မြန်မာ့ကြယ်ပဲ ကြိတ်ဖတ်ဖြင့် အာဟာရဖြည့်စွက် ဘီစကွတ်နှင့် ကိတ်မုန့်ပြုလုပ်ခြင်း

by စီစီဝင်း၊ ဆုလွင်ထိုက် for Food Magazine

          မြန်မာနိုင်ငံ၏ ကြယ်ပဲဆီထုတ်လုပ်သောလုပ်ငန်းမှ ဘေးထွက်ပစ္စည်း (စွန့်ပစ်) မှ တန်ဖိုးရှိသောထုတ်ကုန် (Value-added Product) ရရှိရန်အတွက် သုတေသနပြု စမ်းသပ်ခဲ့သည်။ မြန်မာပြည်မှ ထွက်ရှိသော ကြယ်ပဲအစေ့အား သိပ္ပံနည်းကျ မျိုးရိုးကို လေ့လာဆန်းစစ်ခဲ့ရာတွင် အောက်ပါအတိုင်း တွေ့ရှိခဲ့သည်။

          မြန်မာဒေသအခေါ်အဝေါ်  ကြယ်ပဲ (Star Bean) ကို နိုင်ငံတကာမှ အများအားဖြင့် “Sacha Inchi” ဟု ခေါ်ဆိုကြသော်လည်း အခြားခေါ်ဆိုသောအမည်များမှာ “Inca Peanut”, “Mountain Peanut” ဖြစ်သည်ကို တွေ့ရှိရသည်။

          ကြယ်ပဲတွင် ထင်ရှားသိသာသော ကျန်းမာရေးအကျိုးပြု ပစ္စည်းများစွာ ပါဝင်သည်ကို သိရပါသည်။ ကြယ်ပဲမှ ထွက်ရှိသော ကြယ်ပဲဆီတွင် Omega-3 Fatty Acid သည် ၁၆ % ပါဝင်၍ ကြယ်ပဲအရွက်တွင်မူ အစွမ်းထက်ပစ္စည်းများစွာပါဝင်ပြီး ပိုးသတ်နိုင်မှု စွမ်းအားများကြောင်း သိရပါသည်။

          တန်ဖိုးရှိသော ဆီထုတ်ယူပြီးသော်လည်း ကျန်ရှိသောပဲဖတ် (Press Cake) တွင် ပရိုတိန်းပမာဏ ၅၆ % ခန့် ပါရှိနေသဖြင့် တန်ဖိုးမြင့်ထွက်ကုန် (Value-added Product) အဖြစ် ဂျုံမှုန့်အစားထိုး (၁၅% မှ ၂၀%) ထည့်သွင်း၍ မုန့်များပြုလုပ်စမ်းသပ်ခဲ့ပါသည်။

          ကြယ်ပဲ ကြိတ်ဖတ်ကို မုန့်များမပြုလုပ်မီ အောက်ပါ အချက်များကို ဦးစွာ လေ့လာသုတေသနများ ပြုလုပ်ခဲ့ပါသည်။

၁။       မြန်မာ့ကြယ်ပဲ၏ သိပ္ပံအခေါ်အဝေါ် သတ်မှတ်ခြင်းကို ရုက္ခဗေဒဌာန ရန်ကုန်တက္ကသိုလ်တွင် ပေးပို့အတည်ပြုခဲ့ပါသည်။

၂။       ဆီထုတ်ပြီး ကြယ်ပဲကြိတ်ဖတ်၏ ပါဝင်ပစ္စည်းများကို FIDSL Lab, UMFCCI သို့ ပေးပို့ဓာတ်ခွဲခဲ့ပါသည်။

၃။       အစွမ်းထက်ပစ္စည်းများ ပါဝင်မှု စမ်းသပ်ခြင်း (Phytochemicals Screening Test) ကို ပြုလုပ်စမ်းသပ်ခဲ့ပါသည်။

၎။       ပိုးသတ်နိုင်စွမ်းအား (Antimicrobial Activity) ကို စမ်းသပ်ရှာဖွေခဲ့ပါသည်။

၅။       ဓာတ်တိုးတားနိုင်မှုစွမ်းအား (Antioxidant Activity) နှင့် ဖီနောဒြပ်ပေါင်းပါဝင်မှု (Total Phenol Content) ကို ရှာဖွေခဲ့ခြင်း။

၆။       အဆိပ်အတောက်ကင်းရှင်းမှု (Toxicity Level) နှင့်ပတ်သက်၍ သတ္တုအပြင်းစား (Heavy Metal) ကို AAS နည်းဖြင့် ရှာဖွေခြင်းနှင့် ကြွက်များနှင့် Acute Oral Toxicity Test ကို OECD Guideline 423 နှင့်အညီ ဆေးသုတေသနဌာနတွင် ရှာဖွေ စမ်းသပ်ခြင်း။

၇။       ပါဝင်သော သတ္တုဓာတ် (Mineral and Trace Elements) ကိုလည်း EDXRF နည်းဖြင့် ရှာဖွေခဲ့ခြင်း အစရှိသည့် သုတေသနစမ်းသပ်မှုများကို အဆင့်ဆင့်ပြုလုပ် ဓာတ်ခွဲလေ့လာပြီးမှ မုန့်များကို စမ်းသပ်ထုတ်လုပ်ခဲ့ပါသည်။

ကျမ်းကိုး

Su Lwin Htike. 2018. Fortification of Food Products with Sacha Inchi (Plukenetia Volubilis) Press Cake as Functional Food, (MFT Thesis), Department of Chemical Engineering, Yangon Technological University.

ဘီစကွတ် ပြုလုပ်နည်း

၁။       ထောပတ်ကို အခန်းအပူချိန်မှာ ၁ နာရီခန့်ထားပြီး ခြေပါ။ သကြား ထည့်ပြီး မွှေပါ။ ထို့နောက် ကြက်ဥအကာကို ဖြည်းဖြည်းချင်း ထည့်ပြီး စက်ဖြင့် မွှေပါ။

၂။       ကြယ်ပဲမှုန့်၊ ဂျုံမှုန့်၊ ဆား၊ မုန့်ဖုတ်ဆော်ဒါတို့ကို ရော၍ စက်ဖြင့် မွှေပါ။

၃။       Vanilla Extract အနည်းငယ်ထည့်ပါ။

၎။       ရရှိလာသော ဂျုံလုံးကို မိနစ် ၃၀ ခန့် ပလတ်စတစ်အုပ်ပြီး နှပ်ထားပါ။

၅။       အချိန်ပြည့်လျှင် ဘီစကွတ်ပုံဖော်ပြီး Oven ထဲ ၁၀ မိနစ်ခန့် ထည့်၍ ဖုတ်ပါ။ကိတ်မုန့် ပြုလုပ်နည်း

၁။       ထောပတ်နှင့်သကြားကို ကြေသွားအောင် မွှေပါ။

၂။       ဂျုံမှုန့်၊ ကြယ်ပဲမှုန့်၊ မုန့်ဖုတ်ဆော်ဒါနှင့် ဆားကို ထည့်ပြီး သမအောင် မွှေပါ။

၃။       ပြီးလျှင် ကြက်ဥကို စောစောက အရောထဲ ဖြည်းဖြည်းချင်း ထည့်ပြီး မွှေပါ။

၎။       အဖြူရောင် Foam ဖြစ်လာလျှင် ရပ်ပြီး မုန့်ဖုတ်မည့်ခွက်ထဲ ထည့်ပါ။

၅။       ပြီးလျှင် Oven ထဲမှာ ၁၀ မိနစ်ခန့်ထားပြီး ဖုတ်ပါ။

Facebook Comments