အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်ထဲမှ ပစ္စည်းများကို အသုံးပြုနည်းအကြောင်း ဝါးဖြင့်ပြုလုပ် ထားသော မီးဖိုချောင်သုံးပစ္စည်းများနှင့် သစ်သားဖြင့်ပြုလုပ်ထားသော မီးဖိုချောင်သုံးပစ္စည်းများ (Benefits of Using Bamboo Utensils or Wooden)

by Syi Lwin Foods Garden for Food Magazine

          မီးဖိုချောင် အသုံးအဆောင်ပစ္စည်းများကို သစ်သားနဲ့ ပြုလုပ်ထားတဲ့ပစ္စည်းများကို သုံးသင့်သလား၊ ဝါးနဲ့ပြုလုပ်ထားတဲ့ပစ္စည်းများကို သုံးသင့်သလားဆိုတာ ဇဝေဇဝါ ဖြစ်နေပါသလား။ သစ်သားနဲ့ဝါးမှာ မည်သည့်ပစ္စည်းက ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်သလဲဆိုတာမျိုးတွေက ကမ္ဘာတစ်ဝန်းမှာ အငြင်းပွားမှုတွေ ရှိကြပါတယ်။ ဒါပေမဲ့ နှစ်ခု စလုံးက နှစ်ပေါင်းများစွာကြာမြင့်ကတည်းက အကောင်းဆုံး အသုံးပြုခဲ့တဲ့ ပစ္စည်းများ ဖြစ်ခဲ့တာကတော့ အမှန်ပါ။ အဲဒါကြောင့် ကိုယ့်အတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး က သစ်သားလား၊ ဝါးလားဆိုတာ ဆုံးဖြတ်ဖို့ ခဲယဉ်းနေရင်တော့ အားလုံးဖတ်ပြီးမှပဲ မည်သည့်အမျိုးအစားက သင်နှင့် သင့်မိသားစုအတွက် သင့်တော်သလဲဆိုတာ သေချာ လေ့လာစမ်းသပ်ပြီးမှ အသုံးပြုပါ။ ဒီလ  စာဖတ်ပရိသတ်တွေအားလုံး “ဝါးဖြင့် ပြုလုပ်ထားသော မီးဖိုချောင်သုံးပစ္စည်းများနှင့် သစ်သားဖြင့်ပြုလုပ်ထားသော မီးဖိုချောင်သုံးပစ္စည်းများ” ကို This & That မှာ လေ့လာဖတ်ရှုနိုင်ဖို့ ရေးသားတင်ပြလိုက်ပါတယ်။

          မည်သည့်အတွက်ကြောင့် သစ်သားနဲ့ဝါးကို မီးဖိုချောင်သုံးပစ္စည်းအဖြစ် အသုံးပြုသင့်သလဲဆိုရင် သစ်သားကို မည်သည့်အတွက်ကြောင့် တချို့က ကြိုက်ပြီး အသုံးပြုကြသလဲဆိုတာလေးကို အရင်လေ့လာကြရအောင်နော်။ သစ်သားအသုံးအဆောင် ပစ္စည်းများကတော့ နှစ်ပေါင်းများစွာကတည်းက ကမ္ဘာတစ်ဝန်းမှာ လူသုံးများခဲ့သလို ပုံစံအမျိုးမျိုးနဲ့ ထွက်ရှိပြီး ဈေးလည်းသက်သာတာကြောင့် အိမ်ရှင်မအများစုရဲ့ လက်စွဲ ဖြစ်ခဲ့ပါတယ်။ B.C 250 ကတည်းက အသုံးပြုခဲ့တဲ့ ပစ္စည်းလည်းဖြစ်ပါတယ်။ ဝေးလ် (Wales) နိုင်ငံမှာ အချစ်ရဲ့သက်သေသင်္ကေတအဖြစ်နဲ့ သစ်သားနဲ့လုပ်ထားတဲ့ မီးဖိုချောင်သုံး အသုံးအဆောင်ပစ္စည်းများနှင့် ယောက်မ၊ ဇွန်းများကို လက်ဆောင်ပေးတတ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်နဲ့ အသုံးပြုသူတွေအတွက် နှစ်ဖက်စလုံးနဲ့လည်း သင့်တော်သောဈေးနှုန်းနဲ့ ရောင်းချ၊ ဝယ်ယူလို့ရတာကြောင့် အားလုံး ကြိုက်နှစ်သက်ကြပါတယ်။ ပုံစံအရွယ်အကြီး၊ အသေးအပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားပေမယ့် အသုံးပြုသူတွေအတွက် ဈေးနှုန်းချိုသာပြီး အလွယ်တကူ ဝယ်ယူလို့ရတာကြောင့် အသုံးများကြပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း သစ်သားနဲ့ ဟင်းများကို မွှေခပ်ရာမှာ ပိုးမွှားများက ဇွန်းမှာ ကပ်နေသလားဆိုတာမျိုး တွေးပူစရာတော့ သိပ်မလိုပါဘူး။ သစ်သားက သဘာဝအလိုအလျောက် ဗက်တီးရီးယားပိုးများကို ဆန့်ကျင် တိုက်ခိုက်ကာကွယ်ပေးပါတယ်။ သဘာဝသစ်ပင်ကရရှိတဲ့ သစ်သားနဲ့ပြုလုပ်ထားတဲ့ သစ်သားဇွန်းများမှာ အစားအစာများကို အလွယ်တကူ မကပ်စေပါဘူး။ ချက်ပြုတ်တဲ့အခါမှာလည်း သစ်သားနဲ့အသုံးပြုလို့ ရရှိတဲ့ကောင်းကျိုးလေးတွေကတော့ အိုး၊ ဒယ်အိုးများကို မွှေတဲ့အခါ ခြစ်ရာများ မထင်စေသလို မွှေနေရင်းနဲ့ လက်ကိုင်ကိုလည်း အပူမရောက်အောင် ထိန်းပေးတာကြောင့် အိမ်ရှင်မများသာမက စားဖိုမှူးကြီးများလည်း ကြိုက်နှစ်သက်ပြီး အသုံးပြုကြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့သဘာဝထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ရဲ့  ပြောဆိုချက်အရဆိုရင် သစ်သားအသုံးအဆောင်ပစ္စည်းများ ပြုလုပ်ဖို့ သစ်ပင်များကို လစဉ် ခုတ်ဖြတ်ရခြင်းအတွက် သစ်တောများ ပြုန်းတီးစေပါတယ်ဆိုပြီး သစ်သား အသုံးအဆောင်ပစ္စည်းများကို အသုံးမပြုကြဖို့ နှိုးဆော်နေတာတွေကို ပြုလုပ်နေကြပါတယ်။ စိမ်းလန်းစိုပြည်ပြီး သဘာဝအလှကို မြတ်နိုးတန်ဖိုးထားသူများကတော့ သစ်သားအသုံးအဆောင်ပစ္စည်းများကို အသုံးမပြုဖို့ ကန့်ကွက်နေကြပါတယ်။

          သစ်သားအသုံးအဆောင်ပစ္စည်းများ အသုံးပြုရာမှာ သတိထားရမယ့်အချက်တွေကတော့ သစ်သားစများက ပဲ့နေသလားဆိုတာကိုပါ။ ပဲ့နေတယ်ဆိုရင် ဟင်းပွဲတွေထဲ ပါသွားနိုင်ပါတယ်။ ကိုယ်မွှေမယ့်ဟင်းအိုးက ကြီးပြီး စေးကပ်သော အရာဆိုလျှင်လည်း သစ်သားက ကျိုးနိုင်တာကြောင့်ပါ။ သစ်သားနဲ့ ဟင်းတွေ မွှေတဲ့အခါမှာ သတိထားမိကြရမှာပါ။ အလွယ်တကူ အရောင်တွေလည်း စွန်းထင်နိုင်ပါတယ်။ ဆေးကြောလျှင်လည်း အလွယ်တကူနဲ့ မပျောက်နိုင်တော့ ဟင်းချက်ရင် အရောင်စွန်းနေတဲ့ သစ်သားဇွန်းကို သုံးရမှာ မသန့်သလိုမျိုး၊ ညစ်ပတ်နေသလိုမျိုး ခံစားနေရမှာ အမှန်ပါ။ သစ်သားဇွန်းကို သုံးတဲ့အခါ ကောင်းကျိုးလေးနဲ့ ဆိုးကျိုးလေးကို သိသွားပြီဆိုတော့ ဝါးနဲ့ပတ်သက်တာလေးကို ထပ်ပြီး လေ့လာကြည့်ကြရအောင်နော်။ ကမ္ဘာ့သဘာဝထိန်းသိမ်းရေးရဲ့ စုဆောင်းထားတဲ့ အချက်အလက်တွေအရဆိုလျှင် လူအများစုက ယခုအခါမှာ ဝါးနဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းများကို အများဆုံး ဦးစားပေးအသုံးပြုလာကြောင်း သိရှိရပါတယ်။ ဝါးက သစ်သားထက် ပိုမိုမြန်ဆန်စွာ အစားထိုးစိုက်ပျိုးနိုင်တာကြောင့် ကမ္ဘာ့သစ်တောများ ပြုန်းတီးရေးကို ကာကွယ်ပေးတဲ့အတွက် ဝါးကို ပြောင်းလဲသုံးသင့်ပါတယ်။ ဝါးပင်ဟာ အမှန်တကယ်တော့ မြက်ပင်အရှည်မျိုးပါ။ ၃-၅ နှစ်အတွင်းမှာ အရှည်က ပေ ၆၀ လောက်ရှိပြီး တစ်နေ့ကို ၆ လက်မလောက်အထိ ရှည်ထွက်တတ်ပါတယ်။ သူ့ရဲ့  အမြစ်ပွားလေးတွေရှိတာကြောင့် ဝါးပင်တစ်ပင်ခုတ်ပြီးလျှင် နောက်တစ်ပင် ထပ်စိုက်စရာမလိုဘဲ သဘာဝ ဝါးစို့(မျှစ်စို့)လေး ထွက်လာပြီး ဝါးပင်ပေါက်က တဖြည်းဖြည်း ကြီးထွားလာပါတယ်။

          ဝါးနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းများဟာ ကြာရှည်ခံသလို ခိုင်ခံ့မှုလည်းရှိပါတယ်။ ဝါးက သူ့အလိုလို ဆွေးမြည့်သွားနိုင်ပြီး သဘာဝကို ထိခိုက်နိုင်စေတာမျိုးတွေလည်း မဖြစ်တတ်ပါဘူး။ ဝါးပင်စိုက်ပျိုးရာမှာ ပိုးသတ်ဆေးသုံးစရာမလိုတာကြောင့် ဝါးနှင့်ပြုလုပ်ထားသော မီးဖိုချောင်းသုံးပစ္စည်းများကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ ဝါးဖြင့် ပြုလုပ်ထားသော ယောက်မ၊ ဇွန်းနှင့် အခြားသော မီးဖိုချောင်သုံးပစ္စည်းများက ပေါ့ပါးပြီး သန့်ရှင်းရေးလုပ်ရာမှာလည်း လွယ်ကူပါတယ်။ ဝါးယောက်မနှင့် ဇွန်းများကလည်း ဒယ်အိုးနှင့် အိုးများကို ခြစ်ရာမထင်စေပါဘူး။ အသုံးပြုပြီးတိုင်း သေချာဆေးကြောမယ်၊ အခြောက်ခံထားမယ်ဆိုလျှင် ပုံစံမပျက်ကြာရှည်ခံပါတယ်။ ဝါးကို ကျန်းမာရေးနှင့် ညီညွတ်စွာ အသုံးပြုနိုင်ဖို့နဲ့ ဝါးရဲ့ကောင်းကြောင်းလေးတွေကို မကြာသေးခင် နှစ် အနည်းငယ်ကမှ လူအတော်များများ သိရှိလာတာကြောင့် ယခုဆိုလျှင် ဝါးနဲ့ပြုလုပ်ထားသော ယောက်မ၊ ဇွန်းနှင့် အခြားမီးဖိုချောင်သုံးပစ္စည်းလေးများကို အသုံးပြု လာတာကိုလည်း တွေ့ရှိရပါတယ်။ ဝါးနဲ့ပြုလုပ်ထားသော မီးဖိုချောင်းသုံးပစ္စည်းများကို လေ့လာမယ်ဆိုလျှင် ဝါးက အစိုဓာတ်သိပ်မရှိဘဲ ခြောက်သွေ့လွယ်တာကြောင့် ဗက်တီးရီးယားပိုးမွှားပေါက်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ နောက်ပြီး ဝါးသားဟာ ကျုံ့သွားခြင်း၊ ပွသွားခြင်းလည်း မဖြစ်ပါ။ ဒါကြောင့် စဉ်းတီတုံးအတွက် အသုံးပြုရာမှာလည်း အသုံးဝင်ပါတယ်။ ဝါးရဲ့သဘာဝကိုက ဗက်တီးရီးယားပိုး ပေါက်ဖွားခြင်းမရှိတာကြောင့် မီးဖိုချောင်သုံးပစ္စည်းများအတွက် အသုံးပြုဖို့ အလွန်ကောင်းမွန်ပါတယ်။ ယခုဆိုလျှင် အနောက်တိုင်းနိုင်ငံတွေမှာလည်း သဘာဝထိန်းသိမ်းရေးကို ထောက်ခံသောအားဖြင့် ဝါးနဲ့ပြုလုပ်သော မီးဖိုချောင်သုံးပစ္စည်းများကို များစွာအသုံးပြုလာတာကို တွေ့ရှိရပါတယ်။ ယခုအခါ ကျန်းမာရေးနှင့် မညီညွတ်သော ပလတ်စတစ်ကို ရှောင်ကြဉ်လာကြပါတယ်။ ဝါးနဲ့ပြုလုပ်ထားတဲ့ စဉ်းတီတုံးမျိုးကို ဟိုတယ်တွေမှာ အသုံးပြုကြတာကိုလည်း တွေ့ရှိလာပါတယ်။ ဝါးနဲ့ပြုလုပ်ထားသော မီးဖိုချောင်သုံးပစ္စည်းများက ဈေးနှုန်းချိုသာတာကြောင့် အသုံးပြုနေသော ဝါးယောက်မ၊ ဇွန်း စသည့်မီးဖိုချောင်သုံး ပစ္စည်းများ ပျက်စီးသွားလျှင် အလွယ်တကူ အသစ်ဝယ်ယူ အစားထိုးပြီး သုံးစွဲလို့ရပါတယ်။ ယခုတစ်လော အိမ်ရှင်မတွေရဲ့ အကြိုက်ဆုံး မီးဖိုချောင်သုံးပစ္စည်းလည်း ဖြစ်ပါတယ်။ သုံးရတာ အဆင်ပြေပြီး ဈေးလည်းသက်သာပါတယ်။ ဝါးနဲ့ပတ်သက်လို့ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ ထွက်ရှိနေတာကြောင့် ကိုယ့်ရဲ့မီးဖိုချောင်မှာ လိုအပ်သလို ကျန်းမာရေးနှင့်ညီညွတ်ပြီး  အဆင်ပြေစွာ အသုံးပြုလို့ ရနိုင်ပါကြောင်း အားလုံးအတွက် ဗဟုသုတတိုးပွားရရှိစေဖို့ စုစည်း ဖော်ပြလိုက်ပါတယ်။

          စည် ကျောင်းတုန်းက သင်ခဲ့ရတဲ့ Using Wooden and Bamboo Utensils Benefit နှင့်အတူ eHow.com မှ information များထဲမှ စိတ်ဝင်စားစရာအကြောင်းလေးများ နှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ Happy & Safety Kitchen to you all !!!

မှတ်ချက် – ဖော်ပြထားသည့် information သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများ ရှိလျှင် ရှိတတ်ပါသည်။

Happy day to you all

Syi Lwin Foods Garden

Facebook Comments