
by Syi Lwin (foodsgarden) for Food Magazine
နဂါးမောက်သီးမှာ အနီရောင်အခွံနှင့် အဖြူရောင် အသား၊ အနီရောင်အခွံနှင့် အနီရောင်အသား၊ အဝါရောင်အခွံနှင့် အဖြူရောင်အသားဆိုပြီး သုံးမျိုးသုံးစားရှိပါတယ်။ အဝါရောင်အခွံကတော့ ရှားပါးတဲ့ အသီးဖြစ်ပါတယ်။ စိုက်ပျိုးသူလည်း နည်းပါးပါတယ်။ ကျန်းမာရေး ရှုထောင့်ကကြည့်မည်ဆိုလျှင် အဝါရောင်ကတော့ ပိုပြီး ထိရောက်တဲ့ ခွန်အားအာဟာရ ရရှိပြီး ရောဂါအတော်များများကို ကာကွယ်ပေးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက ပြောကြားထားပါတယ်။ နဂါးမောက်သီးကို လူအများစု စားသုံးကြတာနည်းသလို လူကြိုက်နည်းပါတယ်။ ယခုခေတ်အခါမှာတော့ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်၊ အဆီကျတယ်ဆိုလို့ နဂါးမောက်သီးက နာမည်ရလာပြီး အခြားအသီးတွေထက် ဈေးကောင်းသလို နေရာတိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါကြောင့် ဒီလမှာ စည် လေ့လာသင်ယူ ဖတ်မိ၊ မှတ်မိထား သလောက် သိကောင်းစရာ လေးများကို အားလုံးအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်လေ့လာနိုင်စေဖို့ ဒီလရဲ့ Health Benefits of Food မှာ Benefits of Dragon Fruit Article နဲ့အတူ Dragon Fruit Lime Juice လုပ်နည်းလေးနှင့်အတူ ပူးတွဲမျှဝေလိုက်ပါတယ်။
နဂါးမောက်သီးကို ယခုအခါ စီးပွားဖြစ် စိုက်ပျိုးနေသော နိုင်ငံများမှာ အာရှနိုင်ငံ အများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြပါတယ်။ နဂါးမောက်သီးရဲ့ အရသာက ချိုသောအရသာရှိပါတယ်။ နဂါးမောက်သီးရဲ့ အရည်က သစ်တော်သီး၊ ကီဝီသီး၊ သခွားမွှေးတို့နှင့် အနည်းငယ်ဆင်ပါတယ်။ နဂါးမောက်သီးရဲ့ အခွံကို ခွာလိုက်ပါက အဖြူရောင်အသား (သို့) အနီရောင်အသားနှင့်အတူ စားလို့ရတဲ့ အမည်းရောင် အစေ့ငယ်လေးများကို တွေ့ရမှာဖြစ်ပါတယ်။
နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျှော့ချပေးပြီး ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ ကိုလက်စထရောများကို လျှော့ချပေးသည့်အပြင် အသားအရေကို ချောမွတ်စေပါတယ်။ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည့်အပြင် အစာချေဖျက်မှု အားကောင်းစေပါတယ်။ မျက်လုံးကျန်းမာရေးကို ကောင်းစေပြီး အရိုးနှင့် သွားများကိုလည်း ခိုင်မာစေပါတယ်။
ဒါ့အပြင် ဓားရှမိတဲ့ဒဏ်ရာများကို လျင်မြန်စွာ အနာကျက်စေပြီး မှတ်ဥာဏ်အား ကောင်းစေပါတယ်။ အိမ် ထောင်သည်တွေအနေနဲ့ သတိပြုရမယ့် အချက်က ပထမဆုံး ကိုယ်ဝန်ဆောင်မိခင်များအတွက် ကိုယ်ဝန်ဆောင်နေတဲ့ကာလမှာ သစ်သီးတွေ စားတာဟာ မိခင် ကျန်းမာရေးအတွက်သာမက ကလေးဖွံ့ဖြိုးမှုကိုပါ အကူအညီပေးပါတယ်။ အရောင်စုံတဲ့ အသီးတွေကိုစားရင် မျိုးစုံတဲ့ အာဟာရဓာတ်တွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် အရောင်အသွေးလည်း စုံပြီး အာဟာရဖြစ်စေတဲ့ နဂါးမောက်သီးနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ ကျန်းမာရေးက ဘယ်လိုဆက်စပ်နေလဲဆိုတာ လေ့လာကြည့်မည်ဆိုလျှင် နဂါးမောက်သီးဟာ မွတ်ညက်နေတဲ့ အသားနဲ့ အစက်အပြောက်လေးတွေပါတဲ့ အသီးဖြစ်ပြီး အရသာက ကီဝီသီးနဲ့ ဆင်ပါတယ်။ အနီရောင်ဖျော့ဖျော့ (သို့) ပန်းရောင်အပြင် အခြားအရောင်တွေကလည်း တစ်မျိုးစီ အာဟာရဓာတ်တွေ ကြွယ်ဝနေတဲ့အတွက် ကိုယ်ဝန် ဆောင်မိခင်တွေကို အမျှင်ဓာတ်တွေ အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ဗီတာမင်ဓာတ် များစွာပါဝင်သော နဂါးမောက်သီးမှာ အဓိကဗီတာမင်အနေနဲ့ ဗီတာမင်စီနဲ့ ဗီတာမင်ဘီအုပ်စု ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရော ကလေးမှာပါ ကျန်းမာတဲ့ ကိုယ်ခံစွမ်းအားရရှိဖို့ အတွက် ဗီတာမင်စီက အရေးပါရုံသာမက သံဓာတ်စုပ်ယူတဲ့ နေရာမှာလည်း ကူညီပေးပါတယ်။ ဗီတာမင်ဘီကတော့ ကလေးကြီးထွားဖို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို စုပ်ယူပေးပြီး ကာဗိုဟိုက်ဒရိတ်တွေကို လောင်ကျွမ်းစေကာ စွမ်းအင်အဖြစ် ထုတ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကလေးရဲ့အရေပြားနဲ့ မျက်လုံး စတင်ဖြစ်ပေါ်လာဖို့သာမက အစာခြေစနစ်ကိုလည်း အထောက်အပံ့ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်အေလည်း အနည်းငယ် ပါဝင်တာကြောင့် သန္ဓေသားရဲ့ အရိုးနဲ့သွားတို့ကို သန်မာအောင် ပြုလုပ်ပေးနိုင်ပါတယ်။
သတ္တုဓာတ်များဖြင့် ပြည့်ဝနေသော နဂါးမောက် သီးဟာ သံဓာတ်ရရှိဖို့အတွက် အဓိကအရင်းအမြစ်ဖြစ် တာနှင့်အညီ အသီးရဲ့ ၁၀ဝ ဂရမ်မှာ သံဓာတ် ၁ မီလီဂရမ်နီးပါး ပါဝင်ပါတယ်။ သံဓာတ်ဟာ ကိုယ်ဝန်ဆောင်နေတဲ့ ကာလအတွင်းမှာ သွေးပမာဏကို များစေတဲ့အပြင် သွေးနီဥအတွက် လိုအပ်တဲ့ ဟေမိုဂလိုဘင်ဖြစ်ပေါ်မှုကို အားပေးတာကြောင့် လမစေ့ဘဲ ကလေးမွေးဖွားတာ၊ ပေါင်မပြည့်တဲ့ကလေး မွေးတာတွေကနေ ကာကွယ်ပေးပါတယ်။
သန္ဓေသားရဲ့ ဆဲလ်တွေဖြစ်ပေါ်ရာမှာ အရေးကြီးတဲ့ ဖောလိတ်ကာဗိုဟိုက်ဒရိတ် (Folate Carbohydrate) လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးမမွေးခင် စားပေးတာဟာ မွေးလာတဲ့ကလေးရဲ့ အာရုံကြောနှင့် ဆိုင်ပါတယ်။ နောက်ပြီး ကယ်လ်စီယမ် ပါဝင်တာဟာ ကလေးရဲ့ သွားတွေ၊ အရိုးတွေကို ကြီးထွားဖို့ အရေးပါပြီး မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဖိုက်တိုကယ်မီကယ် ပါဝင်တာကြောင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို တက်စေပြီး ဖျားနာခြင်းမဖြစ်အောင် ကူညီပေးပါတယ်။ နဂါးမောက်သီးဟာ ကိုယ်ဝန်ဆောင်မိခင်အတွက်သာမက ကလေးများအတွက်ပါ များစွာသော အာဟာရ ဓာတ်တွေပါဝင်တာကြောင့် အလေ့အကျင့်လုပ်ပြီး စားသင့်ပါတယ်။ နဂါးမောက်သီးမှာ အနံ့အရသာတစ်မျိုး လေးရှိတာကြောင့် တချို့က ဒီအတိုင်း အသီးကို မစားနိုင်ကြပါဘူး။ ဒါကြောင့် အခြား အချို၊ အချဉ်ဓာတ်တွေ ပေးနိုင်တဲ့ နာနတ်သီး၊ သရက်သီး၊ သင်္ဘောသီး၊ ကီဝီသီး စသည်တို့နဲ့ ရောနှောပြီး ဖျော်ရည်အသီးစုံသုပ်မျိုးတွေ လုပ်ပြီး စားပေးသင့်ပါတယ်။ နဂါးမောက်သီးမှာ အခြားကျန်းမာရေးအတွက် အထောက်အကူပြုတာတွေကို လေ့လာကြည့်မည်ဆိုလျှင်-
နဂါးမောက်သီးထဲမှာ Antioxidant တွေ ပါဝင်ပြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သုတေသနပြုလုပ်ချက်များအရ သွေးလှည့်ပတ်မှုစနစ်အတွက် အလွန်ကောင်းပြီး စိတ်လှုပ်ရှားမှုကြောင့်ဖြစ်သော သွေးဖိအားတက်ခြင်းကို လျော့နည်းစေပါတယ်။ သွေးတိုးမဖြစ်အောင် ကာကွယ်ပါတယ်။ မျက်စိအမြင်အာရုံကောင်းစေပြီး သွေးထဲက အဆိပ်အတောက်များကိုလည်း ချေဖျက်ပေးပါ တယ်။ အမျှင်ဓာတ်မြင့်မားစွာ ပါဝင်သောကြောင့် ကိုယ်လက်စထရောလည်း ကျစေပါတယ်။ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သံဓာတ်နှင့် အသားဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။
အစာအိမ်ရောဂါများနှင့် ဟော်မုန်းအကျိတ်ရောဂါများကုသရန်အတွက်လည်း အသုံးဝင်ပါတယ်။
ဗီတာမင်စီလည်း အများကြီးပါဝင်တာမို့ အနာ ကျက်မြန်စေခြင်း၊ အညိုအမည်း စွဲခြင်းများကို မြန်မြန် သက်သာပျောက်ကင်းစေပါတယ်။ ဘီတာကယ်ရိုတင်း ပါဝင်တဲ့အတွက် မျက်စိအမြင်ကောင်းခြင်း၊ မျိုးပွားနိုင်စွမ်း ကောင်းခြင်းနှင့် အခြားသော ဇီဝရုပ် ဖြစ်ပျက်မှုများကို လည်း ကောင်းစေပါတယ်။
နဂါးမောက်သီးမှာ ဗီတာမင် B1, B2, B3 ကြွယ်ဝစွာ ပါဝင်ပါတယ်။
သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်တဲ့အတွက် အမျိုးအစား (၂) ဆီးချို၊ သွေးချိုရောဂါ ရှိသူများအတွက် သင့်တော်ပါတယ်။ နဂါးမောက်သီးထဲမှာပါတဲ့ ပမာဏက ဇီဝရုပ်ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ နှလုံးသွေးကြောကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
နဂါးမောက်သီးပုံမှန်စားပေးမယ်ဆိုရင် ရင်ကျပ်ရောဂါနှင့် ချောင်းဆိုးခြင်းတို့ကို သက်သာပျောက်ကင်း စေနိုင်တယ်လို့ သိရပါတယ်။ နဂါးမောက်သီးဟာ သွေးတိုးရှိသောသူများ၊ ဆီးချိုရှိသောသူများအတွက် စားသင့်သော အသီးအနှံများစွာထဲမှ အသီးဖြစ်ပါတယ်။
နဂါးမောက်သီးကို ယခုအခါ အသီးအနှံဆိုင်များ၊ ဈေးထဲမှာ စူပါမားကက်များမှာ အလွယ်တကူ ဝယ်ယူလို့ ရရှိနေတာကြောင့် နေ့စဉ်ပုံမှန်စားသုံးသင့်ပါကြောင်း အကြံပြုရင်း စာဖတ်ပရိသတ်ကြီး ဗဟုသုတများတိုးပွား စေအောင် မျှဝေပေးလိုက်ပါတယ်။ နောက်လတွေမှာ လည်း ပြန်လည်ဆုံတွေ့ ကြမယ်နော်…။ Healthy Eating and Happy Life…
မှတ်ချက် – စည်သင်ယူထားတဲ့ ဘာသာရပ်တွေထဲကမှ Fruit & Vegetable နဲ့ ပတ်သက်လို့ သင်ခဲ့ရသော ဗဟုသုတလေးများ http://www.whfoods.com/dragonfruit နှင့် Ref: Health Digest တို့မှ ဗဟုသုတ များနှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ နဂါးမောက်သီး စားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါပပျောက်ခြင်းကို အာမမခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။
Syi Lwin (foodsgarden)
Source>> http://www.facebook.com/notes/health-articles
နဂါးမောက်သီးဖျော်ရည် (Dragon Fruit Juice)
သောက်ပြီးရင် လန်းဆန်းသွားစေပြီး နဂါးမောက်သီးရဲ့ သဘာဝ အရသာလည်း မပျက်စေဘဲ သောက်ကောင်းသော ဖျော်ရည်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
နဂါးမောက်သီး – ၁ လုံး (အခွံနွှာပြီး အတုံးလေးများ တုံးထားပါ)
သံပရာရည် – စားပွဲဇွန်း ၁ ၁/၂ ဇွန်း
သကာရည် – စားပွဲဇွန်း ၁ ဇွန်း
ပူဒီနာ – ၂ ခက် (အရွက်များ ခြွေထားပါ)
ရေခဲခြစ် – ၁ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)
ပြုလုပ်နည်း
၁။ နဂါးမောက်သီးတုံးများ၊ ပူဒီနာ၊ သံပရာရည်နှင့် သကာရည်တို့ ဖျော်ရည်စက်ထဲ ထည့်ကြိတ်ပါ။
၂။ ထည့်သောက်ရန် ဖန်ခွက်များကို ရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံထားပါ။ ၃။ အေးနေသော ဖန်ခွက်ထဲ ရေခဲခြစ် အရင်ထည့်ပြီး အပေါ်မှာ နဂါးမောက်သီးဖျော်ရည်ကို လောင်းထည့်ပါ။ ပြီးလျှင် ပူဒီနာရွက်လေးဖြင့် အလှဆင်လိုက်ပါ။ အေးအေးလေး ချက်ချင်း သောက်သုံးသင့်ပါတယ်။