
ပြိုင်တောင်မွှေးကြော်ချက် ရခိုင်ဟင်း
ပြိုင်တောင်မွှေးဆိုတာက ဖလံတောင်ဝှေးကို ရခိုင်ဘက်ကခေါ်တဲ့ အခေါ်အဝေါ်ပါ။ ပြိုင်တောင်မွှေး (ခ) ဖလံတောင်ဝှေးက မိုးရာသီမှာသာပေါ်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ သေးသေးနုနုဆိုရင် ဓားပြားရိုက်ပြီး ချက်ကြပေမယ့် နုနုထွားထွားကြီးတွေဆိုရင်တော့ ဓားနဲ့မထူမပါးလှီးပြီး ကြော်စား၊ ချက်စား ကြပါတယ်။ တိုင်းရင်းသားတွေ နှစ်ခြိုက်ကြတဲ့ ဒေသစာတစ်မျိုး ဖြစ်ပါတယ်။
ပါဝင်သောပစ္စည်းများ
ပြိုင်တောင်မွှေး – ၂ စည်း
ပုစွန်ကျော့ – ၁၀ ကျပ်သား
ဆီ – ၂ ကျပ်သား
ကြက်သွန်နီ – ၁ လုံး
ကြက်သွန်ဖြူ – ၁ လုံး
ငရုတ်သီးစီမ်း – ၅ တောင့်
မျှင်ငါးပိ၊ နနွင်း၊ ဆား – သင့်တော်ရုံ
ချက်ပြုတ်နည်း
၁။ ပြိုင်တောင်မွှေးအရင့်ပိုင်းတွေကို ဖယ်၍ ဓားထက်ထက်ဖြင့် မထူမပါးလေး လှီးပါ။ ရေစင်အောင်ဆေးပြီး ဆန်ခါနှင့် စစ်ထားပါ။
၂။ ပုစွန်ကျော့လေးများကို အမြီးနှင့်ခေါင်းနွှာပြီး ရေဆေး၍ ဆား၊ နနွင်း၊ မျှင်ငါးပိ အနည်းငယ်နှင့် နယ်ထားပါ။
၃။ ကြက်သွန်ဖြူ/နီကို နွှာပြီး အသင့်ထောင်းထားပါ။ ငရုတ်သီးစိမ်းတောင့်များကို ရေဆေးပြီး လှီးဖြတ်ထားပါ။
၎။ ချက်ပြုတ်ရန်အသင့်ဖြစ်ပါက ဆီဒယ်အိုးထဲ ကြက်သွန်ဖြူ/နီ ထောင်းပြီးသား အရောကို ဆီသတ်ပါ။ ကြက်သွန်နံ့မွှေးလာပါက ဆားပြားနယ်ထားသော ပုစွန်ကျော့လေးများကို ထည့်ကြော်ပါ။
၅။ ပုစွန်လေးများ အခွံနီလာပါက ရေစစ်ထားသော ပြိုင်တောင်မွှေးများ ထည့်ပါ။ အထက်အောက်နှံ့အောင်မွှေပြီးလျှင် လုံးရေအနည်းငယ်ထည့်ပြီး အဖုံးအုပ် ချက်ပါ။ ပြိုင်တောင်မွှေးက နူးညံ့တာမို့ ချက်တဲ့အခါ အကျက်မြန်ပါတယ်။
၆။ ဆီဆူသံပေးလာပါက အဖုံးဖွင့်၊ အပေါ့အငန်မြည်း၊ လှီးဖြတ်ထားသော ငရုတ်သီးစိမ်းများအုပ်ပြီး အရည်လေးစပ်စပ်ဖြင့် မီးဖိုမှချပါ။ ချိုချိုစပ်စပ် အရသာကဲတဲ့ ပြိုင်တောင်မွှေး ရခိုင်ချက်ဟင်းတစ်ခွက်ရပါပြီ။
တောင်ပေါ်ဒေသစာ ဂျူးဖူးဟင်းလျာ
အခုလိုဆောင်းဦးပေါက်ရာသီဆို ဂျူးဖူးတွေ လှိုင်လှိုင်ပေါ်နေပါပြီ။ ဂျူးဖူးဆိုတာက မှိုတို့၊ အင်ဥတို့လို သဘာဝအချိုအရသာ ရှိနေတာမို့ မည်သည့်ဟင်းခတ်မျှ ထည့်စရာမလိုအောင် အလိုလိုကို ချိုနေတာပါ။ ဒါကြောင့် ရှမ်း၊ ပအိုဝ်း၊ ဓနု စတဲ့ တောင်ပေါ်နေ တိုင်းရင်းသားတွေ မက်မက်စက်စက် ကြိုက်ကြတာပါ။ ဂျူးဖူးကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ကြရာမှာ ဂျူးဖူးအရသာပိုပြီးပေါ်တဲ့ ကြော်စားရတာကို ကြိုက်ကြပါတယ်။ ချက်ရတာ လွယ်ကူပြီး မြန်ဆန်သလို ဟင်းအရသာကလည်း ထူးကဲလှပါတယ်။
ပါဝင်သောပစ္စည်းများ
ဂျူးဖူး – ၂ စည်း
ဆီ – ၅ မတ်သား
ကြက်သွန်ဖြူ – ၁ ဥ
ဆား၊ နနွင်း – သင့်ရုံ
ချက်ပြုတ်နည်း
၁။ ဂျူးဖူးများကို ရေဆေးသန့်စင်ပြီး လက်တစ်ဆစ်သာသာအရွယ်လောက် ညီညီလေး ဖြတ်ပါ။ ဂျူးဖူးထိပ်က ကြက်သွန်နီဥပုံ အဖူးကလေးကိုပါ ထည့်နိုင်ပါတယ်။ ကြက်သွန်ဖြူဥကို အခွံနွှာပြီး ဓားပြားရိုက်ထားပါ။
၂။ ဆီအိုးတည်ပြီး ဆီသေ၍ အငွေ့တက်လာတဲ့အခါ နနွင်းဖြူးပြီး ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူများကို ထည့်ပါ။ ဒယ်အိုးထဲက ကြက်သွန်ဖြူများ ရွှေရောင်သန်းပြီး မွှေးလာတဲ့အခါ အသင့်လှီးထားတဲ့ ဂျူးဖူးများကိုထည့်ပြီး ရေလေးနည်းနည်းဖျန်းကာ အထက်အောက်နှံ့အောင် မွှေပေးပါ။
၃။ ဂျူးဖူးက နူးညံ့တာမို့ အဖုံးအုပ်ကြော်ရန် မလိုပါ။ ဒယ်အိုးထဲက ဆီဆူသံပေးလာလျှင် ဆားဖြူးပြီး အပေါ့အငန်မြည်းကာ မီးဖိုမှချပါ။ ကျောက်စိမ်းရောင် တောက်တောက် တောင်ပေါ်ရိုးရာ ဂျူးဖူးဟင်းလျာစားရန် အသင့်ဖြစ်ပါပြီ။