Health Benefits of food Healthy Recipe and Health Benefits of Beetroot

 Healthy Foot TT

     Beetroot (သို့) သကြားမုန်လာဥလို့ခေါ်သော ဥမှာ အရောင်လှပြီး အသီးကိုမြင်လျှင် စားချင်စဖွယ် ပုံစံလေးရှိတာကြောင့် အနောက်တိုင်းနိုင်ငံတွေမှတော့ အင်မတန်လူကြိုက်များ လူသိများသော ဥမျိုးဖြစ်ပါတယ်။ Beetroot မှာ အနံအရသာ ကောင်းမွန်ပြီး ဟင်းပွဲ၊ အချို ပွဲ၊ ဖျော်ရည်များထဲတွင် ထည့်သွင်းသုံးစွဲပါက အရောင်ကော အရသာပါ ကောင်းမွန်လှပတာကြောင့် ကမ္ဘာတစ်ဝန်းမှာ စားဖိုမှူးများရဲ့ အမြဲလက်စွဲသော ဥဖြစ်ပါတယ်။ အလှကုန်ပစ္စည်းတွေမှာလည်း Beetroot ကို အသုံးပြု လာကြတာများပါတယ်။ Beetroot ကို ဒီအတိုင်းစားသုံးရုံနှင့် ကျန်းမာရေးအတွက် ဘက်စုံအထောက် အကူဖြစ်တာကြောင့် ဒီလမှာ လေ့လာလို့ရအောင် Healthy food and Health benefit မှာ Health Benefits of Beetroot article နဲ့အတူ Beetroot Salad လုပ်နည်းလေးပါ ပူးတွဲဖော်ပြလိုက်ပါတယ်။

       Beetroot ရဲ့ရာဇဝင်ကို လေ့လာကြည့်ရှုမယ်ဆိုရင်တော့ တောင်အမေရိကား၊ အာရှနှင့် အနောက်တိုင်းနိုင်ငံတချို့ရဲ့ ကမ်းစပ်လေးတွေမှာ ပေါက်လေ့ရှိပါတယ်။ ရှေးခတ်အခါကတော့ Beetroot ရဲ့ အရွက်စိမ်း များသာ စားသုံးလို့ရတယ်ထင်ပြီး စားသုံးကြပါတယ်။ ရိုမန်းခေတ် ရောက်တော့မှ အသီးကို စားရမှန်း သိလာကြသလို ဟင်းပွဲတွေထဲမှာ ထည့်ချက်လာကြပါတယ်။ Rome မှနေ Beetroot ကို နေရာအနှံ့ ပျန့်နှံ့စေခဲ့ပါတယ်။ ၁၆ ရာစုနှစ်မှာတော့ Europe တစ်ခွင်မှာ Beetroot ကို လူသိများလာစေခဲ့ပြီး လူစားများလာကြပါတယ်။ ဒါပေမဲ့ အခုခတ်မှာတော့ Beetroot ကို အများဆုံးစိုက်ပျိုး စားသုံးသော နိုင်ငံတွေကတော့ United States, Russia, France, Poland နှင့် Germany နိုင်ငံတွေပဲဖြစ်ပါတယ်။

     Beetroot ရဲ့ အစွမ်းအာနိသင်ကို ၁၉ ရာစုနှစ်မှာ Poland နိုင်ငံက သေချာရှာတွေ့သွားခဲ့ပါတယ်။ Beetroot မှ သကြားထုတ်လုပ်ခဲ့ပါသည်။ ပထမဦးဆုံး သကြားစက်ရုံကိုလည်း Poland နိုင်ငံမှာပဲ စတင်တည်ထောင်ခဲ့ပါတယ်။ ကြံမှ သကြားထုတ်လုပ်ခြင်းကို British က ပိတ်ပင်လိုက်သောအခါ Beetroot က နာမည်ကောင်းရခဲ့ပါတယ်။ Beetroot မှာ ခရမ်းရင့်အရောင်တစ်မျိုးတည်းရှိခြင်းမဟုတ်ဘဲ တခြားအဖြူရောင်၊ ရွှေရောင်၊ အဝါရောင်နှင့် သက်တန့်ရောင်မျိုးများလည်းရှိပါတယ်။ ဒါပေမဲ့ လူသိများပြီး အမြဲလိုပေါများကာ အလွယ်တကူရရှိနိုင်တာကတော့ ခရမ်းရင့်ရောင် Beetroot ပဲဖြစ်ပါတယ်။ Beetroot ကိုလှီးလိုက်ရင် သူရဲ့အရောင်က သွေးပုတ်ရောင်လို အရည်ရွှန်းပြီး ထွက်လာသောအရည်များက စွန်းထင်တတ်တာကြောင့် သူ့ကိုကိုင်တွယ်ရင် နူးနူးညံ့ညံ့ကိုင်တွယ်ရပါတယ်။ ကျောက်ခဲလို မာပေမယ့်လည်း ပွန်းပဲ့ထိခိုက်လွယ်သော ဥဖြစ်တာကြောင့် ခတ်ဖွဖွလေး ကိုင်တွယ်အသုံးပြုရပါတယ်။ Beetroot မှာ သကြားဓာတ်ပါဝင်မှု များပြားပါတယ်။ ဒါကြောင့် သကြားဖြူပြုလုပ်ရာတွင် အများဆုံးအသုံးပြုပါတယ်။

     Beetroot ကို လတ်ဆတ်စွာစားသုံးမယ်ဆိုလျှင် ကြွပ်ရွသောအသားရှိပါတယ်။ Beetroot ကို ချက်ပြုတ် မယ်ဆိုလျှင်လည်း နူးညံ့ပြီး ထောပတ်ကဲ့သို့ ဆိမ့်သော အရသာကို ရရှိစေပါတယ်။ Beetroot အရွက်ကတော့ အခါးဓာတ်ပါဝင်ပြီး သူလည်း ဆေးဖက်ဝင်ပါတယ်။ Beetroot ကို European နိုင်ငံတွေက ဟင်းရည်သောက်၊ အပေါင်း၊ အကင်၊ အချဉ်ထည့်နှင့် အစိမ်းစားကြတာများပါတယ်။

      Beetroot မှာ အာဟာရဓာတ် အပြည့်အဝပါရှိပြီး ဗီတာမင်နှင့် ရေဓာတ်လည်း ပါဝင်တာကြောင့် ဒီဓာတ်အားလိုနေသောသူများ စားပေးသင့်ပါတယ်။ Beetroot ကို တစ်နှစ်ပတ်လုံးရရှိနိုင်ပေမယ့် သူ့ရဲ့ရာသီချိန် ဇွန်လမှ အောက်တိုဘာလအတွင်းရရှိသော Beetroot က နူးညံ့ပြီး လတ်ဆတ်စေပါတယ်။ Beetroot ရဲ့ ကောင်းကျိုးလေးတွေကို လေ့လာကြည့်မယ်ဆိုလျှင် Beetroot မှာပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြောငယ်တွေ သွေးယိုစိမ့်မှုမဖြစ်အောင် ကာကွယ်နိုင်တဲ့အတွက် Retinopathy (မျက်စိမမြင်ရတဲ့ အကြောင်းရင်းတစ်ခု) မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ Beetroot ကိုသုံးပါ သွေးကြည်ရောင်လို ရဲရဲနီတဲ့ သကြားမုန်လာဥတွေက အရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပြီးတော့၊ နှုတ်ခမ်းသားမည်းခြင်းကို တဖြည်းဖြည်း လျော့ပါးသွားစေ ပါတယ်။ Beetroot ကို ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။ ကောင်းကျိုးသာရစေတဲ့ အစွမ်းထက်သော Beetroot ဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျော့ချနေသူများအနေနှင့် အရွက်သုပ်တွေထဲမှာ ထည့်သွင်းစားသင့်ပါတယ်။

      ကာလာအရောင်တောက်ပသော Beetroot က နှလုံးရောဂါ၊ တချို့ကင်ဆာရောဂေါ၊ အူမကြီးကင်ဆာ များကိုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ မျက်စိအာရုံကို ပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊ မျက်စိညောင်းခြင်းတို့ကိုလည်း သက်သာစေပါတယ်။ ခန္ဓာကိုယ်ဖော ရောင်ရမ်းခြင်းများလည်း သက်သာပျောက်ကင်းစေပါတယ်။ အသားအရေကိုလှပစေပြီး ရွှန်းလဲ့တောက်ပကာ ပိုမိုနုပျိုစေပါတယ်။ ဒါကြောင့် Beetroot ကို အခုနောက်ပိုင်း အလှကုန်ပစ္စည်း၊ ဆပ်ပြာတွေထဲမှာ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ Beetroot ကို ပေါင်းစားလျှင် ပိုကောင်းပါတယ်။ အာနိသင်များ အရမ်းမပျောက်စေပါဘူး။ အစိမ်းစားနိုင်လျှင် ပိုထိရောက်ပါတယ်။ အမျှင်ဓာတ်ပါဝင်သောကြောင့် အမျှင်ဓာတ်နည်းပါးသူများ များများသုံးဆောင်သင့်ပါတယ်။ Beetroot ကို ဝယ်ယူမယ်ဆိုလျှင် အလုံးသေး (သို့) အနေတော်အရွယ် အခွံပြောင်ချောပြီး တင်းတင်းမာမာနှင့် အရောင်ရင့်သောဥကို ရွေးချယ်သင့်ပါတယ်။ Beetroot ကို ရေခဲသေတ္တာထဲတွင် သေချာအလုံပိတ်သိမ်းမယ်ဆို လျှင် ၃ ပတ်လောက်တော့ခံပါတယ်။ ကြာရှည် ရေခဲထားချင်ရင်တော့ Beetroot ကို ပေါင်းပြီး၊ ပြုတ်ပြီးမှ ခဲထားပါ။ ကြာရှည်ခံပါတယ်။ အခုဆိုရင် မြန်မာပြည်မှာလည်း Beetroot ကို City Mart, Market Place တွေမှာ ဝယ်ယူလို့ရတာကြောင့် ဝယ်ယူစားသုံးသင့်ပါတယ်။ သင့်လက်တစ်ကမ်းမှာရှိသော Beetroot ရဲ့ ကောင်းကျိုးလေးတွေကို လေ့လာပြီးနောက် ပုံမှန်စားသုံးဖြစ်အောင် စားကြည့်ပါ။ ထူးခြားလာပါလိမ့်မယ်။ Beetroot ရဲ့ အရောင်လေးက မြင်တွေ့ရုံနဲ့ စားချင်စဖွယ် ဆွဲဆောင်မှုများပေးသော သကြားမုန်လာဥရဲ့ ကောင်းကျိုးလေးများကို ဒီလောက်နဲ့ပဲ ရပ်နားပါရစေ။ နောက်လတွေမှာ ဘယ်လိုကျန်းမာညီညွတ်သော အသီးအနှံ့များကို ဖော်ပြသွားမယ်ဆိုတာလေးကို စောင့်မျှော်ဖတ်ရှုကြပါဦးနော် . . . ။

Halthy Eating and Happy life . . .

မှတ်ချက် –    မစည်သင်ယူထားသည် Health Benefit of Vegetable နှင့် www.the-health-benefits-of-beetroot.com ကို အတူပူးတွဲ ဖော်ပြလိုက်ပါတယ်။ သကြားမုန်လာဥကို စားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း ရောဂါပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

 Syi Lwin (foodsgarden)

►   Beetroot အသုပ် (Beetroot Salad)

ကျန်းမာရေးအတွက် အင်မတန်အထောက်အကူပြုသော Beetroot ကို လူသိနည်းကျသလို စားသုံးနည်းလည်း မသိကြတာများပါတယ်။ လွယ်ကူသော အသုပ်နည်းလေး မျှဝေပေးထားပါတယ်။

►   ပါဝင်ပစ္စည်းများ

♦    Beetroot    –    ၁ လုံး

      (အခွံခွာပြီး အလုံးလိုက်ပြုတ်ထားပါ)

♦    ကြက်သွန်နီသေး    –    ၁ လုံး (အကွင်းလေးတွေလှီးထားပါ)

♦    ချယ်ရီးခရမ်းချဉ်သီး    –     ၁ဝ လုံး

♦    ငရုတ်သီး –         ၂ တောင့်

      (အစေ့ထုတ်ပြီး သေးသေးလေးတွေလှီးထားပါ)

♦    Belgian Endive     –     ၂ ထုပ်

      (အရွက်လေးတွေ တစ်ဖတ်ချင်း ဖယ်ထားပါ)

♦    ပင်စိမ်းအချို – ၂ ပင် (အရွက်တွေခြွေထားပါ)

►   ဆော့စ်လုပ်ရန် ပါဝင်ပစ္စည်း

♦    စပျစ်ဆီ   –    စားပွဲဇွန်း ၃ ဇွန်း

♦    ပျားရည်    –     စားပွဲဇွန်း ၃ ဇွန်း

♦    သံပရာရည်    –    စားပွဲဇွန်း ၂ ဇွန်း

♦    Dijion Mustard    –    လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။  ပြုတ်ထားသော Beetroot ခြစ်ဖြင့် အချောင်းလေးတွေခြစ်ထားပါ။

၂။  အဖုံးလုံပုလင်းထဲ ဆော့စ်လုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး နာနာခလောက်ပါ။

၃။  သုံးဆောင်ရန် ပန်းကန်ထဲ အရွက်များ တစ်ရွက်ခြင်းတင်ပါ။ အရွက်ပေါ် မှ Beetroot ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းနှင့် ပင်စိမ်းတင်ပြီး ဆော့စ်ကို အပေါ်မှနေဖျန်းပြီး ချက်ချက်သုံးဆောင်ပါ။ ဆော့စ်ဖျန်းခါနီး အရင်ခလောက်ပါ။

www.facebook.com/Syi Foodsgarden


Facebook Comments