
by Syi Lwin (foodsgarden) for Food Magazine
Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင်လေ့ရှိကြပါတယ်။ အချို့ကျတော့ အိပ်ရာက ထတာနဲ့ လက်ဖက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ကျတော့ အစာစားပြီးမှ သောက်သလို အချို့ကလည်း အစာမစားမီ သောက်တတ်ကြပါတယ်။
လက်ဖက်ခြောက်ကို ကမ္ဘာအနှံ့မှာ လက်ခံသောက် သုံးကြပါတယ်။ လက်ဖက်ခြောက်ရဲ့ အရသာကို နှစ်ခြိုက် သူတွေလည်း များပါတယ်။ အာရှနိုင်ငံတချို့မှာ ရိုးရာ ဓလေ့ထုံးစံအရ နေ့စဉ် လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းကို သောက်သုံးခြင်းဖြင့် ဆေးတစ်ခွက်ဖြစ်စေတယ်လို့ ဆေးပညာရှင်များက အဆိုပြုထားကြပါတယ်။
ယနေ့ သုတေသနပြုလုပ်မှုအရ လေဖြတ်မှုအန္တရာယ်ကို ကာကွယ်ရန်အတွက် နေ့စဉ် အနည်းဆုံး ရေနွေးကြမ်း လေးခွက် သောက်သုံးသင့်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ရေနွေးကြမ်းမှာ အံ့ဩဖွယ်ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ဒွန်တွဲနေပါတယ်။ ဒါကြောင့် အားလုံးအတွက် ကျန်းမာ ညီညွတ်စွာ လက်ဖက်ခြောက်ကို သောက်သုံးလေ့လာနိုင်စေဖို့ ဒီလရဲ့ Healthy Food and Health Benefit မှာ Benefits of Drinking Tea article နဲ့အတူ Honey & Lemon Tea & Tea leave လုပ်နည်းလေးပါ ပူးတွဲ လေ့လာဖော်ပြလိုက်ပါတယ်။
နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့်အထက် သောက်သုံးသူသည် ရေနွေးကြမ်း လုံးဝမသောက်သောသူများ ထက် လေဖြတ်မှုအန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်းသည်ကို လေ့လာတွေ့ရှိရသည်။ သို့သော် ရေနွေးကြမ်း လေးခွက်ထက် လျော့နည်းစွာ သောက်သောသူများတွင် ထိထိရောက်ရောက် အကျိုးမရှိကြောင်း တွေ့ရသည်။ နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့်အထက် သောက်သော သူများသည် ဦးနှောက်အတွင်း သွေးခဲနိုင်မှု ၂၁ ရာခိုင်နှုန်း လျော့နည်းကာ လေဖြတ်မှု အန္တရာယ် လျော့ပါးမှုနှင့် ဆက်စပ်နေသည်ကို သုတေသနပြုလုပ် ရှာဖွေတွေ့ ရှိခဲ့ကြသည်။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ ကာရိုလင် စကာတက္ကသိုလ်မှ သိပ္ပံပညာရှင်များက အမျိုးသား၊ အမျိုးသမီး ၇၅၀ဝ၀ ခန့်ကို လေ့လာခဲ့ရာမှ အဆိုပါတွေ့ ရှိချက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်နိုင်ငံတွင် တစ်နေ့လျှင် လူ ၂၀ဝခန့် လေဖြတ်၍ သေဆုံးခဲ့ရပြီး အများစုမှာ မသန်စွမ်းဖြစ်ခဲ့ရာမှ ဒုတိယ အကြိမ် သို့မဟုတ် တတိယအကြိမ် လေဖြတ်ခံရပါက သေဆုံးသွားသည်ကို တွေ့ရသည်။ လေဖြတ်ခံရသူ ၈၅ ရာခိုင်နှုန်းခန့်သည် ဦးနှောက်သွေးကြောအတွင်း သွေးခဲကာ သွေးစီးဆင်းမှု ရပ်တန့်သွားပြီး လေဖြတ်ဝေဒနာခံစားရကာ မသန်စွမ်းဖြစ်သွားခဲ့သည်။ ကျန်လူနာများမှာ ဦးနှောက်သွေးကြောပေါက်ပြီး အသက်ဆုံးရှုံးခဲ့သည်။
ဆေးပညာရှင်များက တစ်နေ့လျှင် အနည်းဆုံး ရေနွေးကြမ်း လေးခွက် သို့မဟုတ် ပိုသောက်သောသူများသည် သိသိသာသာ အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိခဲ့သည်။ လက်ဖက်ခြောက်တွင် ပါဝင်သော ဖလေဗွန်နွိုက်ဓာတ်ပစ္စည်းက နှလုံးနှင့် ဦးနှောက်အတွက် အကောင်းဆုံး အကာအကွယ်ပေးသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါ ဓာတ်ပစ္စည်းက နှလုံးသွေးကြောဆိုင်ရာ အန္တရာယ် ကိုလည်း ထိရောက်စွာ အကာအကွယ်ပေးနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ ထို့ကြောင့် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက်သောက်သုံးပါက လေဖြတ်မှုအန္တရာယ်ကို ကာကွယ်နိုင်သည်။ သို့သော်လည်း နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ရေနွေးကြမ်း လုံးဝမသောက်သူများထက် လေဖြတ်နိုင်မှု ၂၁ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ လေဖြတ်ရောဂါမှ ကင်းဝေးလိုလျှင် ရေနွေးကြမ်းများများ သောက်ပါဟု တိုက်တွန်းလိုက်ရပေသည်။
ရေနွေးကြမ်းသောက်ခြင်းအားဖြင့် လန်းဆန်း တက်ြွကလာပြီး စိတ်ညစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ ကိုလည်း ပြေပျောက်စေနိုင်ပါသည်။ အရွယ်ရောက် သူတိုင်း တစ်နေ့လျှင် ရေနွေးကြမ်း သုံး၊ လေးခွက် နေ့စဉ် သောက်သင့်ပါသည်။
တစ်နေ့ကို ရေနွေးကြမ်း သုံး၊ လေးခွက် ပုံမှန်သောက်မည်ဆိုလျှင် ရရှိနိုင်သည့်အကျိုးကျေးဇူးများမှာ –
အသက်ရှည်နုပျိုခြင်း၊ ကင်ဆာရောဂါကို ကာကွယ်နိုင် ခြင်း၊ အဆီများ ချပေးခြင်း၊ နှလုံးနှင့် သွေးကြောရောဂါများမှ ကာကွယ်ပေးခြင်း၊ သွားနှင့် သွားဖုံးကျန်းမာရေးကို အထောက်အကူပြုခြင်း၊ ဆီးချို၊ သွေးချိုရောဂါကို သက်သာစေခြင်း၊ အရောင်ကျစေခြင်း၊ အသည်းလုပ်ငန်းဆောင်တာ မှန်ကန်ကောင်းမွန်စေခြင်း၊ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်းတို့ ဖြစ်ပါသည်။ ထမင်းစားနေစဉ် (သို့) ထမင်းစားအပြီး အစားအသောက်များ စားပြီးတိုင်းတွင် ရေအေးအစား ရေနွေးကြမ်းကို သောက်သုံးခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေပါသည်။
ဝမ်းတွင် အစာ မရှိလျှင် လက်ဖက်ရည်ကြမ်း သောက်သင့်၊ မသောက်သင့်- Tea ဟုခေါ်သည့် လက်ဖက်ရွက်မှ ရရှိသော ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတော်တော်များများ သုံးဆောင်လေ့ရှိသည်။ အချို့က အိပ်ရာထသည်နှင့် လက်ဖက်ရည်ကြမ်း သောက်ကြသည်။ အချို့က အစာစားပြီးမှ သောက်သလို၊ အချို့ကျတော့ အစာမစားမီ သောက်တတ်ကြသည်။ လက်ဖက်ဆိုသည်မှာ ကယ်လိုရီကို လျင်မြန်စွာ လောင်ကျွမ်းစေသည့် အစာတစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် အခါးရည်သောက်လျှင် အဆီကျသည်ဟု လူတိုင်းသိရှိကြပြီး ဖြစ်သည်။ ထို့ကြောင့် အစာစားပြီးသည့်အချိန်တွင် မှီဝဲခြင်းက အကောင်းဆုံး ဖြစ်သည်။
သို့သော် ဝမ်းထဲ၌ အစာမရှိလျှင် မသောက်သုံးသင့်ပါ။ ဝမ်းထဲတွင် အစာမရှိပါက သောက်လိုက်သော လက်ဖက်ရည်က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာချေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်စစ်နှင့် အခြားသော အက်စစ်များနှင့် လျင်မြန်စွာ ဓာတ်ပြုသည်။ ထိုအခါ ချေဖျက်စရာ ကယ်လိုရီ အာဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင်ရှိသော အက်စစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများသို့လည်း ပြန့်ကျဲသည်။ အကျိုးဆက်အားဖြင့် မအီမလည်၊ မသက်မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ် မတည့်၍ ယားယံခြင်း၊ ခြေ၊ လက်များ ဖောရောင်လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သည်။ တစ်ကြိမ်၊ နှစ်ကြိမ်မဟုတ်ဘဲ လက်ဖက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိဘဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်သည် အထက်ဖော်ပြပါ ထက် ပိုနိုင်ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဖက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။ ဈေးလည်းမကြီးဘဲ အချိန်မရွေး လွယ်ကူစွာ ဝယ်ယူ၍ရသော လက်ဖက်ခြောက်ကို ကျန်းမာညီညွတ်စွာ အချိန်အဆနှင့် သောက်သုံးကြပါရန်လည်း အကြံပြုချင်ပါတယ်။ နောက်လတွေမှာလည်း ပြန်လည်ဆုံတွေ့ကြမယ်နော်… Healthy Eating and Happy life…
မှတ်ချက်- စည် သင်ယူထားတဲ့ ဘာသာရပ်တွေထဲကမှ Herbals & Tea နဲ့ပတ်သက်လို့ သင်ခဲ့ရသော ဗဟုသုတလေးများ http://www.gethealthiness.com/Tealeaves-health-benefits မှ Ref:GreatHorseTea အချက်အလက်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။ လက်ဖက်ခြောက်သောက်သုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါပပျောက်ခြင်းတို့ကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။
Syi Lwin (foodsgarden)
ပျားရည်နှင့် သံပရာ လက်ဖက်ခြောက် ရေနွေးကြမ်း
(Honey & Lemon Tea & Tea Leave)
သံပရာရည်မှာ ဗီတာမင် စီ ပါဝင်သောကြောင့် ပိုးမွှားကူးစက်ခြင်းနှင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းပြီး ခံနိုင်ရည် အားအင်ကောင်းမွန်စေပါတယ်။ ပျားရည် သံပရာ လက်ဖက်ခြောက် သုံးမျိုး ပေါင်းစပ်လိုက်တဲ့ ရေနွေးကြမ်းကတော့ အဆီပိုတွေ ဖယ်ရှား ပေးခြင်းနှင့် လန်းဆန်းခြင်းတို့ကို ဖြစ်စေပါတယ်။ တစ်နေ့ ၄ – ၆ ခွက်အထိ သောက်သုံးလို့ ရပါတယ်။
ပါဝင်ပစ္စည်းများ
ရေနွေးပူပူ – ၁ ခွက်
လက်ဖက်ခြောက် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
သံပရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ရေကို ပွက်ပွက်ဆူအောင် တည်ထားပါ။
၂။ ရေနွေးကြမ်းခွက်ကြီးထဲ ရေနွေးနှင့် လက်ဖက်ခြောက်များထည့်၍ ၂ – ၃ မိနစ်ခန့် ထည့်ပြီး စိမ်ထားပါ။ ပြီးလျှင် ကျန်ပါဝင်ပစ္စည်းများ ထည့်၍ သေချာမွှေပြီး ပူပူလေး သောက်သုံးပါ။