
Rooted in Nature ဟုအမည်ပေးထားတဲ့ သဘာဝအတိုင်း သန့်ရှင်းလတ်ဆတ်တဲ့ အသား၊ ငါးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ပြုတ်ထားတဲ့ မြန်မာ့ရိုးရာစစ်စစ် ဟင်းလျာတွေကို မြည်းစမ်းဖို့အတွက် Rooted in Nature Media Lauch ပွဲသို့ ဝတ်ရည်ရောက်ရှိခဲ့ပါတယ်။ ထိုပွဲကို Sule Shangri-La Hotel, Café မှာ မေလ ၁၃ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။ မီဒီယာဘက်မှ ဧည့်သည်တော်များ တက်ရောက်ခဲ့ပါတယ်။
အရသာမြိန်ရှက်ပြီး ထမင်းမြိန်စေမယ့် မြန်မာဟင်းလျာများကို သဘာဝတရားကို အခြေခံပြီး မြန်မာ့ရိုးရာမပျက် ချက်ပြုတ်ထားတာကို တွေ့ရှိရပါတယ်။ ထို့ပြင် ဒီအရသာရှိတဲ့ ဟင်းလျာတွေကို ရှမ်းပြည်နယ်မှ Organic စိုက်ခင်းများမှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနဲ့ ဒီချက်ပြုတ်ပေးထားလည်း ဖြစ်ပါတယ်။ ဒီဟင်းလျာတွေကို Executive Chef Roshan Fernando နှင့် Chef Oliver @ Aung Kyaw တို့မှ ဖန် တီးချက်ပြုတ်ပေးထားတာဖြစ်ပါတယ်။ မြန်မာ့ရိုးရာဟင်းလျာတွေကိုပဲ ပိုမိုဆန်းသစ်ပြီး တမူထူးခြားအောင် ဘယ်လိုဆန်းသစ်ထားသလဲဆိုတာကို မီဒီယာမိတ်ဆက်ပွဲမှာ မြည်းစမ်းခွင့်ရခဲ့ပါတယ်။
အရင်ဆုံး အဆာပြေအဖြစ်နဲ့ ပုစွန်၊ ခရမ်းသီးသုပ်ကို မြည်းစမ်းခွင့်ရပါတယ်။ ခရမ်းသီးကို အရင်ကင်ထားပြီးမှ သုပ်ထားတဲ့အသုပ်ကို ပြုတ်ထားတဲ့ကြက်ဥခင်းပြီး အလှဆင်ထားပါတယ်။ အပေါ်မှ ကြွပ်ရွအောင်ကြော်ထားတဲ့ အာလူးကြော်တင်ထားပါတယ်။ ပြီးရင် ပုစွန်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကို ငရုတ်သီးဆီသတ်နဲ့ မြန်မာစတိုင်လ် ချိုချဉ်လေးသုပ်ပေးထားတာပါ။ ခရမ်းသီးသုပ် ချိုဆိမ့်ပြီးကြွပ်ရွတဲ့ အာလူး ကြော်၊ ပုစွန်သုပ်နဲ့ အလိုက်မှ လိုက်ဖက်ပြီး တကယ်ကို ခံတွင်းတွေ့စေမယ့် အစာပြေဟင်းလျာတစ်ခုပါ။
အဓိက ဟင်းလျာအဖြစ် ကြက်သားနဲ့ ဘူးသီးဟင်းလျာကို ထူးထူးခြားခြား ဖန်တီးတင်ဆက်ပေးထားပါတယ်။ အရင်ဆုံး ကြက်ရင်ပုံကို အတုံးသေးများတုံးကာ ချက်ပြီးမှ ဘူးသီးထဲကို အစာသွတ်ပေးထားတာ ဖြစ်ပါတယ်။ ပြီးရင် ထမင်း၊ ဘလချောင်းကြော်၊ ငါးမုန့်ကြော်၊ ဟင်းရွက်သုပ်ဆလတ်နဲ့ တွဲဖက်သုံးဆောင်ရမှာပါ။ ဟင်းရွက်သုပ်က တော့ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်သွန်နီတို့နဲ့ ချိုချဉ်သုပ်ထားတာ ဖြစ်ပါတယ်။ ဒီဟင်းလျာမှာ ထူးထူးခြားခြား မြန်မာတွေချက်နေကျ စတိုင်လ်ကြက်သားနဲ့ ဘူးသီးကို အမြင်ဆန်းသွားပြီး အရသာမပျက် ဘူးသီးထဲ ကြက်သားကို အစာသွတ်ထားတဲ့ ဟင်းရယ်၊ ထမင်းရယ်၊ ဘာလချောင်ကြော်လေးရယ်နဲ့ တကယ်ကို ထမင်းမြိန်စေတဲ့ ဟင်းလျာတစ်ပွဲပါ။
ထို့ပြင် Set Menu အပြင် Café Sule မှာ ဘူဖေး အဖြစ် ခင်းကျင်းထားတဲ့ မြန်မာဟင်းလျာများကို ထပ်မံမြည်းစမ်းခဲ့ပါတယ်။ ဘူဖေးတန်းမှာဆိုရင် အရသာရှိတဲ့ မြန်မာဟင်းလျာများကို မိမိစိတ်ကြိုက် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ အသုပ်အနေနဲ့ အသုပ်စုံ၊ ကြက်သားသုပ်၊ ကျောက်ပွင့်သုပ်၊ မြင်းခွာရွက်သုပ်၊ သီးရွက်စုံသုပ်တို့ကို ခင်းကျင်းထားတာမို့ မိမိကြိုက်နှစ်သက်ရာအသုပ်ကို စိတ်ကြိုက်ရွေးချယ် သုံးဆောင်လို့ရပါတယ်။ ထို့ပြင် အရသာရှိသော အဓိကဟင်းလျာများအဖြစ် ကြက်ကချင်ချက်၊ ရှမ်းငါးပေါင်းထုပ်၊ ပုစွန်ထုပ်ဟင်းလျာ၊ ဝက်သားတုတ်ထိုး၊ အရွက်စုံကြော်တို့ကို ခင်းကျင်းထားပါတယ်။ အဲဒီမှာ ခံတွင်းတွေ့ခဲ့တာတော့ ဖက်ရွက်နဲ့ထုပ်ပြီးကင်ထားတဲ့ ရှမ်းငါးပေါင်းထုပ်ပါ။ ဒါ့အပြင် ဟင်းချိုအဖြစ်နဲ့ ခဝဲသီး၊ ပဲကြာဆံဟင်းချိုကို မြည်းစမ်းခွင့်ရခဲ့ပါတယ်။
ဘူဖေးတန်းမှာ မြန်မာဟင်းလျာများအပြင် နိုင်ငံတကာဟင်းလျာတွေကိုလည်း ခင်းကျင်းထားပါသေးတယ်။ ဂျပန် ဆာရှီမီ၊ ဆူရှီ၊ ခုံးကင်၊ ကဏန်းကင်၊ ဆယ်လ်မွန်ငါးကင်အပြင် အရသာထူးခြားတဲ့ အနောက်တိုင်းဟင်းလျာများ၊ အိန္ဒိယဟင်းလျာများကို မိမိစိတ်ကြိုက် ရွေးချယ်သုံးဆောင်နိုင်ဖို့အတွက် ခင်းကျင်းပေးထား တွေ့ရပါတယ်။
အချိုပွဲတန်းကိုသွားမယ်ဆိုရင် တကယ်ကို မြန်မာမုန့်ဈေးတန်းထဲသို့ ရောက်သွားသည့်အလား မြန်မာမုန့်မျိုးစုံကို မြင်တွေ့ရမှာပါ။ ကောက်လှိုင်းသီမုန့်၊ ဘိန်းမုန့်၊ ဆနွင်းမကင်း၊ ငှက်ပျောသီးမုန့်၊ မုန့်လက်ဆောင်း၊ သာကူပျဉ်၊ ရွှေရင်အေးတို့ကို အမျိုးအစားစုံလင်စွာ ခင်းကျင်းပေးထားပါတယ်။ ထူးထူးခြားခြား ရွှေရင်အေးကို ကျောက်ကျောအသွင် အတုံးလေးများဖြစ်အောင် ပြုလုပ်ပေးထားပြီး အရသာအလွန်ထူးခြားကောင်း မွန်ပါတယ်။
Rooted in Nature လို့ အမည်တွင်တဲ့ သဘာဝကိုအခြေခံပြီး ပြည်တွင်းဖြစ် သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းချက်ပစ္စည်းများနဲ့ ချက်ပြုတ်ထားသော မြန်မာဟင်းလျာများအပြင် နိုင်ငံတကာဟင်းလျာများကို အင်္ဂါနေ့တိုင်း ညနေပိုင်း ‘Café Sule’ တွင် ဘူဖေးအဖြစ် တစ်ဦးလျှင် ၃၂ ဒေါ်လာအဖြစ် Sule Shangri-La ဟိုတယ်ကြီးမှာ အရသာရှိစွာ သုံးဆောင်နိုင်ပြီဖြစ်ကြောင်း Food Magazine ပရိသတ်ကြီးကို သတင်းကောင်းပေးလိုက်ပါတယ်။
————————————————————-
စာရေးသူ – ချိုဝတ်ရည် (Wutyee Food House)
————————————————————