အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်ထဲမှ ပစ္စည်းများကို အသုံးပြုနည်းအကြောင်း ရေနွေးညသိပ် အဆိပ်ထက်ပြင်း (How Poisoning Letting Boiling Tea Over Night)

by Syi Lwin Foods Garden for Food Magazine

          ဒီလရဲ့ “ရင်ခုန်စရာ မီးဖိုချောင်ထဲမှ” က အားလုံးလည်း ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ရေနွေးကြမ်းအကြောင်း သိကောင်းစရာ လေ့လာမှတ်သားစရာတချို့ကို မျှဝေပေးပါရစေ။ ဟိုးအရင်ကတည်းက ရေနွေးကြမ်းကို ၉၀ ရာခိုင်နှုန်းနီးပါးလောက် အာရှနိုင်ငံတွေမှာ အိမ်တိုင်း၊ လူတိုင်း နေ့စဉ်သောက်သုံးကြသလို ဆေးဝါးအဖြစ်လည်း သောက်သုံးကြပါတယ်။ ယခုနောက်ပိုင်းမှာ ရေနွေးကြမ်းက ကျန်းမာရေးအတွက် အထောက်အကူပြုသလို ကျန်းမာရေးအတွက် ကောင်းမွန်စေတာကြောင့် ကမ္ဘာတစ်ဝန်းမှ နိုင်ငံအတော်များများ မှာလည်း ပုံစံအမျိုးမျိုးဖြင့် သောက်သုံးလာကြပါတယ်။ သုတေသနပြုချက်တွေအရ ရေနွေး ကြမ်းကို ပုံမှန်သောက်သုံးကြသူတွေက အယ်လ်ဇိုင်းလ်မားလို့ခေါ်တဲ့ မှတ်ဥာဏ် ချို့ယွင်းပြီး သတိမေ့ရောဂါဖြစ်ပွားမှုကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်လို့ ကမ္ဘာ့ဆေးဝါးရှာဖွေရေးအသင်းက ထုတ်ပြန်ထားပါတယ်။ ရေနွေးကြမ်းမှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီး ရနိုင်တာတွေရှိသလို သောက်သုံးချင်း မှန်ကန်မှုမရှိလျှင်လည်း တိတ်တဆိတ်လူသတ်သမားလိုပဲ အသက်ပါ ထိခိုက်နိုင်တာကြောင့် ဒီလ စာဖတ်သူပရိသတ်တွေအားလုံး “ရေနွေးညသိပ် အဆိပ်ထက်ပြင်း” Chef Tips မှာ လေ့လာဖတ်ရှုနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

          ရေနွေးအကြောင်း ပြောရမယ်ဆိုလျှင် ရေကို အနောက်တိုင်းနိုင်ငံတွေကတော့ H2O လို့ပဲ သိကြပါတယ်။ အာရှနိုင်ငံအတော်များများမှာတော့ ရေအမျိုးမျိုး ရရှိအသုံးပြုကြ ပါတယ်။ ရေအေး၊ ရေနွေး၊ မိုးရေ၊ မြစ်ရေ၊ ချောင်းရေ၊ တွင်းရေ၊ တောင်ကျရေ၊ ကျောက် တွင်းရေ၊ အင်းအိုင်ရေ၊ ကန်ရေ၊ ကျုံးရေ၊ ရေထွက်ချောင်းရေ၊ စိမ့်စမ်းရေ၊ သဲတွင်းရေ၊ လယ်ကွက်ရေ၊ ကျောက်စက်ရေ၊ ရေနီ၊ ရေပြာ၊ ရေဝါ၊ ရေသေ၊ ရေရှင် စသည်ဖြင့် ရေ အမျိုးမျိုး၊ ဂုဏ်သတ္တိအမျိုးမျိုးရှိပါတယ်။ ဒီရေတွေ သောက်သုံးခြင်းဖြင့်လည်း ကျန်းမာတာ၊ မကျန်းမာတာတွေ ဖြစ်နိုင်ပါတယ်။ အနောက်တိုင်းနိုင်ငံတွေမှာ ရေကို များသောအားဖြင့် ရေလှောင်ကန်ဆည်တွေကနေတစ်ဆင့် ရေပေးစနစ်ဖြင့် တစ်ခါတည်း ပိုးသတ်ဆေးခတ်ပြီး ထုတ်လွှတ်ပေးပါတယ်။ အာရှနိုင်ငံအတော်များများကတော့ ရေကို အဆင်ပြေသလို မိုးရေ၊ မြစ်ရေ၊ ချောင်းရေ၊ တွင်းရေ၊ တောင်ကျရေ၊ ကျောက်တွင်းရေ၊ အင်းအိုင်ရေ၊ ကန်ရေ၊ ကျုံးရေ၊ ရေထွက်ချောင်းရေ၊ စိမ့်စမ်းရေ၊ သဲတွင်းရေ၊ လယ်ကွက်ရေ၊ ကျောက်စက်ရေ စသည်ဖြင့် အသုံးပြုကြတာများပါတယ်။ အဲဒီအထဲကမှ ရေကို ကျိုချက်လို့ ရေနွေးကြမ်း အဖြစ် သောက်သုံးကြပါတယ်။ မိုးရေ၊ မြစ်ရေ၊ ချောင်းရေ၊ တွင်းရေ၊ တောင်ကျရေ၊ ကျောက်တွင်းရေ၊ အင်းအိုင်ရေ၊ ကန်ရေ၊ ကျုံးရေ၊ ရေထွက်ချောင်းရေ၊ စိမ့်စမ်းရေ၊ သဲတွင်းရေ၊ လယ်ကွက်ရေ၊ ကျောက်စက်ရေများအားလုံးဟာ ရေနွေးကြမ်း ကျိုချက် သောက်သုံးလို့ရတဲ့ ရေရှိသလို ရေနွေးကျိုပြီး သောက်သုံးလျှင် အရသာတစ်မျိုး ပြောင်းလဲသွားတတ်တဲ့ ရေလည်းရှိပါတယ်။ ရေကို မီးနဲ့အပူပေးလိုက်တဲ့အခါ ပွက်ပွက်ဆူ သွားလျှင် ရေနွေးလို့ ခေါ်ပါတယ်။ အဲဒီရေထဲမှာ ဥဏှတေဇောဓာတ် ရှိနေတယ်။ ဒီဓာတ်က ဝမ်းမီးတောက်ပြီး အစာကြေစေတဲ့ ဓာတ်ပါ။ အဲဒီရေနွေးက အအေးခံထားလျှင်  ရေကျက်အေးဖြစ်သွားပါတယ်။ ပိုးမွှားကင်းစင်ပြီး ဝမ်းကို ထိန်းပါတယ်။ ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို ကာကွယ်ပါတယ်။ ဒါပေမဲ့ အခုခေတ်ပေါ် ဓာတ်ဘူးများဖြင့် ရေနွေးကို လှောင်ထားတဲ့အခါ အတွင်းက တေဇောဓာတ်ရှိနေသမျှ ရေနွေးဖြစ်နေပါတယ်။ ဓာတ်ဘူး ထဲမှာ အချိန်ကြာတော့ တေဇောဓာတ် ပျက်သွားတတ်ပါတယ်။ ဒီရေနွေးအအေးကို မသောက်သင့်ပါဘူး။ လှောင်ပြီး ဓာတ်ပျက်သွားတဲ့ ရေနွေးပျက်ဖြစ်သွားတဲ့အတွက် သောက်ရင် အစာအိမ်ကို ဒုက္ခပေးပြီး လေကို အန်စေနိုင်ပါတယ်။ ဓာတ်ဘူးထဲမှာ အေးနေတဲ့ ရေနွေးပျက်ကို သောက်ရင် လေအန်ခြင်း၊ အစာအန်ခြင်းများ ဖြစ်တတ်ပါတယ်။ ပြန်နွှေးသောက်ရင်လည်း ပိုဆိုးပါတယ်။ ဓာတ်ပျက်ပြီးသား ရေနွေးကို အပူပြန်ပေးလျှင် တေဇောလွန်ပြီး ဝါယောပျက်ကာ သောက်သုံးသူကို အဆိပ်ဖြစ်စေနိုင်ပါတယ်။

          တချို့လူတွေက ဓာတ်ဘူးထဲမှာ လက်ဖက်ခြောက်ခတ်ထားပြီးသား ရေနွေးကို ညသိပ်ထားပြီး သောက်တတ်ကြပါတယ်။ “ရေနွေးညသိပ်  အဆိပ်ထက်ပြင်း” လို့ သိမ်ဖြူ ဆရာတော်ကြီးက အာယုဗ္ဗေဒသင်ခန်းစာမှာ ပြောဖူးပါတယ်။ အစာအိမ်ထဲမှာ အဆိပ်ဖြစ်ပြီး အော့အန်ခြင်း ဖြစ်စေနိုင်ပါတယ်။ ရေနွေးကို ဓာတ်ဘူးနဲ့ ထည့်သောက်သူများ သတိထားစေချင်ပါတယ်။ တခြားသတိထားမိတဲ့ အချက်တစ်ခုကတော့ ဓာတ်ဘူးအတွင်းမှာ သုတ်လိမ်းထားတဲ့ ပြဒါးတွေက ကြာလျှင် ပျက်ပြီး ကွက်မည်းလာတာ တွေ့ရပါလိမ့်မယ်။ ကျွတ်ထွက်သွားတဲ့ ပြဒါးအမှုန့်အစတွေက ရေထဲမှာပါသွားပြီး သောက်သုံး သူရဲ့ အစာအိမ်ထဲရောက်သွားလျှင် ပြဒါးဆိပ်သင့်နိုင်ပါတယ်။ ရေကျက်အေးနဲ့ပတ်သက်လို့ တရုတ်ရိုးရာနှင့် အာရှနိုင်ငံတို့ရဲ့ ရှေးက ဆေးကျမ်းတွေမှာ အထောက်အထားနဲ့ တွေ့ရတာက “တည်ပြီးသော ရေနွေးကို အေးစေပြီးမှ သောက်သော အနာတို့ကား ကိုယ်ပူသော အနာ၊ ဝမ်းပျက်နာ၊ သည်းခြေနာ၊ သွေးနာ၊ လေအန်ခြင်း၊ ဝမ်းဗိုက်လေဖောင်းခြင်း၊ မူးဝေခြင်း၊ အဆိပ်သင့်ခြင်းတို့ကိုလည်းကောင်း၊ ဆီးချုပ်သော၊ ရေငတ်သော အနာ၊ အော့အန်သော အနာ၊ မောပန်းသော အနာတို့ကိုလည်းကောင်း ဤအနာတို့၌ ရေကျက် အေးသည် သင့်လျော်ပါသည်။ ချက်ပြီး၍ အလိုအလျောက်အေးသော ရေကျက်အေးသည် ဒေါသ သုံးပါးစလုံးကို နိုင်စေသည်။ အသက်ရှည်နုပျိုခြင်း၊ အဆီများချပေးခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ခြင်း၊ ရေငတ်ခြင်း၊ အဖျားတို့ကို နိုင်စေပါသည်။ ရေကျက်အေးကို နေ့၌ ချက်သော ရေကို နေ့၌သာ သောက်သုံးသင့်ပါသည်။ ည၌ချက်သောရေကို ည၌သာ သောက်သုံးသင့်ပါသည်။ နေ့၌ချက်သော ရေကို ည၊  ည၌ချက်သော ရေကို နေ့၊ ဤကဲ့သို့ အေးအောင်ထား၍ သောက်လျှင် ထိုရေ၌ တေဇောဓာတ်ညံ့သောကြောင့် အစာအိမ်ချဉ်ခြင်း၊ ဝမ်းချုပ်ခြင်းများ ဖြစ်စေတတ်သည်။ ရေကျက်အေးကို တစ်ဖန် ရေနွှေးပြီး မသောက်သုံးသင့်ပါ။ အဆိပ်ရည်နှင့်တူပါသည်။ ညဘက်မှာ  ရေနွေးသောက်ခြင်းသည် များစွာ အကျိုးရှိစေသည်။ ညဘက်သောက်ရန် ရေနွေးချက်ပုံကား ရေစိမ်းနံ့ပျောက်၍ ကျက်ရုံ၊ ထက်ဝက်ကြွင်း၊ လေးပုံတစ်ပုံကြွင်း၊ ရှစ်ပုံတစ်ပုံ ကြွင်းတို့တွင် တစ်မျိုးမျိုးချက်၍ သောက်ပါ။ ညဘက်ကို ရေနွေးကျိုချက်၍ သောက်ခြင်းသည် သလိပ်နာ၊ လေနာ၊ အစာမကြေသော အနာ၊ အဆီခဲသော အနာတို့ကို မဖြစ်စေပါ။ ဝမ်းမီးကို တောက်စေပြီး ဆီးကို ရွှင်စေပါသည်။  ချောင်းဆိုးနာ၊ ပန်းနာ၊ အဖျားတို့ကို လျော့ကျစေပါသည်” တဲ့။ ထို့ပြင် ရေ အမျိုးမျိုးတို့အထဲမှ ရေနွေးကျိုသောက်ရာမှာ ပျစ်ချွဲသောပိုးတို့ဖြင့် ရွှံ့ရေအိုင်၊ သစ်ရွက်၊ မှော်တို့ဖြင့်ပြည့်သော အနံ့မကောင်းသောရေကို ကျိုချက်မသောက်သင့်ပါ။ ရေနွေးကြမ်းကို တချို့က ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီး ကျက်အောင်မကျိုတာကြောင့်လည်း အဆိပ်ဖြစ်စေပါတယ်။ ရေနွေးဖြင့် ကော်ဖီဖျော်လျှင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲ့ ရေနွေးနဲ့ ဖျော်ပါ။ ဓာတ်ဘူးထဲက ရေနွေးနဲ့ဖျော်လျှင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဘူးထဲမှာ လှောင်ထားတဲ့ ရေနွေးကို မသုံးသင့်ပါ။ ဓာတ်ဘူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက် ရေနွေးဖြစ်လို့ ပြန်နွှေးပြီး မသုံးပါနဲ့။ ပြန်ကျိုချက်ပြီး မသုံးသင့်ပါ။ ညသိပ်ရေနွေးနဲ့ ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်သင့်ပါ။ ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်သင့်ပါ။

          အဲဒါကတော့ ရေနွေးနဲ့ပတ်သက်တဲ့ သိမှတ်ဖွယ်ရာ ဗဟုသုတတွေ ဖြစ်ပါတယ်။ ဒီနည်းလမ်းများအတိုင်း လိုက်နာသောက်သုံးခြင်းအားဖြင့် မိသားစုများအတွက်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ကြမှာပါ။ ဒီလအတွက် ဒီမျှနှင့်ပဲ ကျေနပ် အားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်လတွေမှာ ဘယ်လိုမျိုး ဗဟုသုတရစရာတွေနဲ့ ပရိသတ်ကြီးအတွက် မျှဝေပေးသွားမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦး။ စည်  ကျောင်းတုန်းက သင်ခဲ့ရသော Advantage and Disadvantage of Drinking Boiling Water ဘာသာရပ်မှ စိတ်ဝင်စားစရာအကြောင်းလေးများနဲ့ ကြားသိခဲ့ရသော ဗဟုသုတ တချို့နှင့် http://myawady.blogspot.com နှင့် google မှ အချက်အလက်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။

မှတ်ချက်- ဖော်ပြထားသည့် Information သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများ ရှိလျှင် ရှိတတ်ပါသည်။

Happy day to you all

Facebook Comments