ပြည်၊ မင်္ဂလာဂါးဒင်းရီဆော့စ်၊ စိန်မန်းသုပ်နဲ့ ပြည်တောလက်ဖက်ခရီးစဉ်

ပြည်၊ မင်္ဂလာဂါးဒင်းရီဆော့စ်၊ စိန်မန်းသုပ်နဲ့ ပြည်တောလက်ဖက်ခရီးစဉ်

          ခရီးသွားရတာကို ကျောင်းသားဘဝထဲက နှစ်သက်ခဲ့တာပါ။ မိသားစုထဲမှာလည်း ကျွန်တော်က ခရီးအသွားဆုံးလို့ပဲပြောရပါ့ မယ်။ ကျောင်းသားဘဝထဲက သူငယ်ချင်းတွေနဲ့ သွားခဲ့တဲ့ခရီးတွေရှိခဲ့သလို သူငယ်ချင်းမိသားစုတွေနဲ့သွားခဲ့တဲ့ ခရီးစဉ်တွေလည်း ရှိခဲ့ပါတယ်။ ဒီလိုခရီးထွက်ဖို့ခွင့်ပေးခဲ့တဲ့ အဖေ့ကို ကျေးဇူးတင်ရမှာပါ။ အဖေ့ကိုဂျီကျပြီး သွားခဲ့ရတဲ့ခရီးတွေလည်းရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့လူငယ် ဘဝ ပျော်ချင်လို့သွားခဲ့ တဲ့ခရီးစဉ်တွေပါပဲ။ မရောက်ဘူး တဲ့ဒေသနဲ့မြို့တွေကို ရောက်ဖူးခဲ့တယ်။ ဒေသထွက် အစား အစာတွေကိုစားဖူးခဲ့တယ်။ ပြီးရင်အဲဒီဒေသမှာ ရှိတဲ့ထွက်ကုန်တွေကို သိခဲ့ရတယ်။ ဒီခရီးစဉ်တွေကရခဲ့တဲ့ အတွေ့အကြုံတွေက နောင်တစ်ချိန်အလုပ်ခွင်မှာ အထောက်အကူပြုမယ်လို့ အဲ့ဒီတုန်းက မသိခဲ့ပါဘူး။ တကယ်တော့နောင်တစ်ချိန် ကျွန်တော့်ရဲ့ လက်တွေ့ အလုပ်ခွင်မှာတကယ်ကိုအသုံးကြပါတယ်။ အဲဒါကြောင့် ကျွန်တော်မကြာ သေးခင်ကသွားခဲ့တဲ့ ခရီးစဉ်လေးတွေကိုမျှဝေပေးချင်တဲ့အတွက် ဒီခရီးစဉ်လေးကို ပြောပြချင်ပါတယ်။

          ကျွန်တော်သွားလည်ခဲ့တဲ့မြို့ကတော့ ပြည်မြို့ပါ။  ပြည်မြို့ကရန်ကုန်ကနေဆိုရင် မိုင် ၁၈ဝ ခန့်ဝေးပါ တယ်။ ကားလမ်းနဲ့သွားနိုင်သလို ရထားနဲ့လည်းသွားရောက်လည်ပတ် နိုင်ပါတယ်။ ပြည်မြို့က ပျူခေတ်ရှေး ဟောင်းမြို့ဖြစ်ပြီးတန်ခိုးကြီးဘုရားများစွာရှိပါတယ်။

          ကျွန်တော်ကတော့ ရန်ကုန်ကနေ ပြည်မြို့ကိုကားနဲ့သွားခဲ့ပါတယ်။ မိုးရာသီဖြစ် တဲ့အတွက်လမ်းဘေး ဝဲယာကတော့ စိမ်းစိုနေပါတယ်။ ပြည်မြို့ကို မရောက်ဖြစ်တာကြာတဲ့အတွက် လမ်းတစ်လျှောက် မှာဖြတ်ခဲ့ရတဲ့ မြို့ရွာလေးတွေရဲ့ ပြောင်းလဲမှုတွေကို သတိထားကြည့်ဖြစ်ခဲ့တယ်။

          ပထမဦးဆုံးကားရပ်နားဖြစ်တဲ့မြို့လေးကတော့ လက်ပံတန်းပါ။ ကားပေါ်ကလှမ်းပြီး ကြည့်လိုက်တော့ အကြော်မျိုးစုံနဲ့ ဆီထမင်းရောင်းတဲ့ဆိုင်ကိုတွေ့လိုက်ရတော့ ဆာသလိုဖြစ်လာပြီး ကားပေါ်ကဆင်းလိုက်ပါ တယ်။ မိုးရွာနေတော့ ဆိုင်ဝန်ထမ်းလေးတွေက ကားနားအထိထီးမိုးပြီးလာကြိုပေးကြပါတယ်။ ဆိုင်ထဲရောက် တော့မှ အကြော်တွေကပိုပြီးစုံ တယ်ဆိုတာသိရတော့တယ်။ ကြက်ကြော်၊ ငုံးကြော်၊ ပြီးရင် ငါးကြော်ဆိုရင် ငါးမျိုးစုံပါပဲ။ ဆီထမင်းနဲ့ ငါးကြော်တစ်ပွဲမှာပြီး စားလိုက်တယ်။ ငါးကြော်လေး ကြွပ်ပြီးစားလို့အရမ်း ကောင်းပါ တယ်။

          စားပြီးတာနဲ့ခရီးဆက်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ပြောင်းလဲလာတဲ့ ရှုခင်းအလှတွေကို တဝကြီးခံစားနေ မိပါတယ်။ ဒီလိုနဲ့နတ်တလင်းမြို့လေးကို ရောက်ရှိပြီး ခိုင်သီတာ မိသားစုဆိုင်မှာ ဝင်နားလိုက်ပါတယ်။ ဒီဆိုင်က နတ်တလင်းထမင်းသုပ်ကို မှာစားဖြစ်တယ်။ ထမင်းသုပ်နဲ့ ဟင်းတွေကစုံနေတာပါပဲ။ ဆိတ်သားလုံးကြော်၊ အမဲသားအကြွပ် ကြော်၊ ငါးဖယ်ကြော်၊ ပဲတီချဉ်၊ ငရုတ်သီးကြော်နှင့် ဟင်းခါးပူပူလေးနဲ့မို့ စားရတာအဆင် ပြေလှပါတယ်။ ပြည်ကပြန်လာတဲ့ ခရီးသည်တွေဆိုရင် ရန်ကုန်အပြန် လက်ဆောင် နတ်တလင်းထမင်းသုပ်ကို ဝယ်ကြပါတယ်။ တချို့ခရီးသည်တွေဆိုရင် စင်္ကာပူထိတောင် ဝယ်သွားကြတယ်လို့ပြောပါတယ်။ နတ်တလင်း ထမင်းသုပ်ကဖက်နဲ့ ထုပ်ထားတဲ့ အတွက် တာရှည်ခံတယ်လို့ပြောပါတယ်။

          မိုးတွင်းမို့ကားကိုဖြည်းဖြည်းမောင်းလာတာ့ ပြည်ကိုညနေမှရောက်ပါတယ်။ မြို့အဝင်ရောက်တော့ တည်းခိုမယ့် မင်္ဂလာဂါးဒင်းရီဆော့ (Mingalar Garden Resort) ဘက်ကိုဆက်မောင်းခဲ့ပါတယ်။ ရှေးဟောင်း ဘုရားတစ်ဆူဖြစ်တဲ့ ဘုရားကြီးတစ်ဆူကို ဖူးမြင်ရပြီး အနီးနားမှာပဲ Mingalar Garden Resort ဆိုင်းဘုတ် ကိုမြင်ရပါတယ်။ ဆိုင်းဘုတ်လေးက လမ်းသွယ်လေးအတိုင်း ဆက်မောင်းသွားတဲ့အခါ လမ်းသွယ်လေး အဆုံးမှာပဲ Mingalar Garden Resort ခြံထဲကိုတန်းပြီး ရောက်သွားပါတယ်။

          ခြံအဝင်က လမ်းလေးအတိုင်း ကားကိုဆက်မောင်းလိုက်တာ ဘယ်ဘက်အခြမ်းမှာ ကြာပန်းရောင်စုံ တွေပွင့်နေတဲ့ ကြာကန်ကြီး ကိုတွေ့ရပါတယ် ( နောက်တော့မှ သိရတာက ဒီကြာကန်ကြီးက Mingalar Garden Resort ရဲ့ အော်ဂဲနစ်ခြံ Organic Garden ထဲက ကြာကန်ဆိုတာကိုသိရပါတယ်)

ပြည်အစားအစာ အိမ်ချက်ဟင်းလေးများ

          ညာဘက်ခြမ်းမှာဆိုရင်လည်းသစ်ပင်ကြီးတွေနဲ့စိမ်းစိုလို့နေပါတယ်။ ဝါးပိုးဝါးရုံကြီးတေ၊ွ  ပြွတ်ခဲ နေအောင်သီးနေတဲ့ ထန်းပင်တွေ၊  ပြီးရင်ကိုင်းလုံးညွှတ်နေအောင်သီးနေတဲ့ မြကျောက်သရက်ပင်တွေ တွေ့လိုက်ရတော့ Resort ဆိုတဲ့အတိုင်း သဘာဝအလှတွေ စုပြုံနေတဲ့ခြံအကြီးကြီးပါပဲ။

          ကျွန်တော့်ရဲ့အခန်းကတော့ သစ်ပင်အိမ် (Tree House) မျှော်စင်အနားမှာပါ။ ကျွန်တော်တို့တွေရဲ့ အခန်းတွေအားလုံးကပတ်လည်မှာ ရေကန်တွေရှိပြီး ရေကန်ထဲမှာ ဆောက်ထားတယ်လို့ပြောရပါမယ်။

          ပြည်ကိုစပြီးရောက်တဲ့ညမှာပဲ အသိမိတ်ဆွေမိသားစုက ညစာဖိတ်ကျွေးတဲ့ အတွက်ညစာကို မိတ်ဆွေ မိသားစုအိမ်မှာပဲ စားကြတယ်။ အိမ်မှာချက်တဲ့ ပြည်ထမင်းသုပ်၊ ပြည်ပလာတာသုပ်၊ ပြည်တောလက်ဖက်သုပ် တွေနဲ့ဧည့်ခံပါတယ်။ ပြည်ထမင်းသုပ်ကို ငါးဖယ်ကြော်၊ ဆိတ်သားလုံးကြော်၊ သရက်သီးသုပ်နဲ့ စားရတာအရမ်း ကောင်းပြီး ပြည်ရောက်တဲ့ညမှာပဲ ပြည်အစားအစာတွေကို အိမ်ချက်လေးနဲ့စားရတော့ အရမ်းပျော်ပြီး မိတ်ဆွေ မိသားစုကို ကျေးဇူးထပ်တလဲလဲတင်မိပါတယ်။ ပြည်ပလာတာသုပ်လေးကလည်း မဆလာမွှေးမွှေးလေးနဲ့ ချက်ထားတဲ့ ကြက်သားဟင်းနဲ့မို့ကောင်းမှ ကောင်းပါပဲ။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းထည့်ပြီး သံပရာရည်ညှစ်ပြီး စားလိုက် တစ်ပန်းကန်ဘယ်လိုကုန်မှန်းတောင်မသိလိုက်ရဘူး။ ပြီးတော့ မြကျောက်သရက်သီးမွှေးမွှေး လေးစားလိုက်၊ တောလက်ဖက်သုပ်လေးစားလိုက်၊ ရေနွေးကြမ်းလေးသောက်လိုက်နဲ့ ပွဲတော်ကြီးတည်ခဲ့ကြပါ တယ်။

          ရေနွေးကြမ်းသောက်ရင်း မိတ်ဆွေမိသားစုကနေပြီး ပြည်မြို့မှာရှိတဲ့ တန်ခိုးကြီး ဘုရားတွေအကြောင်း နဲ့နာမည်ကြီး ပြည်စားသောက်ဆိုင်တွေရဲ့အကြောင်းကို ပြောပြပါတယ်။ ပြောပြတဲ့အစားအစာတွေက အများ ကြီးထဲက ပြည်တိုဟူးသုပ်၊ ပြည်အခေါ်စိန်မန်းသုပ်၊ အရမ်းစိတ်ဝင်စားသွားတယ်။ အဲဒါကြောင့် မိတ်ဆွေ မိသားစုက မနက်စာအတွက် ပို့ပေးမယ်လို့ပြောပါတယ်။ အားနာနာနဲ့ပဲ ကျေးဇူးတင်စကားပြောပြီး ပြန်လာခဲ့ပါ တယ်။

          ညကကောင်းကောင်းအိပ်ပျော်ခဲ့ပြီး စောစောပဲအိပ်ရာကထလိုက်ပါတယ်။ မနက်စာမစားခင်ခြံထဲကို လမ်းလျှောက်ထွက်ဖြစ်လိုက်တယ်။ စိမ်းစိုနေတဲ့ရေကန်ဘေး လမ်းလေးအတိုင်းလမ်းလျှောက်ရင်း လတ်ဆတ် တဲ့ လေကောင်းလေသန့်ကို ရှုရှိုက်ရင်းရေကန်ကြီးကိုစိတ်ဝင်စားမိတယ်။ ရေကန်ကြီးကိုမျက်နှာမူပြီး ဆောက်ထားတဲ့ ဘန်ဂလိုလေးတွေ ကအရမ်းလှနေတယ်။ ဘန်ဂလိုတွေရဲ့ဘေးမှာလည်း သစ်ပင်ကြီးတွေက အမျိုးအစားအစုံပါပဲ။ သရက်ပင်၊ သပြေသီးပင်တွေအပြင် အညာဒေသမှာတွေ့ရတဲ့ ပေါက်ပင် ကိုပါတွေ့ရပါ တယ်။

          ရေကန်ဘေးကလမ်းလေးအတိုင်းလျှောက်ရင်းပင်မှည့်သရက်သီးတွေတွေ့ရတော့ မနက်စောစော သရက်သီးဖျော်ရည်လေးသောက်ရရင် ကောင်းမလားလို့တွေးမိပါတယ်။

          လမ်းလေးအဆုံးမှာတော့ Mingalar Garden Resort ရဲ့ Organic Garden ကို တွေ့ရပါတယ်။ ခြံထဲဝင်လိုက်တော့ ကြာကန်ကြီးရဲ့ဘေးပတ်လည်မှာ သီးနှံစိုက်ခင်းတွေကိုတွေ့ရပြီး သဘောအကျဆုံးက တော့ ကိုင်းလုံးညွှတ်သီးနေတဲ့ ရှောက်ပင်ကြီးပါပဲ။ စိုက်ခင်းတွေကို ကြည့်ပြီးကျွန်တော်ကတော့ စိတ်ကူးလေးနဲ့ ဟင်းတွေချက်နေမိပါတယ်။ ကြာပန်းတွေခူးပြီး ကြာစွယ်ဟင်းခါးလေးချက်မယ်ပေါ့။ ပြီးရင် ရှောက်သီးလေးခူးပြီး ရှောက်သီးသုပ်ပါသုပ်နေမိတယ်။ စောစောစီးစီးပါပဲ။ျွနျသမအ မီးဖိုချောင်မှ ဝန်ထမ်းတစ်ဦးက ခြင်းထောင်း တစ်လုံးနဲ့ဟင်းသီးဟင်းရွက်ခူးနေတာကို တွေ့ရပါတယ်။ မိတ်ဆက် စကားပြောပြီးသိချင်တာလေးတွေကို မေးကြည့်မိပါတယ်။ Resort မှာလာတည်းတဲ့ ဧည့်သည်တွေကို Orangnic ခြံမှာ ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ပြုတ်ဧည့်ခံတယ်လို့ပြောပါတယ်။

          ရေကန်ကြီးရဲ့တစ်ဖက်ခြမ်းကိုတော့ နောက်နေ့မနက်ခင်းမှပဲဆက်ပြီး လျှောက်ဖို့ဆုံးဖြတ်ပြီး မနက်စာ စားဖို့အတွက်ပြန်လျှောက်ခဲ့ပါတယ်။ မနက်စာကိုတော့ လှပတဲ့ရေကန်ကြီးကိုမျက်နှာပြုထားတဲ့ အဆောက်အဦး မှာဧည့်ခံပါတယ်။ ကန်စပ်မှာဆောက်ထားတဲ့ အဆောင်လေးတွေမှာလည်း မနက်စာ၊ နေ့လယ်စာနဲ့၊ ညစာတွေ ကို မှာယူသုံး ဆောင်နိုင်တာကို တွေ့ရပါတယ်.

          မနက်စာအတွက် Mingalar Garden Resort မိသားစုမှ ကိုလူဝင်းက ကျွန်တော်တို့အတွက်ပြည်မြို့မှ နာမည်ကြီး ထမင်းသုပ်မျိုးစုံကို တစ်နေ့တစ်မျိုး စီစဉ်ထားတယ်လို့ ပြောပါတယ်။ ပထမဦးဆုံး ထမင်းသုပ်ကို ဟင်းခါးနှင့် ပဲတီချဉ်သုပ်လေးနဲ့စားရတာ ကောင်းလိုက်တာပြီးတော့ ဝန်ထမ်းတစ်ဦကနေပြီး ဖျော်ရည် သုံးဆောင်ဖို့ပြောတဲ့အခါ မနက်စာဘူဖေးတွေမှာ သောက်နေကြဘူးဖျော်ရည်လို့ပဲထင်တာ တကယ်တော့ Mingalar Garden မှ ခြံထွက်ပင်မှည့် မြကျောက်သရက်သီးဖျော်ရည်လို့ပြောတော့မှ အားရပါးရတစ်ခွက် ယူသောက်ပစ်လိုက်တယ်။ မနက်လမ်းလျှောက်ရင်း စိတ်ကူးလေးထဲက သရက်သီးဖျော်ရည်လေးကို သောက်လိုက်ရတော့ ပျော်သွားတာပေါ့။

          မနက်စာအတွက်ပြင်ဆင်ထားတဲ့ ဘူဖေးနံနက်စာ (Buffet Breakfast)ကလည်းစုံ နေတာပါပဲ။ မြန်မာအစားအစာတွေဖြစ်တဲ့ ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်းနဲ့ ပဲပြုတ်ပြီး ရင်ပဲပြုတ်ထမင်းကြော်၊ အအီပြေအတွက် ဂေါ်ဖီအချဉ်လေးတောင်ပါသေးတယ်။ အချိုပွဲအတွက် မုန့်ဖက်ထုပ်၊ ငှက်ပျောကောက် ညှင်းထုပ်၊ မုန့်ပျစ်သလက်၊ မုန့်ကြိုးလိမ်စုံနေတာပါပဲ။ အားလုံးနည်းနည်းဆီယူပြီး ကော်ဖီတစ်ခွက်နဲ့ ကျွန်တော့်ရဲ့မနက်စာကို အဆုံးသတ်လိုက်ပါတယ်။

ပြည်ကရေကရာဆိုင်

          ဒီနေ့သွားလည်ဖြစ်တဲ့နေရာလေးကတော့ ပြည်ဈေးကြီးပါပဲ။ ပြည်မြို့ရဲ့ဈေးက အရမ်းစည်ကားပြီး အနယ်နယ်အရပ်ရပ်ကဈေးဝယ်သူတွေနဲ့ စည်ကားလို့နေပါတယ်။ မန္တလေးဈေးချိုတော်ကြီးလိုပဲ ဈေးရုံ အကြီးကြီးတွေဖြစ်သလို ဈေးအပြင်ဘက်တန်းမှာလည်း ကြက်သွန်ပွဲရုံတွေနဲ့ စည်ကားနေပါတယ်။

          ဈေးထဲမှာကျွန်တော်အကြိုက်ဆုံးမုန့်ဆိုင်လေးကိုပြောရမယ်ဆိုရင် ပြည်မြို့က လတ်လတ်ဆတ်ဆတ်နဲ့ လုပ်တဲ့ ပြည်ကရေကရာဆိုင်လေးပါပဲ။  မန္တလေးဖက်က ကရေကရာနဲ့မတူပါဘူး။ အုန်းယို၊ သကြားရည်၊ ဆန်မှုန့်တွေကိုကရေကရာ အသားပေါ်မှာ ချက်ချင်းဖြူးပေးပြီး ရောင်းပါတယ်။ ကျွန်တော်ဆိုရင် တဝကြီးမြည်းခဲ့ သလို အိမ်အပြန်လက်ဆောင်အဖြစ်ဝယ်ခဲ့ပါတယ်။

          ပေါက်ပေါက်ဆုပ်ကြိုက်တဲ့ ကျွန်တော်က ကရေကရာဆိုင်ဘေးနားမှာရောင်းတဲ့ ပေါက်ပေါက်ဆုပ်ကို လည်း ဝယ်ခဲ့ပါသေးတယ်။

          ဈေးအပြင်ဖက်ကိုနီးစပ်ရာအပေါက်ကနေထွက်လိုက်တော့ ကမ်းနားလမ်းဖြစ်နေပြီး ဧရာဝတီမြစ်ရဲ့ အလှကိုခံစားရင်း လမ်းဆက်လျှောက်ခဲ့ပါတယ်။ ကမ်းနားတစ်လျှောက်မှာတော့ သနပ်ခါးဆိုင်တွေနဲ့စည်ကား နေပြန်ပါတယ်။ ပြီးတော့မြစ်ကမ်းပါးမှာ ဧရာဝတီရဲ့အလှကိုခံစားရင်း စားသောက်နိုင်တဲ့ စားသောက်ဆိုင်ကို လည်း တွေ့ခဲ့ရပါတယ်။နောက်တစ်ခေါက် ပြည်ရောက်ရင်တော့ ဒီကမ်းနားမှာ အေးအေးဆေးဆေးနဲ့လာပြီး စားပါအုံးမယ်။

          ဈေးပြန်လာပြီး Resort မှာအနားယူရေချိုးပြီး နေ့လယ်စာကိုတော့ Mingalar Garden Resort မှစီစဉ်ထားတဲ့အတွက် ရေကန်ဘေးက အဆောင်လေးဘက်ကို ထွက်ခဲ့လိုက်ပါတယ်။ ပြင်ဆင်ထားတဲ့ နေ့လယ်စာကိုကြည့်လိုက်တော့ မြန်မာကြက်သားဟင်း ဆီပြန်၊ ငါးကြော်နပ်၊ ချဉ်ရည်ဟင်း၊ ပဲကြီးနပ်၊ ဟင်းနုနယ်ရွက်သုပ်၊ ခရမ်းချဉ်သီးငါးပိချက်နဲ့ တို့စရာစုံနေတာပါပဲ။ နေ့လယ်စာစားပြီးရင်တော့ Resort အကြောင်းကိုမေးဖို့ စဉ်းစားထားလိုက်ပါတယ်။

          နေ့လယ်စာစားပြီးတာနဲ့ Mingalar Garden Resort မှာသိချင်တာလေးတွေကို မေးဖြစ်လိုက်တယ်။ ပထမဦးဆုံးကတော့ကျွန်တော်အရမ်းစိတ်ဝင်စားတဲ့ ရေကန်ကြီး အကြောင်းပါပဲ။ ဒီရေကန်ကြီးကတော့ Resort အတွင်းမှာပဲရှိတဲ့ စိမ့်စမ်းရေမှထွက်တဲ့ (Natural Spring Water) သဘာဝစိမ့်စမ်းရေကိုထိန်းသိမ်းထားပြီး ရေအားလျှပ်စစ်လည်း ထုတ်ကြောင်းသိရပါတယ်။

          Natural Spring Water ရှိတဲ့အတွက် သဘာဝအလျှောက်ပေါက်နေတဲ့ စားသုံးနိုင်တဲ့ဟင်းသီးဟင်း ရွက်အမျိုးအစားပေါင်းများစွာရှိတဲ့အတွက် သဘာဝဟင်းသီးဟင်း ရွက်များနဲ့ချက်တဲ့ ဟင်းကိုလည်း Resort အစားအစာ စာရင်းထဲမှာထည့်ထားလို့ သိရပါတယ်။

          အဲဒီနေ့ညနေခင်းမှာတော့ ပြည်မြို့ရဲ့ကျက်သရေဆောင် “ ပြည်ရွှေဆံတော်” ဘုရားကြီးကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ သမိုင်းဝင်ဘုရားတဆူဖြစ်တဲ့အတွက် ပြည့်မြို့ကို အလည်ရောက်ရင် သွားရောက်ဖူးမျှော်ပါလို့ပြောချင်ပါတယ်။

          Mingalar Garden Resort မှာက တရုတ်အစားအစာပါရတဲ့အတွက် ညစာကိုတော့ တရုတ်အစား အစာပဲစားဖြစ်လိုက်တယ်။ စားပြီးတာနဲ့ ရန်ကုန်ကအလုပ်အတွက် e-mail ပို့ပြီးအကြောင်းကြား ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ယက်မီဒီယာမှာ ပြည်အကြောင်း သိချင်လို့မေးလာတဲ့ မေးခွန်းလေးတွေကို ပြန်ဖြေပြီးမှပဲ အိပ်ဖြစ်သွားတယ်။

          ထုံစံအတိုင်း မနက်စောစောထပြီး Mingalar Garden Resort ခြံထဲလမ်းလျှောက် ထွက်လိုက်ပါတယ်။ ဒီနေ့မှာတော့ ကန်ကိုတစ်ပတ်ပတ်ပြီးလျှောက်ဖြစ်တယ်။ ပြီးတော့ ကန်နဲ့မျက်နှာချင်းဆိုင်ဆောက်ထားတဲ့ အခန်းတွေရဲ့နောက်ဖက်မှာ ဆောက်ထားတဲ့ အဆောင်ဖက်ကို ဆက်ပြီးသွားလိုက်တာ့ အခန်းတိုင်းကို တံတားတွေနဲ့ဆက်ထားပြီး တချို့အခန်းတွေရဲ့ရှေ့မှာဆိုရင် ကြာပန်းရောင်စုံတွေပွင့်နေတဲ့ ကြာကန်လည်းရှိပါ တယ်။ အခန်းတွေဘေးတလျှောက်မှာဆိုရင် ပြည်ရာသီဥတုနဲ့ကိုက်ညီတဲ့ အပူပိုင်းဒေသ ပန်းပင်တွေကိုစနစ်တ ကျ စိုက်ပျိုးထားသလို မြကျောက်သရက်ပင်တွေကိုလည်း တွေ့ရပါတယ်။ အဲဒီအခန်းဖက်ကနေပြီး ကျွန်တော်ရဲ့အခန်းဖက်ကို ပြန်လာပြီး မနက်စာစားမည့်အခန်း ဖက်ကို တစ်ဆက်ထည်းပဲဆက်လျှောက်လိုက်ပါ တယ်။

          ကျွန်တော်ထိုင်နေကြစားပွဲမှာပဲထိုင်လိုက်ပါတယ်။ ဒီနေ့လည်း ကျွန်တော်တို့အတွက် ပြည်ထမင်းသုပ် နောက်တစ်မျိုးကို စီစဉ်ပေးထားပါတယ်လို့ပြောပြီးယူလာပေးပါတယ်။ ဒီနေ့ ပြည်ထမင်းသုပ်ကတော့ ဖက်နဲ့ထုပ် ထားပြီး ငါးဖယ်ကြော်တွေအများကြီးနဲ့ သုပ်ထားပါတယ်။

          ငရုတ်သီးအကြွပ်ကြော်၊ ပဲတီချဉ်နဲ့ ဟင်းခါးနဲ့ဆိုတော့ အရမ်းစားကောင်းပါတယ်။ ဒီနေ့ထမင်းသုပ်က တော့ ရိုးရှင်းပြီး စားပြီးတဲ့အခါမှာ အီမနေပါဘူး။ Mingalar Garden မနက်စာကတော့ ထုံစံအတိုင်းမြန်မာမှုန့် မျိုးစုံနေလို့ ကျွန်တော်တို့တွေအကြိုက်ဖြစ်သလို ပြည်ကိုလာပြီးလည်ကြတဲ့ နိုင်ငံခြားသားတွေအကြိုက်ပါပဲ။

          ဒီနေ့မြို့ထဲကိုထွက်မဲ့အစီအစဉ်ကတော့ ဝန်ချတောင်ကိုသွားမယ်။ ပြီးရင် ပြည်မှာနာမည်ကြီးအစား အစာတစ်ခုဖြစ်တဲ့ ပြည်တောလက်ဖက်အကြောင်းကိုသွားပြီး လေ့လာပါ့မယ်။ နောက်တစ်နေရာရှိပါသေး တယ်။ ပြည်ကမိတ်ဆွေညွှန်ပြထားတဲ့ စိန်မန်းသုပ် ဆိုင်လေးကိုသွားပါ့မယ်။ အဲဒီစိန်မန်းသုပ်ဆိုင်ကတော့ ကိုးသောင်းဈေးထဲမှာရှိပါတယ်။

ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ သုံးပွဲလောက်ပဲရှိပါတယ်။ ကံကောင်းလို့ စားခွင့်ရခဲ့ပါတယ်။ စိန်မန်းသုပ် ကောင်းကောင်းလေးစားချင်ရင်တော့ ကိုးသောင်းဈေးကို စောစောလေးသွားဖို့တော့လိုပါတယ်။

          ဝန်ချတောင်ကတော့ ပြည်မြို့ရဲ့အပြင်ဖက်မှာရှိပါတယ်။ သမိုင်းဝင်တန်ခိုးကြီး ဆုတောင်းပြည်ဘုရားပါ။ ဘုရားကုန်းတော်ပေါ်တက်ပြီး ဘုရားရှိခိုး ဆုတောင်းပါတယ်။ ပြီးတော့ကုန်းတောာ်ပေါ်က အဆင်းညာဘက် ခြမ်းမှာ သစ်ကနက်လက်ရှင်၊ မျက်ရှင်ဗုဒ္ဓ ရုပ်ပွားတော်ဝင်ရောက်ဖူးမျှော်ပါတယ်။ အရမ်းကြည်ညိုဖို့ကောင်းပြီး ထူးဆန်းတော် ရုပ်ပွားတော်ပါ။ ရုပ်ပွားတော်ရဲ့လက်ကအရှင်ဖြစ်ပြီးဖြုတ်ပြီး ဦးတိုက်ဆုတောင်းလို့ရပါတယ်။

စိန်မန်းသုပ်

          ဝန်ချတောင်ပေါ်ကနေပြီး ဧရာဝတီမြစ်နဲ့လှပတဲ့ရှုခင်းကိုလည်း ကြည့်ရှုခံစားနိုင် ပါသေးတယ်။ ဝန်ချ တောင်ကနေဆက်ပြီးသွားမယ်ဆိုရင် သိပ်ပြီးမဝေးလှတဲ့နေရာမှာတော့ ဗေဒါရီဂူကိုရောက်ရှိမှာပါ။ ငယ်ငယ် ကတည်းက ကြားဖူးနေခဲ့တဲ့ မဗေဒါဇတ်လမ်း ထဲကဗေဒါရီဂူပါ။ ခုချိန်မှာတော့ ဂူအတွင်းဖက်ထိဝင်မရတော့ပါ ဘူး။ ပိတ်ထားပြီဖြစ် ပါတယ်။

          ဝန်ချတောင်ကအပြန်မှာတော့ ပြည်တောလက်ဖက်ကိုလေ့လာဖို့အတွက် (နိဗ္ဗာန်န) ကျောင်းကို ဆက်ပြီးသွားပါတယ်။ ကျောင်းရောက်တော့ ဆရာလေးတွေက ပြည်တောလက်ဖက်သုပ်နှစ်မျိုးနဲ့ဧည့်ခံပါတယ်။ ပထမတစ်မျိုးကအဘွားကြီးလက်ဖက် သုပ်လိုရိုးရိုးပါ။ ပထမဦးဆုံး လက်ဖက်အသားချည့်တစ်ဇွန်းမြည်း လိုက်တဲ့အခါ လက်ဖက်သားက အရမ်းနူးညံ့ပြီးစားလို့အရမ်းကောင်းပါတယ်။ နောက်တစ်မျိုးကတော့ ကြက်သွန်စိမ်းနဲ့ အကြော်စုံရောပြီးသုပ်ထားတာကလည်း တစ်မျိုးစားကောင်းနေပြန်ရော။ အဲဒါကြောင့် တောလက်ဖက်အကြောင်းကိုမေးမြန်းလိုက်ပါတယ်။ တောလက်ဖက်ကို နရဲရွက်နုနုလေးတွေ ကိုခူးပြီး လုပ်ရတာပါ။ နရဲရွက်နုတဲ့အချိန်ကတော့ တပေါင်းလပါ။ နရဲရွက်နုနု လေးတွေကို နူးအောင်ပြုတ်ရပါတယ်။ ပြီးရင် ရေညှစ်ထုတ်ပစ်ရပါ့မယ်။ ပြီးရင်ဗံဗိုးရွက်နဲ့ထုပ်ပြီး ရေစိမ်ထားရပါတယ်။ ရေ၁ဝ ကြိမ်လောက်လဲစိမ်ပြီးတဲ့ အခါ အဖန်ရည်ကုန်သွားတဲ့ အခါစားလို့ရပါပြီ။ ရေဆက်စိမ်ထားမယ်ဆိုရင် ၁ နှစ်ထိတာရှည်ခံပါတယ်။

          ဆရာလေးတွေဆီမှာ တောလက်ဖက်အဝစားပြီး လက်ဖက်လုပ်နည်းလေးပါ ပြောပြတဲ့အတွက်ကျေးဇူး အထူးတင်ရှိပါတယ်။ အိမ်ပြန်လက်ဆောင် တောလက်ဖက်အများ ကြီးဝယ်ခဲ့ပါတယ်။ တောလက်ဖက်ထုပ်တွေ က အနံ့အရမ်းပြင်းတဲ့အတွက် Resort  က အခန်းထဲမှာထည့်ထားလို့မရတဲ့အတွက် Resort ဝန်ထမ်းတွေကို အကူအညီတောင်းပြီး သိမ်းခိုင်းထားရပါတယ်။

          ညစာကိုတော့ Mingalar Garden Resort က စားဖိုမှူးက ကျွန်တော်တို့အတွက် အထူးစီစဉ်ထားတဲ့ ချစ်တီးထမင်းဟင်းမျိုးစုံနဲ့ ဧည့်ခံကျွေးမွေးပါတယ်။ စားဖိုမှူးရဲ့ လက်ယာချစ်တီးထမင်း အရမ်းစားကောင်းတဲ့ အတွက် ကျွန်တော်တို့တွေ စားဖိုမှူးနဲ့မီးဖို ဆောင်အဖွဲ့သားတွေကို ချီးမွမ်းလို့မဆုံးအောင်ပါပဲ။

မြင့်ယိုစုံလုပ်ငန်းမိသားစု

          နောက်နေ့မနက်စောစောမှာတော့ ကျွန်တော့်ထုံစမ်းအတိုင်းလမ်းလျှောက်ထွက် အပြန်မှာတော့  Mingalar Garde ညမှာ မနက်စာစားပြီး မြို့ထဲကိုထွက်ခဲ့ပါတယ်။ ပထမဦးဆုံး သွားရောက်မယ့်နေရာလေး ကတော့ မြင့်ယိုစုံလုပ်ငန်းပါ။ မြင့်ယိုစုံလုပ်ငန်းမှာဆိုရင် ယိုမျိုးစုံရှိပြီး ပြည်မြို့လက်ဆောင်တွေ ဝယ်ယူနိုင်ပါ တယ်။ မြင့်ယိုစုံလုပ်ငန်းမိသားစုမှ ရင်းရင်းနှီးနှီးနဲ့ကြိုဆိုပြီး ယိုစုံလုပ်ငန်းကိုရှင်းလင်းပြသပေးပါတယ်။ ကတွတ်ယို၊ သရက် သီးယိုမျိုးစုံ၊ နာနတ်ယို၊ ဆီးယိုမျိုးစုံ၊ မြေပဲယိုနဲ့ နှမ်းပြစ်နဲ့ အခြားသီးစုံယိုမျိုးစုံ လုပ်နည်း တွေကိုလေ့လာခဲ့ပြီး မြည်းစမ်းခဲ့ပါတယ်။ မြင့်ယိုစုံလုပ်ငန်းမှယိုမျိုးစုံက အရသာကောင်းတဲ့အပြင် လုပ်ငန်းမှာ လည်းသန့်ရှင်းပြီး စနစ်ကျတဲ့မိသားစုလုပ်ငန်းပါ။

          နေ့လယ်စာကိုတော့ ပြည်မြို့မှာနာမည်ကြီးထမင်းဆိုင်တွေမှာ တစ်ဆိုင်ဖြစ်တဲ့ ၁ဝ၅ ဆိုတဲ့ဆိုင်မှာပဲ စားဖြစ်ပါတယ်။နေ့လယ်စာစားချိန်ဖြစ်တဲ့အတွက် လူတွေက ကြိတ်ကြိတ်တိုးပါပဲ။ နေရာရဖို့တောင် စောင့်ရပါ သေးတယ်။ ဟင်းကတော့မျိုးစုံပါပဲ။ ဈေးနူန်းချိုပြီးအရသာကောင်းမွန်တဲ့ဆိုင်လေးပါပဲ။ ဒီဆိုင်လေးက ပြည်မြို့ က မြင်းတပ်လမ်း ထိပ်မှာရှိပါတယ်။

          ထမင်းစားအပြီးမှာ နေကအရမ်းပူနေတဲ့အတွက် ဘုရားဖူးဖို့အဆင်မပြေတဲ့ အတွက် Mingalar Garden Resort မှာ ပြန်နားလိုက်ပါတယ်။

          နေ့ခင်းဘက် လက်ဖက်ရည် အချိန်ရောက်တော့ ကျွန်တော့်အခန်းတံခါးကို ဝန်ထမ်းတစ်ယောက်လာ ခေါက်ပြီး လက်ဖက်ရည်အတွက်ကော်ဖီလာပို့ကြောင်းပြောပါတယ်။ အခန်းရဲ့ရှေ့မှာရှိတဲ ကျွန်းသားခုံလေးပေါ် မှာပဲတင်ထားပေးတဲ့ ကော်ဖီနဲ့ sandwiches  နဲ့ပြီးရင် မြကျောက်သရက်သီးမှည့်ကိုလှီးပြီးထည့်ပေးထားတယ်။ ကျွန်းသားထိုင်ခုံလေးမှာထိုင်ပြီး အခန်းကနေလှမ်းပြီးမြင်နေရတဲ့ရေကန်ကြီးအလှနဲ့ ကိုင်းလုံးညွှတ်သီးနေတဲ့ မြကျောက်သရက်ပင်ကြီးကို ကြည့်ပြီးစားရတဲ့အရသာကိုတော့ ဘယ်လိုမှပြောမပြတတ်အောင် အရသာရှိလှပါ တယ်။

          ညနေနေဝင်ချိန်ခါနီးအပူရှိန်ကျတော့ Mingalar Garden နဲ့ သိပ်ပြီးမဝေးတဲ့ ဘုရားကိုသွားဖူးဖြစ်ပါ တယ်။

ဒေါ်ဥပြည်ထမင်းသုပ်

          ရန်ကုန်ပြန်မယ့်နေ့မှာပဲ မပြန်ခင်ပြည်ကနာမည်ကြီးဒေါ်ဥပြည်ထမင်းသုပ်ဆိုင်ကို သွားဖြစ်ခဲ့တယ်။ မနက်စာရောင်းတာဖြစ်တဲ့အတွက် စောစောလေးသွားမှရပါတယ်။ ထမင်းသုပ်နဲ့တွဲပြီးစားဖို့အတွက်ဆိုရင် ဆိတ်သားလုံးကြော်၊ ကြက်ဥချောင်းကြော်၊ အမဲသားကြော်၊ ကြက်ဥကြော်၊ ပဲတီချဉ်တို့ရှိပါတယ်။ အိမ်ပြန် လက်ဆောင်အတွက် ပြည် ဒေါ်ဥ ရယ်ဒီမိတ်ထမင်းသုပ်ဘူးများလည်း ရောင်းချပါတယ်။

          ထမင်းသုပ်စားပြီးတာနဲ့ ရန်ကုန်ကိုပြန်လာခဲ့ပါတယ်။ အပြန်လမ်းမှာရွှေတောင်က ရဟန်းနာငါးရာကို ဝင်ရောက်ဖူးမျှော်ပြီးရန်ကုန်ကို စိတ်အေးလက်အေး ပြန်ရောက်လာခဲ့ပါတယ်။

♦   မြင့်ဦးသာ   ♦

Facebook Comments