ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် ပူဒီနာ

by ဝင်းသော်တာ for Food Magazine

          ပူဒီနာ (ပူစီနံ) အပင်ဟာ လယ်ကွင်းတွေ၊ စိမ့်မြေနေရာတွေ၊ တောင်ပေါ်နေရာ ဒေသတွေနဲ့ အိမ်ရဲ့ ပြတင်းပေါက်ခံ ပန်းအလှစိုက်သေတ္တာတွေမှာတောင် ရှင်သန်တဲ့ ဥတုမရွေး တစ်နှစ်ပတ်လုံးပေါက်ရောက်တဲ့ အပင်အမျိုးအစားပါပဲ။ Genus Mentha အုပ်စုထဲမှာ ပါဝင်ပြီး မျိုးပေါင်း (၁၂) မျိုးကနေ (၂၅) မျိုးအထိ ရှိနိုင်ပါတယ်။ ဒါ့အပြင် မျိုးစပ် မျိုးကွဲပေါင်း ရာပေါင်းများစွာ ရှိပါသေးတယ်။ အမည်ကလည်း အမျိုးမျိုးပါပဲ။ ရှောက်၊ လိမ္မော်၊ Bergamot ပန်းသီးနဲ့ နာနတ်သီး၊ plus slender,  wrinkled-leaf နဲ့ ချောကလက် ပူဒီနာ (Chocolate mint) တို့ဖြစ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးပြီး အသုံးများတဲ့ မျိုးစိတ် နှစ်ခုကတော့ စပီးယားမင့် (spearmint) နဲ့ ပက်ပါမင့် (peppermint) တို့ ဖြစ်ပါတယ်။

          ဒီနှစ်မျိုးကို သူတို့ရဲ့ ပုံသဏ္ဌာန်နဲ့ ခွဲခြားနိုင်ပါတယ်။ စပီးယားမင့်မှာ ပန်းပွင့်လေးတွေ မပါပါဘူး။ အရွက်မှာ အကွက်ပုံလေးတွေပါပြီး အရွက်အနားက ပြားပါတယ်။ အပင်ဒဏ္ဍာရီမှာတော့ ပူဒီနာဟာ ဥာဏ်ပညာကို  ပေးစွမ်းတဲ့အရွက်လို့ ယူဆကြပါတယ်။ အဖြူရောင်ပန်းလေးတွေလည်း ပွင့်တတ်တဲ့ ဒီအပင်ဟာ နွယ်ပင်မျိုးဖြစ်ပြီး ရေကြိုက်သလို အရိပ်မကျတကျ နေရာမျိုးမှာ စိုက်သင့်ပါတယ်။ ကိုယ့်ဥယျာဉ်ခြံထဲမှာ ပူဒီနာကို သွားမခူးချင်ဘူးဆိုရင်တော့ အလွယ်တကူ ခူးသုံးလို့ရအောင် ပန်းအိုးလေးနဲ့ စိုက်လို့ လည်း ရပါတယ်။ စပီးယားမင့်ရဲ့ အနံ့နဲ့ အရသာက သူ့မှာပါတဲ့ ဓာတုဒြပ်ပေါင်းကြောင့် ပက်ပါမင့်ထက် ပိုပျော့ပါတယ်။ သူ့မှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဖလေဗိုနွိုက် သိုင်မိုနင် (Flavonoid Thymonin)၊ ကက်ဖစ်အက်ဆစ် (Caffeic Acid) ရဲ့  ဆင့်ပွား ဒြပ်ပေါင်းတွေ၊ ရော့စ်မာရင်းနစ် အက်ဆစ် (Rosmarinic Acid) နဲ့ လီမိုနင်တို့ ပါဝင်ပါတယ်။

          စပီးယားမင့်ရဲ့ လွန်ကဲပြင်းထန်မှုမရှိတဲ့ အနံ့အရသာနဲ့ ဒြပ်ပေါင်းတွေက ကလေးတွေအတွက် ဘေးအန္တရာယ်မဖြစ်စေပါဘူး။ ကလေးငယ်တွေဖျားနာတဲ့အခါ ပူဒီနာရွက်နဲ့ horehound အရွက် (ပူဒီနာမျိုးနွယ်ဝင်အပင်) တို့ကို ရေနွေးထဲ ထည့်ခတ်ပြီး တိုက်ပါက အပယိက ကိုက်ခဲ ဖျားနာရောဂါတွေ ပျောက်ကင်းနိုင်ပါတယ်။ ၂၀ဝ၁ ခုနှစ်က ဂျပန်နိုင်ငံမှာ ဆေးပညာသုတေသီအဖွဲ့တစ်ဖွဲ့က စပီးယားမင့်အဆီ (Spearmint Essential Oil) ဟာ staphylococcus aureus, E. coli နဲ့ Helicobacter pylori  စတဲ့ ဗက်တီးရီးယား ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိတယ်လို့ ဖော်ပြထားပါတယ်။ ပက်ပါမင့် (M-piperita) မှာ အဓိကပါဝင်တဲ့အရာဖြစ်တဲ့ အေးမြတဲ့ခံစားမှုကို ပေးစွမ်းတဲ့မင်သော် (menthol) ကို အပင်ရဲ့ အပွင့်ထိပ်လေးတွေမှာ တွေ့ရပါတယ်။ ဒီအစိတ်အပိုင်းတွေကို အခြောက်ခံပြီးတော့ ချက်ပြုတ်ရာမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ်ရော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးအတွက်ပါ သုံးစွဲနိုင်ပါတယ်။ အဓိကအားဖြင့် ပက်ပါမင့်အရွက်တွေကို ရေနွေးငွေ့ပေါင်းခံတဲ့နည်းနဲ့ အဆီ (Oil) ထုတ်ယူပါတယ်။ မင်သော်ပါဝင်မှု ပမာဏက ပက်ပါမင့်အဆီ (Peppermint Essential Oil) ရဲ့ အရည်အသွေးကို သတ်မှတ်ပေးပါတယ်။ Essential Oil ကို လေရောဂါနဲ့ လေလည်ခြင်းကို နှိုးဆွလှုံ့ဆော်ပေးတဲ့ အရာအဖြစ် သုံးပါတယ်။ မင်သော်အနေနဲ့ဖြစ်စေ၊ အရသာအနေနဲ့ဖြစ်စေ သုံးရာမှာ အထူးသဖြင့် ပီကေတွေ၊ ခံတွင်းနံ့ပျောက်ငုံဆေးတွေမှာ သုံးတဲ့အပြင် ဆေးခါးတွေရဲ့ အပေါ်ယံအလွှာအနေနဲ့ပါ သုံးပါတယ်။

          ပက်ပါမင့်ဟာ တစ်ပင်လုံးဆေးဖက်ဝင်ပြီး Volatile Oil, Flavonoids, Phenolic acids နဲ့ Triterpenes (စတီးရွိုက်ရဲ့ ရှေ့ပြေး) တွေ ပါဝင်ပါတယ်။ မင်သော်အပြင် Essential Volatile Oil တွေဟာ Menthone နဲ့ Menthyl အက်ဆီတိတ် ဓာတုဒြပ်ပေါင်းတွေဖြစ်ပါတယ်။ Menthyl အက်ဆီတိတ်က ပက်ပါမင့်ကို ပူရှိမ်းတဲ့အရသာမျိုးဖြစ်စေတဲ့ ဓာတုဒြပ်ပေါင်းဖြစ်ပါတယ်။

          ပက်ပါမင့်လက်ဖက်ရည်ကြမ်းက ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိ၊ ဖျားနာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ The German Commission E က ပက်ပါမင့်မှာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိရှိကြောင်းကို တရားဝင် အသိအမှတ် ပြုထားပါတယ်။ မင်သော်ကို ရှူရှိုက်ပါက နှာပိတ်ခြင်းကို သက်သာစေနိုင်ပါတယ်။ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းထက်အာနိသင်တွေရှိတဲ့ ပက်ပါမင့်အပင်ဟာ တုပ်ကွေး၊ ရေယုန်၊ မှိုပိုးဝင်တာနဲ့ မော်နာလို ဖျားနာမှုတွေ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ရာမှာလည်း ကူညီပေးပါတယ်။ ပက်ပါမင့်ကို နားကိုက်ရောဂါ၊ သည်းခြေကျောက်ပျော်စေဖို့၊ ကြွက်သားတောင့်တင်းမှုတွေ ပြေလျော့စေဖို့၊ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ရာသီလာချိန် ဗိုက်အောင့်တာတွေကို သက်သာဖို့အတွက်လည်း ရှေးကတည်းက အသုံးပြုခဲ့ကြပါတယ်။

          ပူဒီနာ (Mint) ကို ပူဒီနာဆော့စ်၊ ပူဒီနာထည့်ထားတဲ့ ပဲစွပ်ပြုတ်၊ အသုပ်မျိုးစုံကနေ ချောကလက်တွေ၊ ရေခဲမုန့်တွေနဲ့ ကော့တေးလ်တွေမှာပါ နည်းလမ်းမျိုးစုံနဲ့ ထည့်သွင်း အသုံးပြုပါတယ်။

          လူသိများတဲ့ စပီးယားမင့်နဲ့ ပက်ပါမင့်အပါအဝင် ပူဒီနာပင် အမျိုးအစားပေါင်း များစွာရှိပါတယ်။ ပူဒီနာအဆီ (Mint Oil) မှာ လန်းဆန်းစေတဲ့ နှစ်လို့ဖွယ်အရသာရှိပြီး ခံတွင်းသန့်စင်ဆေးရည်ကနေ သကြားလုံးအထိ ကုန်ပစ္စည်းများစွာမှာ ထည့်သုံးပါတယ်။ ခံတွင်းသန့်စင်ဆေးရည်အဖြစ်သုံးရခြင်းက သူ့မှာ ဗက်တီးရီးယားပိုးတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိတာကြောင့် ဖြစ်ပါတယ်။

          ကျွန်မက ပက်ပါမင့်အဆီကို အစာခြေပြဿနာတွေနဲ့ပတ်သက်ရင် အထူးသဖြင့် ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာစု (Irritable Bowel Syndrome) တွေမှာ အသုံးပြုလေ့ရှိပါတယ်။ တချို့လေ့လာမှုတွေမှာတော့ ပက်ပါမင့်ဟာ ဗိုက်အောင့်တာနဲ့ အစာအိမ်အူလမ်းကြောင်း မအီမသာဖြစ်တဲ့ လက္ခဏာတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုရောဂါတွေအတွက် Enteric-Coated ဆေးတောင့်တွေကို သောက်ဖို့လိုပေမယ့် Pure Oil ကို သောက်သုံးတာက ဆေးအာနိသင်ကို ပိုပြီး အားကောင်းစေပါတယ်။

          ရိုးရိုး ပက်ပါမင့်လက်ဖက်ရည်က ရင်ပူတာကို ပိုဆိုးစေပေမယ့် အစာအိမ်ရောဂါကို သက်သာစေပါတယ်။

          ဗက်တီးရီးယားပိုး၊ မှိုပိုးတွေကို သုတ်သင်နှိမ်နင်းနိုင်တာ၊ အစာကြေစေတာနဲ့ အကိုက်အခဲပျောက်စေတာတွေနဲ့အတူ ပူဒီနာနဲ့ သူ့ရဲ့မျိုးတူအပင်အားလုံးဟာ စိုက်ပျိုးရ လွယ်ကူပြီး  ဆေးဖက်ဝင်အပင်အဖြစ် အသိအမှတ်ပြုခံထားရပါတယ်။

Facebook Comments