Health Benefits of Food အောင်မဲညိုပန်း (Healthy Recipe and Health Benefits Butterfly Pea Flower)

by Syi Lwin (Foodsgarden) for Food Magazine

          မြန်မာနိုင်ငံမှာ ပေါများရရှိတဲ့ Butterfly Pea Flower က မြန်မာလို “အောင်မဲညိုပန်း” လို့ခေါ်ကြပါတယ်။ ဒီအပြာရောင်ပန်းလေးတွေဟာဆိုရင် သူ့ရဲ့ ဆေးဖက်ဝင် အာနိသင်ကြောင့် အခုနောက်ပိုင်းမှာ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ ရေပန်းစားနေတာ ဖြစ်ပါတယ်။ အပွင့်ကို အစွဲပြုပြီး အောင်မဲဖြူ၊ အောင်မဲညိုဟူ၍ နှစ်မျိုးရှိသော်လည်း အောင်မဲညိုအနေနဲ့သာ လူသိများကြပါတယ်။ အောင်မဲညိုလို့ ခေါ်ကြပေမယ့်လည်း တကယ်တမ်း အပွင့်အရောင်က အပြာရောင်ဖြစ်ပါတယ်။ အဖြူမျိုးက အပွင့်ဖြူပြီး အညိုမျိုးက ပွင့်ဖတ်မှာ အပြာရင့်ရောင်ရှိကာ အလယ်မှာ အဝါရောင်သန်းနေပါတယ်။ Blue Butterfly Pea အင်္ဂလိပ်လိုလို့ ခေါ်ပါတယ်။ သဘာဝ အလေ့ကျပေါက်တဲ့ နွယ်ပင်တစ်မျိုး ဖြစ်ပါတယ်။ မိုးဦးကျမှာ မြေပြင်ပေါ် အစေ့ချလိုက်ပါက သဘာဝအလျောက် အခြားသော အပင်နှင့်ချုံပင်တို့ကို နွယ်တက်ပြီး တစ်ပင်လုံး ဖုံးလွှမ်းသွားအောင် ပေါက်လေ့ရှိတယ်။ ပင်စည်က မွဲခြောက်ခြောက် အရောင်ရှိပြီး မာကျောပါတယ်။ မိုးဥတုမှာ အပင်ပွားနှုန်း မြန်ဆန်ပါတယ်။ တစ်ပွင့်ချင်း ပွင့်လေ့ရှိပြီး အပွင့်ကကြီးပြီး အလျား ၁ လက်မခန့် ရှည်ပါတယ်။ ယခုအခါ နိုင်ငံတကာမှာတော့ အိပ်ရာမဝင်ခင် Bed Time Tea အဖြစ် အောင်မဲညိုလက်ဖက်ရည်ကြမ်းကို သောက်သုံးလေ့ရှိကြပြီး ဒီလိုသောက်သုံးပေးရခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကလည်း အများအပြားပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာရှိတဲ့ အောင်မဲညိုပန်းကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအဖို့တော့ သောက်သုံးဖို့ မသင့်ပါဘူး။ ဒါ့အပြင် မိမိ ကျန်းမာရေးကြောင့် ဆေးဝါးတွေ သောက်သုံးနေရသူတွေကလည်း အောင်မဲညိုပန်းကို ဆေးဝါးတွေနဲ့ တွဲဖက် မသောက်သုံးသင့်ပါ။ အောင်မဲညိုပန်းမှာ အံ့ဖွယ်ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ဒွန်တွဲနေတာကြောင့် အားလုံးအတွက် ကျန်းမာညီညွတ်စွာနဲ့ အောင်မဲညိုကို မည်ကဲ့သို့ စားသုံး၊ သောက်သုံး လေ့လာနိုင်စေဖို့  ဒီလရဲ့ Healthy Food and Health Benefit မှာ Benefits Butterfly Pea article နှင့်အတူ  Three Layer Agar Jelly with Butterfly Pea  လုပ်နည်းလေးပါ ပူးတွဲလေ့လာဖို့ ဖော်ပြလိုက်ပါတယ်။

          အာရှနိုင်ငံတော်များများမှာတော့ အောင်မဲညိုပန်းကို အစားအစာတွေမှာ အရောင်ထည့်သွင်း ပြုလုပ်တဲ့ အခါမျိုးမှာ Food Colour အဖြစ် အသုံးပြုလေ့ရှိကြပါ တယ်။ မလေးရှားနိုင်ငံမှာတော့ ထမင်းထဲထည့်ချက်ပြုတ် ကြပြီး ထိုင်းနိုင်ငံမှာတော့ ဖျော်ရည်အဖြစ် ပြုလုပ်ကာ သောက်သုံးလေ့ရှိကြပါတယ်။ အောင်မဲညိုဖြင့် အစားအသောက်တွေ မြောက်မြားစွာ အတူပြုလုပ်လို့ရပါတယ်။ ထမင်း၊ ကောက်ညှင်း ချက်စားနိုင်ပါတယ်။ အဲဒီအတွက် အပွင့်ကို အရင်ပြုတ်ပါ။ အပွင့်ပြုတ်ရည်ဖြင့်သာ ထမင်း (သို့) ကောက်ညှင်း ချက်ပါ။ အောင်မဲညို အပွင့်ပြုတ်ရည်ကို သုံး၍လည်း အောင်မဲညိုခေါက်ဆွဲ၊ အောင်မဲညို ဘဲဥ၊ အောင်မဲညိုမုန့်ဖတ်၊ အောင်မဲညိုသာဂူ၊ အောင်မဲညို ပြာထုပ်၊ အောင်မဲညိုဆီထမင်း၊ အောင်မဲညိုကျောက်ကျော၊ အောင်မဲညိုကိတ်၊ အောင်မဲညိုအအေး၊ အောင်မဲညို ရေခဲချောင်း၊ အောင်မဲညိုရေခဲမုန့် စသည်ဖြင့် အမျိုးမျိုး ပြုလုပ်ပြီး စားသောက်နိုင်ပါတယ်။ ယခုအခါ ခေတ်အစားဆုံးကတော့ ကမ္ဘာတစ်ဝန်း အောင်မဲညိုနှင့် ပြုလုပ်ထားတဲ့ ဆေးဝါးများ၊ လက်ဖက်ခြောက်၊ ပန်းပွင့်ရဲ့ သဘာဝအရောင်ကို အခြေခံပြီး ပြုလုပ်ထားသော ဖျော်ရည်အစုံ၊ မုန့်အမျိုးမျိုးနှင့် အပွင့်ခြောက်များ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အလှကုန်ပစ္စည်းများလည်း ထုတ်လုပ်ရောင်းချ လျက်ရှိပါတယ်။ အောင်မဲညိုနှင့် ဆေးဖက်ဝင်ပုံကတော့ အောင်မဲဖြူနှင့် အောင်မဲညို ဂုဏ်သတ္တိစွမ်းရည်များစွာ ကွာခြားခြင်းမရှိဘဲ အောင်မဲဖြူကိုလည်း အောင်မဲညိုကဲ့သို့ အသုံးပြုနိုင်ပါတယ်။ အောင်မဲညို လက်ဖက်ရည် ကြမ်းဟာ Green Tea လက်ဖက်ရည်ကြမ်းမှာလိုပဲ Antioxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတုကြောင့် ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ အောင်မဲညိုလက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် မျက်လုံး ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ မျက်လုံးညောင်းညာ ကိုက်ခဲခြင်းနှင့် အမြင်အာရုံမှုန်ဝါးခြင်းတို့ကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းနှင့် ဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်တဲ့ အရေပြား ပြဿနာတို့ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ၂၀ဝ၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ အောင်မဲညိုပန်းဟာ စိတ်ဖိစီးမှုကို လျှော့ချစေနိုင်ပြီး စိတ်ကျရောဂါအပါအဝင် စိုးရိမ်ပူပန်မှုလွန်ကဲတာနဲ့ မှတ်Óဏ်ချို့ယွင်းခြင်းတို့ကို ပျောက်ကင်းသက်သာ စေနိုင်တယ်လို့ သိရပါတယ်။ ယခုနောက်ပိုင်းမှာ အောင် မဲညိုပန်းကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းများ ထွက်ပေါ်လာနေကြပြီဖြစ်ပြီး အောင်မဲညို ပန်းဟာ အသားအရေကို နုပျိုတင်းရင်းစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်း တွေကို လျော့ကျစေနိုင်ပြီး ဆံကေသာကျန်းမာရေးအတွက်လည်း အသုံးတည့်တဲ့ သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။ အမျိုးသမီးများအတွက် သွေးအားကောင်းစေပါတယ်။ အောင်မဲညိုထဲမှာ ဦးနှောက်ခွန်အားဖြစ်စေနိုင်တဲ့ Acetylcholine ဓာတ် ပါရှိနေပါတယ်။ အကယ်၍ ဦးနှောက်မှာ Acetylcholine ဓာတ် ချို့တဲ့ပါကလည်း မှတ်ဥာဏ်ပြဿနာများ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အောင်မဲညိုပန်းပွင့်ကို စားပေးခြင်းဖြင့် တွေးခေါ်မှုဆိုင်ရာ စွမ်းရည်များ တိုးတက်မြင့်မားလာစေပါတယ်။ အပင်များမှာ ရှားပါးစွာတွေ့ရတတ်တဲ့  ဃပခူသအငိနျ ဓာတ်တစ်မျိုးက အောင်မဲညိုအပင်မှာ ပါရှိနေပြီး ၄င်းဓာတ်ပစ္စည်းက ကင်ဆာဆဲလ်များကို ဖြိုခွင်းပေးကာ ကင်ဆာ အဖုအကျိတ်များ ကြီးထွားခြင်းကို တားမြစ်ပေးနိုင်ပါတယ်။ မျက်စိနာ ခြင်း၊ မျက်စိရောင်ခြင်းနှင့် မျက်စိရောဂါအမျိုးမျိုးတို့အတွက် အောင်မဲညိုပင်ရဲ့အမြစ်ကို  ကျောက်ပျဉ်ပေါ်မှာသွေး၍  ရလာသော ဆေးအနှစ်ကို မျက်စိမှာကွင်းပြီး လိမ်းပေးပါ။ ဆံပင်သန်စွမ်းစေရန်၊ ဆံပင်ဖြူခြင်းမှ ကာကွယ်နိုင်ရန်နှင့် ဆံပင်ကျွတ်ခြင်းသက်သာစေရန်တို့အတွက် အောင်မဲညို အပွင့်နှင့်အရွက်တို့ကိုကြိတ်ခြေပြီး ဆံသားနှင့် ဦးရေပြားအနှံ့ လိမ်းပေးပါ။ အချိန် ၁၅ မိနစ်ခန့်အကြာ မိမိသုံးနေကျ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်နိုင်ပါတယ်။ အောင်မဲညိုပန်းပွင့်က သွေးစီးကြောင်းထဲရှိ သကြားဓာတ်ကို စုပ်ယူမှု အားကောင်းစေတာကြောင့် ဆီးချိုသွေးချိုရောဂါရှိသူများ အောင်မဲညိုပန်းပွင့်ကို မကြာခဏ စားပေးသင့်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခဲလေ့ရှိသူများ အောင်မဲညိုပန်းပွင့်ကို တစ်နေ့နှစ်ပွင့် စားပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။ ပန်းပွင့်အစိုမရနိုင်ပါက ပွင့်ခြောက်ကိုလည်း ဝါးစားနိုင်ပါတယ်။ အောင်မဲညိုပန်းအစိုပဲဖြစ်စေ၊ အောင်မဲညိုပန်း အခြောက်ပဲဖြစ်စေ အလွယ်တကူရရှိနိုင်တာ ကြောင့် ကျန်းမာရေးအတွက် တစ်ကိုယ်ရေတစ်ကာယ လှပစေဖို့အတွက် ပုံမှန်စားသုံးသင့်ပါကြောင်း အကြံပြုရင်း ဒီလတော့ ဒီလောက်နဲ့ ရပ်နားခွင့်ပြုပါရှင့်။ နောက်လတွေမှာ ဘယ်လိုကျန်းမာရေးအတွက် အထောက်အကူပြုမယ့် အစားအစာ၊ ဗဟုသုတတွေကို တင်ပြရင်းနဲ့ ပြန်လည်ဆုံ တွေ့ကြမယ်နော်။ Healthy Eating and Happy Life…

မှတ်ချက်- စည် သင်ယူထားတဲ့ ဘာသာရပ်တွေထဲကမှ Herbals & Tea and Wild Flower နဲ့ ပတ်သက်လို့ သင်ခဲ့ရတဲ့ ဗဟုသုတလေးများ http://www.gethealthiness.com/wildflower-health-benefits မှ Ref: Good Health အချက်အလက်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။ အောင်မဲညိုကို သောက်သုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါပပျောက်ခြင်းတို့ကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

အောင်မဲညိုပန်း သုံးထပ်ကျောက်ကျော

(Three Layer Agar Jelly with Butterfly Pea Flower)

          လှပတင့်တယ်သော အရောင်ရှိတဲ့ အောင်မဲညိုပန်းက ကျန်းမာရေးအတွက် အင်မတန်အကျိုးပြုတာကြောင့် အရသာလည်းရှိပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်တာကြောင့် ဒီနေ့ပဲ မိသားစု၊ အပေါင်းအသင်းသူငယ်ချင်းတွေနဲ့အတူ လုပ်စားကြည့်လိုက်နော်။

အပြာရောင် အောင်မဲညို အရည်အတွက် ပါဝင်ပစ္စည်းများ

လတ်ဆတ်အောင်မဲညိုပန်း  –  ၂၀ ပွင့်

ရေ  –  ၅၀ မီလီလီတာ

ကျောက်ကျောအတွက် ပါဝင်ပစ္စည်းများ

အုန်းစိမ်းရည်  –  ၃၀ဝ မီလီလီတာ

ကျောက်ကျောမှုန့်  –  ၁ ထုပ်

နို့ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

အုန်းနို့  –  ၅၀ မီလီလီတာ

နို့စိမ်း  –  ၅၀ မီလီလီတာ

ထန်းလျက်  –  ၅၀ မီလီလီတာ

ဆား  –  အနည်းငယ်

အပြာရောင်ပန်းအရည် ပြုလုပ်နည်း

၁။       အောင်မဲညိုပန်းကို ရေစင်အောင် ဆေးပါ။ ပြီးလျှင် ရေထည့်ပြီး ဆူပွက်အောင် ပြုတ်ထားပါ။

၂။       အပြာရောင်ရင့်ရင့် အရောင်ရလျှင် မီးပိတ်ပြီး ရေစစ်ယူထားပါ။ ပြုတ်ထားသော ကျန်ပန်းပွင့်ကို သေချာ ရေညှစ်ယူပါ။

ကျောက်ကျောတစ်လွှာချင်းပြုလုပ်နည်း

၁။       အိုးထဲ ကျောက်ကျောမှုန့် လက်ဖက်ဇွန်း ၃ ဇွန်း၊ အုန်းစိမ်းရည် ၁၀ဝ မီလီလီတာ၊ အုန်းနို့၊ နို့ဆီနှင့် ဆားထည့်ပြီး ကျိုပါ။ အဆက်မပြတ် မွှေပါ၊ ဆူလာလျှင် မီးပိတ်ပါ။ ကျောက်ကျောမှုန့်များ သေချာအရည်ပျော်ပါစေ။ ဆူလာလျှင် မိမိစိတ်တိုင်းကျ ဗန်းအပြန့် (သို့) တစ်ခါစား ပုလင်းလေးတွေထဲ ပထမအလွှာ လောင်းထည့်ပါ။ နောက်တစ်လွှာ ကျိုနေတုန်း ရေခဲသေတ္တာထဲ ထည့်ပြီး ခဲထားပါ။

၂။       အိုးထဲ ထန်းလျက်ရည်၊ နို့စိမ်း၊ အုန်းစိမ်းရည် ၁၀ဝ မီလီလီတာ နှင့် ကျောက်ကျောမှုန့် လက်ဖက်ဇွန်း ၃ ဇွန်း ထည့်ပါ။ (လိုချင်သော အရောင်ရဖို့) သေချာမွှေပြီး ဆူအောင်တည်ပါ။ အဆက်မပြတ် မွှေပါ၊ ဆူလာလျှင် မီးပိတ်ပါ။ ကျောက်ကျောမှုန့်များ သေချာအရည်ပျော်ပါစေ။ ပြီးလျှင် မိမိစိတ်တိုင်းကျ ဗန်းအပြန့် (သို့) တစ်ခါစား ပုလင်းတွေထဲ ပထမအလွှာအပေါ်မှာ လောင်းထည့်ပါ။ ရေခဲသေတ္တာထဲ ထည့်ပြီး ခဲထားပါ။

၃။       အိုးထဲ အောင်မဲညိုပန်းအရည်၊ အုန်းစိမ်းရည် ၁၀ဝ မီလီလီတာ၊ ကျောက်ကျောမှုန့် လက်ဖက်ဇွန်း ၃ ဇွန်း ထည့်ပါ။ (လိုချင်သော အရောင်ရဖို့) သေချာမွှေပြီး ဆူအောင် တည်ပါ။ အဆက်မပြတ် မွှေပါ။ ဆူလာလျှင် မီးပိတ်ပါ။ ကျောက်ကျောမှုန့်များ သေချာ အရည်ပျော်ပါစေ။ ပြီးလျှင် မိမိစိတ်တိုင်းကျ ဗန်းအပြန့် (သို့) တစ်ခါစားပုလင်းတွေထဲ ဒုတိယအလွှာအပေါ်မှာ လောင်းထည့်ပါ။ ရေခဲသေတ္တာထဲ ထည့်ပြီး ခဲထားပါ။ စားခါနီးမှသာ ရေခဲသေတ္တာထဲက ထုတ်ပြီး စားပါ။

Facebook Comments