာကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဖန်တီးချက်ပြုတ်နေသူတစ်ဦးဖြစ်ပြီး Food Magazine ရဲ့ ပင်တိုင်ဟင်းချက်နည်းများ ရေးသားသူတစ်ဦးလည်းဖြစ်တဲ့ စားဖိုမှူး မခိုင်စည်သာအောင်ကလည်း မာလာရှမ်းကောနဲ့ပတ်သက်ပြီး သူ့အမြင်ကို “မာလာရှမ်းကောဆိုတာကတော့ လူအများကြားမှာ နာမည်ကြီးနေတဲ့ အစားအသောက်တစ်မျိုးလို့ သိထားပါတယ်။ အဓိကက ထိုင်ဝမ်တို့၊ မကာအိုတို့ကနေ နည်းစနစ်တွေယူလာပြီး ဒီမှာဆိုင်တွေဖွင့်ကြတယ်လို့တော့ အစ်မ ထင်တာပဲ။ သူ့ရဲ့ အရသာလေးကတော့ ပူပူစပ်စပ်၊ ထုံထုံလေးနဲ့ဆိုတော့ လူတိုင်းက ကြိုက်နှစ်သက်ကြပါတယ်။ အစပ်အစားအသောက်တွေ အများကြီးထဲမှာမှ သူ့ရဲ့ အစပ်အရသာက ဟွာဂျောင်းပါတဲ့အတွက်ကြောင့် ထုံထုံလေးဖြစ်နေတယ်။ ပြီးတော့ သူ့ရဲ့အစပ်အရသာမှာ ထုံတာရော၊ ပူတာရော ပါတာကြောင့် မတူဘဲ ကွဲပြားနေတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်တွေကို ဒီအနှစ်နဲ့ကြော်လှော်ပြီး စားကြတယ်။
နေရာတိုင်းမှာ ဆိုင်တွေပေါ်လာတယ်။ နေရာတိုင်းမှာ ကိုယ်စားချင်တဲ့အချိန် ဝင်စားလိုက်လို့ရတယ်။ ဒီမာလာရှမ်းကောအရသာလေးက တခြားအစပ်တွေလို စပ်စပ်ကြီးဖြစ်တာမဟုတ်ဘဲ လျှာပေါ်မှာ စွဲပြီးကျန်ခဲ့တယ်။ ထမင်းနဲ့စားလည်း ကောင်းတယ်။ သူ့ရဲ့ နောက်ဆုံးကျန်တဲ့အနှစ်အထိကို ထမင်းလေးနဲ့ တွဲစားရင်လည်း ကောင်းနေတာပေါ့။ ဒီလိုလျှာပေါ်မှာ စွဲကျန်ရစ်နေတာကြောင့် ဘယ်နေရာမှာစားစား၊ ဘယ်နေရာမှာ ဆိုင်ဖွင့်ဖွင့် ရောင်းကောင်းနေတာလို့တော့ အစ်မထင်မိတယ်။ မာလာရှမ်းကောကိုတော့ အိမ်မှာ လုပ်မစားဖြစ်ဘူး။ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ စုံရင်တော့ ဆိုင်မှာ စားဖြစ်တယ်။ အစ်မက မာလာရှမ်းကောကို အရမ်းကြိုက်တဲ့အထဲ မပါဘူး။ အစားအသောက်တစ်မျိုးကို ကြိုက်တဲ့သူတွေ များတယ်ဆိုရင်တောင် မကြိုက်တဲ့အုပ်စု တစ်စုက ရှိတယ်။ အဲဒီအုပ်စုထဲ အစ်မပါတယ်လို့ ပြောရမယ်။ အစ်မက ကိုယ့်မြန်မာအစားအစာကို တစ်ဟုန်ထိုးတိုးတက်အောင် ထိုးဖောက်ချင်တဲ့သူဆိုတော့ မြန်မာ အစားအစာကို ဘယ်လိုထပ်ပြီး ဖောက်ရမလဲဆိုတာကိုပဲ တွေးတယ်။ ဒီလိုပဲ စဉ်းစားတဲ့သူဖြစ်နေတာဆိုတော့ မာလာရှမ်းကောနဲ့ မြန်မာ့အစားအစာ ရှူးရှဲနဲ့ဆိုရင် အစ်မက မြန်မာ့အစားအစာ ရှူးရှဲ၊ ချဉ်ငန်စပ်လေးကိုပဲ ရွေးမှာ”လို့ ပြောပြခဲ့ပါတယ်။
မာလာရှမ်းကောဆိုင်ပိုင်ရှင်ရဲ့ ပြောစကား
မြန်မာနိုင်ငံမှာ နာမည်ရနေပြီး မာလာရှမ်းကောဆိုင်တစ်ဆိုင်ဖြစ်တဲ့ Chilli Pot ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ကိုအာကာက “မာလာရှမ်းကောဆိုတာကတော့ တရုတ်ပြည်၊ စီချွမ်က လာတဲ့ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ မာလာရှမ်းကောဆိုတဲ့ စကားလုံးတစ်လုံးစီ အဓိပ္ပာယ်တစ်မျိုးစီ ရှိပါတယ်။ တရုတ်ဘာသာစကားမှာ “မာ” ဆိုတာကတော့ “ထုံခြင်း”၊ “လ” (အများအခေါ် “လာ”) ဆိုတာကတော့ “စပ်ခြင်း”၊ “ရှမ်း” ဆိုတာကတော့ “မွှေးခြင်း”၊ “ကော” ဆိုတာကတော့ “အိုးလေးထဲမှာထည့်ပြီး စားသုံးခြင်း” ပေါ့။ ဒါကြောင့် သူ့အဓိပ္ပာယ်ကို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ “ထုံစပ်မွှေးအိုးလေး”လို့ အဓိပ္ပာယ် ရပါတယ်။ ကျွန်တော်တို့ Chilli Pot လေးကိုတော့ ၂၀၁၆ ခုနှစ်မှ စတင်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဆိုင်ကို လာစားတဲ့ အသက်အရွယ်အပိုင်းအခြားမှာတော့ ဆယ်ကျော်သက်ပိုင်းကနေ ၄၀ ကျော်လောက်အထိ လာပြီး စားကြပါတယ်။ လူကျတဲ့အများဆုံးအချိန်ကတော့ လတစ်လရဲ့ ၁ ရက်နေ့တို့၊ ပိတ်ရက်တွေမှာ လူကျများပါတယ်။ ဒီအစား အသောက်ကို ကျွန်တော်စဖွင့်ဖြစ်တဲ့ အချိန်တုန်းကဆိုရင် ဆိုင်တွေလည်း သိပ်မရှိသေးဘူး။ မာလာရှမ်းကောဆိုတာကို ကျွန်တော်ပြောပြတဲ့အချိန်ဆိုရင် သိတောင် မသိကြဘူးဗျ။ ကျွန်တော့်ဆိုင်ကို လာစားကြတဲ့သူတွေဆိုရင် ဟော့ပေါ့ဆိုင်လို့ ထင်ကြတာ။ အဲဒီအချိန်တုန်းကလည်း ဟော့ပေါ့က အရမ်းခေတ်စားနေတာဆိုတော့လေ။ ပြီးတော့ ဒီအစားအသောက်လေးက Fast Food လို ပုံစံမျိုး၊ ထမင်းတို့၊ ဟင်းတို့လို စားရတာလည်း မဟုတ်ဘူး။ စားချင်တဲ့အချိန်မှာ ဝင်စားလို့ရတယ်။
ထမင်းဆိုတာမျိုးကမှ နေ့လယ်တစ်ကြိမ် စားတယ်၊ ညနေ တစ်ကြိမ်စားတယ်။ ဒီအစားအသောက်ကျတော့ အစပ်လေးစားချင်တဲ့ အချိန်ရောက်ရင် စိတ်ကူးပေါက်တာနဲ့ ဝင်စားလိုက်လို့ရတဲ့ အစားအသောက်တစ်မျိုးပေါ့နော်။ ပြီးတော့ မြန်မာပါးစပ်နဲ့လည်း ကိုက်ညီနေတာကြောင့် ဖွင့်ဖြစ်သွားတာပါ။ ကျွန်တော်တို့ဆိုင်ရဲ့ ရောင်းအားလေးကတော့ ပြောင်းလဲသွားတာ မရှိပါဘူး။ တကယ်က အရသာလေးတွေ မတူတာကြောင့်ပေါ့နော်။ ကျွန်တော့်ရဲ့ဆိုင်က အရသာလေးကို ကြိုက်တဲ့သူက ကျွန်တော့်ဆီကို လာတယ်။ အရသာလေးတွေကလည်း အများကြီးရှိနေပြီးတော့ အခုနောက်ပိုင်းဆိုင်တွေကလည်း တဖြည်းဖြည်းနဲ့ အရမ်းကို များလာတယ်။ မာလာရှမ်းကောနဲ့ မာလာဟင်းနဲ့ ဘာတွေ ကွာသလဲဆိုတာကတော့ တော်တော်ကွာတယ်ဗျ။ မာလာဟင်းကျတော့ အစပ်ပဲရှိတယ်။ တရုတ်စကားလုံး “လ” ဆိုတဲ့ တစ်လုံးပဲ ရှိတာပေါ့။ ပြီးတော့ ပါဝင်တဲ့ပစ္စည်းတွေ အားလုံးကို ပြုတ်လိုက်ပြီး အနှစ်နဲ့ နယ်လိုက်တာပါ။ မာလာရှမ်းကောကျတော့ အထုံဆိုတာလေးတွေ ကွာသွားတာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံက စားသုံးတဲ့သူတွေမှာ ၉၀% လောက် မကြိုက်ကြတာ များတယ်။ အဲဒီဟင်း ၂ မျိုးကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် တော်တော်လေးကို ကွာပါတယ်။ ဘာမှကိုမဆိုင်တာပါ”လို့ မာလာရှမ်းကောနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးကို ရှင်းလင်းပြောပြခဲ့ပါတယ်။
မာလာရှမ်းကောကို နှစ်သက်စွာ စားသုံးနေကြတဲ့ စားသုံးသူများရဲ့ ပြောစကားများ
မာလာရှမ်းကောစားသုံးသူများထဲမှ တစ်ယောက်က “မာလာရှမ်းကောက တရုတ် အစားအစာတစ်မျိုးလို့ သိထားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ စပြီး မိတ်ဆက်လိုက်ကတည်းက ဟင်းလျာအသစ်လေးမို့ စပြီးစားဖြစ်သွားတာပါ။ စပြီးစားတဲ့အချိန်တုန်းကတော့ အရမ်းမကြိုက်ဘူး။ နောက်ပိုင်း ၃၊ ၄ ခါလောက် စားပြီးတော့မှ ကြိုက်သွားတာပါ။ မာလာရှမ်းကော စားတဲ့အချိန်မှာ အစပ်ကို အထုံလျှော့ပြီး အနေတော် (Medium)လောက်ပဲ ထားပြီးစားဖြစ်တယ်။ Chilli Pot နဲ့ Spicy House ၂ ဆိုင်မှာပဲ စားဖြစ်တယ်။ တစ်လကို ၄ ကြိမ်၊ ၅ ကြိမ်လောက်တော့ စားဖြစ်တယ်။ အမြဲတမ်း မာလာရှမ်းကော စားတဲ့အချိန်မှာတော့ သူငယ်ချင်းတွေနဲ့ပဲ လာစားဖြစ်ပါတယ်။ တခြားအစားအစာတွေ အများကြီးထဲကမှ မာလာရှမ်းကောကိုတော့ စပ်လို့ ပိုစားဖြစ်တာများပါတယ်။ ပြီးတော့ တခြားအစားအစာတွေထက် သူ့ရဲ့အနှစ်အရသာလေးကို ပိုကြိုက်တာကြောင့်ပါ။ ဆိုင်ရောက်ပြီဆိုရင်တော့ အသားတွေ၊ ကြက်ခြေထောက်တို့၊ ကြက်၊ ဝက်အူချောင်းတွေကို ရွေးဖြစ်တယ်။ အသီးအရွက်တွေထဲမှာတော့ အာလူးတစ်မျိုးပဲ စားတယ်။ ဒီလို စီချွမ်အရသာ မာလာရှမ်းကောနာမည်ကြီးလာသလို မြန်မာနိုင်ငံက အစားအသောက်တွေ နာမည်ကြီးလာဖို့ဆိုရင်တော့ အနုပညာရှင်တွေက ပိုလုပ်ပေးသင့်တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
မာလာရှမ်းကောကို နှစ်သက်စွာ စားသုံးလေ့ရှိတဲ့ ညီမလေးတစ်ယောက်ကလည်း “မာလာရှမ်းကောကို စားဖြစ်တာတော့ ၃ နှစ်လောက်ရှိပါပြီ။ Spicy House မှာပဲ စားဖြစ်တယ်။ တခြားမာလာရှမ်းကောဆိုင်တွေမှာ မစားဖြစ်ဘူး။ စားဖြစ်ရင်လည်း Spicy House လောက် မကြိုက်ဘူး။ မာလာရှမ်းကောကိုတော့ သူငယ်ချင်းက ပြောလို့ စားကြည့်ဖြစ်ပါတယ်။ သူက ဒီဆိုင်လေးကောင်းတယ်။ သွားစားကြည့်ဆိုလို့ စားဖြစ်သွားတာပါ။ မာလာရှမ်းကောကို အစပ်ဆုံးအဆင့်အထိ စားဖြစ်တယ်။ လှည်းတန်းက ဆိုင်က ပိုစပ်တယ်ဆိုတော့ လှည်းတန်းမှာ ပိုစားဖြစ်တယ်။ စားဖို့ ရွေးတဲ့အချိန်မှာ ငါးဖယ်လုံး၊ ဝက်မှိုလုံးတို့နဲ့ အပ်မှိုတွေကို အဓိကထား ရွေးဖြစ်ပါတယ်။ မာလာရှမ်းကောကို သူ့ရဲ့အစပ်ရယ်၊ အထုံရယ်ကြောင့် စားဖြစ်တာပါ။ တစ်လကို ၂ ကြိမ်လောက်တော့ စားဖြစ်ပါတယ်။ မာလာရှမ်းကောစားတဲ့ အချိန်မှာတော့ သူငယ်ချင်းတွေနဲ့ရော၊ တစ်ယောက်တည်းရော၊ ရည်းစားနဲ့ရော အတူတူလာစားဖြစ်ပါတယ်။ တခြား အစပ်ဟင်းတွေထက် မာလာရှမ်းကောကို ဘာလို့စားဖြစ်တာလည်းဆိုရင် သူ့အစပ်က အရမ်းစပ်နေတာလည်း မဟုတ်ဘူး။ ဗိုက်လည်း မနာတာကြောင့် စားဖြစ်သွားတာပါ။ ဒီလို သူများနိုင်ငံက အစားအသောက်လိုမျိုး ကိုယ့်နိုင်ငံက အစားအသောက်ကို ကမ္ဘာက သိစေချင်တယ်ဆိုရင်တော့ နိုင်ငံခြားသားတွေရဲ့ ပါးစပ်နဲ့ကိုက်ညီတဲ့ အရသာလေး ကို ပြင်ပေးမယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ ထင်ပါတယ်”ဆိုပြီး ပြောပြခဲ့ပါတယ်။