
ဟင်းချက်နည်းစာအုပ်များ ရေးသားထုတ်ဝေထားသူ၊ ရုပ်မြင်သံကြားလိုင်းများမှာ အချက်အပြုတ် အစီအစဉ်များ တင်ဆက်ပေးနေသူ၊ စားသောက်ဆိုင်များပိုင်ရှင် စားဖိုမှူးဖြစ်သူ Chef Avi Bitton ဟာ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးကကျင်းပတဲ့ အစ္စရေးနိုင်ငံရဲ့ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ရန်ကုန်မြို့ သံတမန်အသိုင်းအဝိုင်းမှ ဧည့်သည်တော်များအတွက် တည်ခင်းပေးတဲ့ ညစာစားပွဲမှာ သူရဲ့လက်ရာအစ္စရေးရိုးရာအစားအစာများနဲ့ တည်ခင်းပေးဖို့အတွက် မြန်မာနိုင်ငံကိုရောက်လာခဲ့ပါတယ်။ Sedona Hotel မှာကျင်းပတဲ့ ညစာစားပွဲမှာ သူ့လက်ရာအစားအစာများနဲ့ တည်ခင်းပေးခဲ့ပြီး အဲဒီမတိုင်ခင်တစ်ရက် နံနက်ပိုင်းကလည်း Sedona Hotel Orzo Italian စားသောက်ဆိုင်မှာ ဟင်းချက်သရုပ်ပြသခဲ့ပါတယ်။
Chef Avi ဟာ သူရဲ့ မြန်မာပြည်ခရီးစဉ်မှာ လူမှုကူညီရေးလုပ်ငန်းစဉ်အဖြစ်လည်း ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာရှိတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကြီးမှူးဖွင့်လှစ်ထားတဲ့ HCTA (Hospitality And Catering Training Academy) သို့သွားရောက်ပြီး သင်တန်းလာတက်ရောက်နေကြတဲ့ ကျောင်းသားကျောင်းသူများကို အားပေးတွေ့ဆုံခဲ့ပြီး တစ်နေ့တာ သင်တန်းပြသပေးခဲ့တယ်လို့ သိရပါတယ်။