
by Syi Lwin Foods Garden for Food Magazine
မြင်းခွာရွက်ပင်လေးများ ပေါက်ရောက်ရာဇာစ်မြစ်က အိန္ဒိယနိုင်ငံဖြစ်တာကြောင့် ၄င်းရဲ့အမည်ကို Indian Pennywort လို့ ခေါ်ကြပါတယ်။ မြင်းခွာရွက်ကို အာရှနိုင်ငံ အတော်များများနှင့် Polynesian Islands တို့ ဖြစ်ပါတယ်။ မြင်းခွာရွက်ကို Botanical ရုက္ခဗေဒလို Centella Asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic Pennywort ခေါ်ပြီး စွယ်စုံကျမ်းမှာ Centella Asiatica (Gotu Kola) လို့ ပါပါတယ်။ အများဆုံး Indian Pennywort လို့ ခေါ်တယ်။ အများသိကြတာကတော့ Pennywort လို့ပဲ သိကြ၊ ခေါ်ကြပါတယ်။ အရွက်က မြင်းခွာပုံသဏ္ဌာန်နှင့် ဆင်တူလို့ မြန်မာပြည်မှာတော့ “မြင်းခွာရွက်” လို့ပဲ အလွယ်ခေါ်ကြပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အကြွေစေ့နှင့်တူလို့ Pennywort လို့ခေါ်ကြပါတယ်။ မြင်းခွာရွက်တို့ကို မြင်းခွာ ရွက်ရိုးရိုး၊ အညာမြင်းခွာ၊ ကုလားမြင်းခွာ၊ ဆေးမြင်းခွာဟူ၍ မြန်မာပြည်အနှံ့အပြားမှာ တွေ့မြင်နိုင်ပြီး အမျိုးအစား အားလုံးက ဆေးဖက်ဝင်ကြပါတယ်။ မြင်းခွာရွက်ရိုးရိုးနှင့် အညာမြင်းခွာတို့မှာ အရွယ်အစားပုံစံဆင်တူပြီး ကုလားမြင်းခွာရဲ့ အရွက်မှာ အမွေးရှိကာ ဆေးမြင်းခွာကတော့ အရွယ်အစား အလွန်သေးငယ်ပါတယ်။ မြင်းခွာရွက်ရိုးရိုးကို ဟင်းချို၊ ဟင်းခါး၊ အသုပ် စသည်ဖြင့် အရန်ဟင်းလျာအဖြစ် စားသုံးလေ့ရှိကြသလို ရေစင်စင်ဆေးပြီး အတို့ အမြှုပ်အဖြစ် အစိမ်းလိုက် ဝါးစားကြပါတယ်။ မြင်းခွာရွက်ရဲ့ မဆိုသလောက် ဖန်ခါးတဲ့ အရသာလေးက ခံတွင်းရှင်းပြီး နှုတ်မြိန်စေပါတယ်။ ကျန်းမာရေးအတွက် အထောက်အပံ့ ပေးနိုင်သော အရွက်ဖြစ်တာကြောင့် ကမ္ဘာတစ်ဝန်းမှာ နာမည်ကြီး နာမည်ရလာပြီး လူသိများ လာသော မြင်းခွာရွက်ကို ကမ္ဘာ့ကျန်းမာရေးနှင့် ဆေးဝါးရှာဖွေရေးမှ ဆေးစွမ်းကောင်းတစ်ခု ဖြစ်လာရန်နှင့် မည်သည့်ရောဂါတွေမှာ အခြေခံစားသုံးရသလဲဆိုတာတွေကို တဖြည်းဖြည်း ကြေညာပြီး စာတမ်းများပြုစုလို့ ကြေညာပေးနေပါတယ်။ ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် အရွက်သေးပြီး အမြစ်များတဲ့ မြင်းခွာရွက်က ပိုပြီးထိရောက်သော ခွန်အားအာဟာရ ရောဂါအတော်များများကို ကာကွယ်ပေးပါတယ်လို့ ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက ပြောကြားထားပါတယ်။ မြင်းခွာရွက်ကို လူငယ်ပိုင်းတွေ စားသုံးကြတာနည်းသလို လူကြိုက်နည်းပါတယ်။ ယခုခေတ်အခါမှာတော့ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုလို့ မြင်းခွာရွက်အသုပ်ကိုတော့ ချဉ်စပ်စားသုံးလာကြပါတယ်။ ဒါကြောင့် ဒီလမှာ စည် လေ့လာသင်ယူ ဖတ်မိ၊ မှတ်မိထားသလောက် သိကောင်းစရာလေးများကို အားလုံးအတွက် ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်လေ့လာနိုင်စေဖို့ ဒီလရဲ့ Health Benefits of Food မှာ Benefits of Asiatic Pennywort article နဲ့အတူ Pennywort with Dried Shrimp Salad လုပ်နည်းလေးနှင့်အတူ ပူးတွဲပြန်လည် မျှဝေလိုက်ပါတယ်။
မြင်းခွာရွက်ဟာ စားစရာလည်းဖြစ်၊ ဆေးလည်းဖြစ်တယ်ဆိုတာ ကမ္ဘာတစ်ဝန်း အသိအမှတ်ပြုလာကြပါတယ်။ အရှေ့တိုင်းဆေးနည်း၊ Ayurvedic အာယုဗေဒ ဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသနတစ်စိတ်တစ်ပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်။ အနာကို နိုင်တယ်။ သွေး၊ အာရုံကြော ကောင်းစေတယ်။ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံကြည်ကြပါတယ်။ ၁၉၆၆-၁၉၇၉ ထုတ် စာအုပ်တစ်အုပ်မှာ Youth Vitamin X လို့ ပြောပါတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းပါတယ်။
ဆေးပညာခွဲအစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ Laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ်အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy (ဝက်ရူးပြန်)၊ Nervous Debility (အာရုံကြော မကောင်းတာ)၊ Dyspepsia (အစာမကြေတာ)၊ Leprosy (အနာကြီးရောဂါ)၊ Elephantiasis (ဆင်ခြေထောက်)၊ Syphilis (ဆစ်ဖလစ်)၊ Ulcers (အနာ)၊ Abscess (ပြည်တည်နာ)၊ Carbuncle (အနာပဆုပ်)၊ Jaundice (အသားဝါ)၊ Dysentery (ဝမ်းကိုက်)၊ Eczema (နှင်းခူနာ) ရောဂါတွေအတွက် ကာကွယ်ပျောက်ကင်းစေတယ်လို့လည်း ဆေးပညာရှင်များနှင့် ဆေးဝါးသုတေသီ များက ပြောကြားထားပါတယ်။ မြင်းခွာရွက် ပုံမှန်စားခြင်း၊ အရည်ညှစ်သောက်ခြင်းမှ ရရှိစေသော အစွမ်းတချို့ကို ပြောရမယ်ဆိုရင်-
မြင်းခွာရွက်ကို အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ်သောက်ခဲ့သော် ခွန်အားတိုးတက်စေပါတယ်။ မြင်းခွာရွက်ကို အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါးသဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေပါတယ်။ မြင်းခွာရွက်ကို ငရုတ်ကောင်း၊ ပျားရည်တို့နှင့်စပ်၍ သုံးဆောင်က အသက်ရှည်ပါတယ်။ မြင်းခွာရွက်အမှုန့်ကို အနည်းငယ် ပူအောင်ပြု၍ ရင်ဘတ်၌ လိမ်းကျံပေးသော် ကလေးများ ချောင်းဆိုးရောဂါ၊ အဆုတ်နာရောဂါ ပျောက်စေပါတယ်။ မြင်းခွာရွက်ကို အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖုအကျိတ်များ ပျောက်စေပါသည်။ မြင်းခွာရွက်ကို အရည်ညှစ်၍ လက်ဖက်ဇွန်းငယ်တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လြွေပန်ချောင်းပူခြင်း ပျောက်ကင်းစေပါတယ်။ မြင်းခွာရွက်ကို အရည်ညှစ်၍ အရေပြားရောဂါများအတွက် လိမ်းကျံခြင်း၊ စားသောက်ခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။ မြင်းခွာရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်းစေပါတယ်။ မြင်းခွာရွက်ကို ဖျော်ရည်ပြုလုပ်ပြီး သောက်ပါက သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ဆီး၌သွေးပါခြင်းတို့ကို ပျောက်ကင်းစေပါတယ်။
အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက် ကုဆေးအဖြစ်လည်း ဖော်စပ်သုံးနိုင်ပါတယ်။ အရွက်စိမ်း ကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာမျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေပါတယ်။
ဟင်းလျာအဖြစ်စားသုံးလေ့ရှိတဲ့ မြင်းခွာရွက်ရိုးရိုးဟာ နှလုံးသွေးကြောရောဂါ၊ ဦးနှောက်နှင့်အာရုံကြော ရောဂါ၊ အာသီးရောင်ဖျားနာခြင်း၊ နှင်းခူယားနာအဖုအပိမ့်များ၊ မျက်စိရေတိမ်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးရောဂါ အမျိုးမျိုး၊ သွေးမသန့်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲ ရောင်ရမ်းခြင်း၊ ဖောရောင်ခြင်း၊ ရင်သားကင်ဆာ စသည့် ရောဂါတို့အတွက် ဆေးဖက်ဝင်ပါတယ်။ ယခုအခါ ကိုယ်တိုက်ဆပ်ပြာများမှာလည်း တွင်ကျယ်စွာ အသုံးပြုလာ ကြပါတယ်။ ဈေးနှုန်းချိုသာပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်းကလည်း မြင်းခွာရွက်ရဲ့ အားသာချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။
မြင်းခွာရွက်က ကောင်းကျိုးများစွာကို ပေးနိုင်သော်လည်း အလွန်အကျွံ စားသုံးခြင်းပြုလုပ်ပါက ဆိုးကျိုးလေး များ ဖြစ်တတ်ပါတယ်။ သတိပြုရန် အချက်လေးများ ရှိပါတယ်။ မြင်းခွာရွက်နှင့် သခွားသီးတို့ တွဲဖက်မစားသင့် ပါဘူး၊ အော့အန်တတ်ပါတယ်။ မြင်းခွာရွက်ပင်ရဲ့ သဘောသဘာဝဟာ မြေကြီးနှင့်ကပ်ပြီး တွားသွားပေါက်လေ့ရှိသဖြင့် ရောဂါပိုးအမျိုးမျိုးနှင့် ထိတွေ့ ညစ်ညမ်းစေနိုင်တာကြောင့် ရေစင်စင်ဆေးပြီးမှသာ စားသုံးသင့်ပါတယ်။ တချို့ကိုယ်ဝန်ဆောင်အမျိုးသမီးများက မြင်းခွာရွက်နှင့် ဓာတ်မတည့်သဖြင့် သားပျက်၊ သားလျှောဖြစ်စေနိုင်၍ အထူးသတိပြုပါ။ မြင်းခွာရွက်ဟာ ကျန်းမာရေးကို အကျိုးပြုစေတာမှန်သော်လည်း လိုအပ်သည်ထက် ပိုစားပါက မူးဝေတတ်ပါတယ်။ ကိုယ့်ကျန်းမာရေးအခြေအနေနှင့် ခန္ဓာကိုယ်အနေအထားအတိုင်း အသင့်အတင့် စားသုံးဖို့ အကြံပြုရင်း စာဖတ်ပရိသတ်ကြီး ဗဟုသုတများတိုးပွားစေအောင် ရှယ်ပေးလိုက်ပါတယ်။ နောက်လတွေမှာလည်း ပြန်လည်ဆုံတွေ့ကြမယ်နော်…။
မှတ်ချက်- စည်သင်ယူထားတဲ့ ဘာသာရပ်တွေထဲကမှ Herbs & Spices နဲ့ ပတ်သက်လို့ သင်ခဲ့ရသော ဗဟုသုတလေးများ http://www.whfoods.com/pennywort နှင့် Ref: Health Digest နှင့် ပေါက်ပေါက်တို့မှ ဗဟုသုတများနှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ မြင်းခွာရွက် စားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။
Healthy Eating and Happy life…
Syi Lwin (foodsgarden)
မြင်းခွာရွက်နှင့် ပုစွန်ခြောက်သုပ်
(Pennywort and Dried Shrimp Salad)
မြင်းခွာရွက်က ကျန်းမာရေးအတွက် အင်မတန်အကျိုးပြုသလို သေချာသုပ်စားကြည့်လျှင် ထမင်းမြိန်စေတဲ့ အသုပ်ပါ။ သုပ်စားကြည့်လိုက်နော်။
ပါဝင်ပစ္စည်းများ
မြင်းခွာရွက် – ၃ စည်း (အရင့်ပိုင်းများ ဖြတ်ထားပါ၊ ခပ်ကြမ်းကြမ်းလှီးထားပါ)
ပုစွန်ခြောက် – စားပွဲဇွန်း ၂ ဇွန်း
ပူဒီနာ – ၃ ပင် (အရွက်များ ခြွေထားပါ)
စိမ်းစားငါးပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မီးဖုတ်ထားပါ)
ငရုတ်သီးစိမ်း – ၄ တောင့် (ထောင်းထားပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပရာသီး – ၁ လုံး (အချဉ်စူးချင်ရင် ထည့်ပါ၊ မထည့်လည်းရပါတယ်)
ခရမ်းချဉ်သီး – ၂ လုံး (အလုံးသေး) (အရှည်လိုက်လှီးထားပါ)
ကြက်သွန်နီကြော် – စားပွဲဇွန်း ၁ ၁/၂ ဇွန်း
ပြုလုပ်နည်း
၁။ ငရုတ်သီးစိမ်း၊ မီးဖုတ်ထားသော ငါးပိစိမ်းစားနှင့် ဆားတို့ကို ထည့်ထောင်းပါ။
၂။ ဇလုံထဲ ထောင်းထားသောပစ္စည်းများနှင့် ကျန်ရှိနေသော ပစ္စည်းများအားလုံး ထည့်နယ်ပါ။ နှံ့အောင်နယ် ပြီးလျှင် ဆားမြည်းပြီး အချဉ်၊ အငန်၊ အစပ် လိုတာ ထပ်ဖြည့်ပါ။ ပြီးလျှင် ချက်ချင်းသုံးဆောင်ပါ။