
by ဆုမြတ်ဦး for Food Magazine
၂၀၁၉ ခုနှစ် ပြည်ထောင်စုနေ့မှာ ကျင်းပခဲ့တဲ့ Yangon Saturday Market ရဲ့ အော်ဂဲနစ်ဟင်းသီးဟင်းရွက်များနှင့်ထုတ်ကုန်များ သယ်ဆောင်လာတဲ့ ရန်ကုန်မြစ်ပြင် သင်္ဘောခရီးစဉ်မှာ Food Magazine Myanmar က တက်ရောက်ခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ ဒုံဂမိမုန့်ဟင်းခါး၊ Pokky လက်သုပ်စုံ၊ လက်ဖက်ရည်၊ တင့်တင့် မြန်မာ့ရိုးရာမုန့်မျိုးစုံ၊ မိုးသက် bakery ဝတီစိုးရခိုင်မုန့်တီသုပ်၊ မုန့်ခေါပြင်၊ ကော်ဖီ စတဲ့စားသောက်စရာဆိုင်တွေနဲ့အတူ St. Mary Organic Farm မှ ဟင်းသီးဟင်းရွက်များ၊ ကောင်းပြည့်စုံမှ ရခိုင်/ရှမ်းဒေသထွက် ဟင်းသီးဟင်းရွက်နှင့် ထုတ်ကုန်များ၊ H2) Organic Farm မှ ဟင်းသီးဟင်းရွက်များ၊ Ah Tee Family Organic Farm မှ သီးနှံနှင့် Non GMO ကြက်ဥများ၊ Sandy အောင်မဲညိုပန်းပွင့်ခြောက်၊ နွဲ့အိမ်သူ ဒန့်သလွန်မှုန့်၊ အမည်းရောင်ကြက်သွန်ဖြူနှင့် အခြားထုတ်ကုန်များ၊ Oh My Hair ဆံပင်ပေါက်ဆေး၊ Dr. Shi Zen ပန်းရောင်ဆား၊ LIKE ဆားငန်သီးဖျော်ရည်၊ GLORY သဘာဝဆီး (ဇီး)ဖျော်ရည်၊ မန်ကျည်းဖျော်ရည်တို့ကိုရောင်းချပေးခဲ့ပါတယ်။
Food and Science Techonology Association Myanmar-FoSTAM မှ ဒေါက်တာကျော်ငြိမ်းအေးက အော်ဂဲနစ်အကြောင်း သိကောင်းစရာများကို တင်ပြ ဆွေးနွေးသွားခဲ့ပါတယ်။
ပွဲစီစဉ်သူ မသီတာထွန်းက ဒီပွဲလုပ်ဖြစ်ခဲ့ပုံလေးနဲ့ Yangon Saturday Market အကြောင်းကို “အစ်မကတော့ Yangon Saturday Market မှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ယူပေးနေပါတယ်။ Safe Food From ဆိုတာကတော့ ဓာတုလွတ် ဟင်းသီးဟင်းရွက်များ၊ ထုတ်ကုန်များကို ရောင်းချပေးနေတာဖြစ်ပါတယ်။ ဒီ Yangon Saturday Market လေးကို အပတ်စဉ် စနေ နေ့တိုင်း ပြည်လမ်း မာလာဆောင်ရှေ့ မာလာမှတ်တိုင်နားက ယုဒသန်ရိပ်သာမှာ မနက် ၇ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ တစ်ပတ်မှမပျက်ကွက်ဘဲ ရောင်းချပေးနေတာ ၈ နှစ်လောက်ရှိသွားပါပြီ။ ဒီယုဒသန်ရိပ်သာလေးကို ပြောင်းလဲဖွင့်လှစ်နေတာကတော့ ၈ လလောက်ပဲ ရှိပါသေးတယ်။ Saturday Market ဆိုပြီး ဖြစ်သွားတာလေးကတော့ တနင်္ဂနွေဆိုရင်လည်း တချို့က မအားကြဘူး။ တချို့ကျတော့ ဘုရားကျောင်း တက်တာတွေလည်း ရှိနေတယ်ဆိုတော့ စနေနေ့လေးကို ရွေးချယ်ဖြစ်သွားတာပါ။ အစ်မကိုယ်တိုင်က Glory ဆိုတဲ့ အော်ဂဲနစ်ဆိုးဆေးတွေ၊ ဆေးသကြားတွေမပါတဲ့ ဆီး(ဇီး)ဖျော်ရည်၊ မန်ကျည်းဖျော်ရည်တွေကို တာရှည်ခံဆေးလုံးဝမသုံးဘဲ ထုတ်လုပ်ထားပါတယ်။
အစ်မ ဒီအဖွဲ့လေးကို ဖွဲ့စည်းဖြစ်ရတဲ့ ရည်ရွယ်ချက်ကတော့ တစ်ကမ္ဘာလုံးနဲ့ တိုင်းမယ်ဆိုရင် မြန်မာနိုင်ငံက အစားအသောက်ဘေးကင်းလုံခြုံမှုစာရင်းမှာ အဆင့် (၈၀)မှာ ရှိနေပြီး ကင်ဆာဆိုရင် ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ အာဆီယံနဲ့ တိုင်းတာ မယ်ဆိုရင် သက်တမ်းအနိမ့်ဆုံး တိုင်းပြည်ထဲမှာ ရောက်ရှိနေပါတယ်။ အစားအစာတွေကို စားတဲ့အခါမှာ အစားအစာတွေမှာပါလာတဲ့ မလိုလားအပ်တဲ့ ဓာတုဆေးတွေ၊ အရောင်တွေ၊ အနံ့တွေ၊ တာရှည်ခံဆေးတွေ စတဲ့ အမျိုးမျိုးပြဿနာတွေကြောင့် အစားအသောက်တွေက အန္တရာယ်တွေ များလာပါတယ်။ ဒီလိုအန္တရာယ်ရှိတဲ့အရာတွေ တဖြည်းဖြည်း စုစည်းလာရာကနေ ဒီလိုကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာပါတယ်။ နောက်တစ်ခုက ကမ္ဘာမှာဆိုရင်လည်း အော်ဂဲနစ်အစားအစာတွေကို စားသုံးဖို့၊ အစားအစာတွေကျွေးဖို့ ဥပဒေတွေတောင် ပြဋ္ဌာန်းထားတဲ့အဆင့်အထိတောင် ရောက်နေပါပြီ။ တချို့နိုင်ငံတွေဆိုရင် မွေးစကနေ ၂ နှစ်အတွင်း အော်ဂဲနစ်ပဲ ကျွေးရမယ်ဆိုတဲ့ ဥပဒေတွေတောင် ရေးဆွဲထားကြပါပြီ။ ဘာကြောင့်လဲဆိုတော့ မွေးစကနေ ၂ နှစ်အတွင်းက ဦးနှောက်ဖွံ့ ဖြိုးဆုံးအချိန်ဖြစ်တာကြောင့် ဒီလိုဖွံ့ဖြိုးနေတဲ့အချိန်မှာ တခြားဘယ်အဆိပ်အတောက်မှ အဝင်မခံနိုင်ဘူးဆိုတဲ့ ကိုယ့်ရဲ့ မျိုးဆက်တွေကို တန်ဖိုးထားမှုတွေက အမျိုးသားရေး တာဝန်တွေ ဖြစ်လာပါတယ်။ အခုသက်တမ်းအနိမ့်ဆုံး လူမျိုးတွေ ဖြစ်နေတယ်။ နောက်ဖြစ်လာမယ့် ကိုယ့်ရဲ့ မျိုးဆက်သစ်တွေရဲ့ သက်တမ်းက ပိုပြီးနိမ့်သွားဖို့ပဲရှိတယ်။ အစားအသောက်တွေကလည်း ဒီထက်ပိုအန္တရာယ်များလာရုံပဲ ရှိတယ်။ ဒါ့ကြောင့် အစ်မတို့က ကိုယ်တတ်နိုင်တဲ့ နေရာလေးကနေ ပရဟိတလူမှုအကျိုးပြုလုပ်ပြီးသား ဖြစ်သွားအောင်ဆိုပြီး အော်ဂဲနစ်စိုက်ပျိုးတဲ့သူတွေ၊ ထုတ်လုပ်တဲ့သူတွေကို စုစည်းပြီး ဒီဈေးကွက်လေးကို လုပ်ဖြစ်သွားတာပါ။ လူတွေကလည်း စားချင်တယ်။ ဘယ်မှာဝယ်ရမှန်း မသိဘူးပေါ့။ စိုက်တဲ့သူတွေကလည်း ရောင်းချင်တယ်။ ဈေးကွက်က ဘယ်မှာမှန်း မသိဘူးပေါ့။ အဲဒါကြောင့် အဓိက အော်ဂဲနစ်ဈေးကွက်လေး ထွက်လာအောင် ရည်ရွယ်ပြီးတော့ ဒါလေးကို လုပ်ပေးနေတာဖြစ်ပါတယ်။
ဒီသင်္ဘောအစီအစဉ်လေးကိုတော့ နယ်ပယ်အစုံက သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေကို ဖိတ်လိုက်ပြီး အော်ဂဲနစ်အစားအစာတွေကို ဘာ့ကြောင့် စားသင့်တာဆိုတာကို ဒီလိုပွဲလေးတွေ လုပ်ပေးလိုက်တဲ့အတွက် လူတွေ တော် တော်များများက သိလာပြီး စားသုံးလာလေလေ၊ သူတို့အကျိုးရှိလေလေ ဖြစ်လာမှာပါ။ အစ်မတို့ ဈေးကွက်ကြီးထွားလာလေလေ၊ လူထုကျန်းမာလေလေ ဖြစ်လာပြီး နှစ်ဖက်စလုံးက Win-Win ဆိုတဲ့ အခြေအနေလေးကို သွားချင်တာကြောင့် ဒီသင်္ဘော အစီအစဉ်လေးကို စီစဉ်ဖြစ်သွားတာပါ။ လက်ရှိမှာတော့ ဈေးရောင်းတဲ့ ဈေးသည် ၂၀ လောက် ရှိပါတယ်။ အဲဒီထဲမှာတော့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ၊ ရခိုင်ဒေသထွက် ထုတ်ကုန်တွေ၊ အော်ဂဲနစ်စိုက်ခင်းတွေ၊ ကုန်ပစ္စည်းထုတ်လုပ်တဲ့သူတွေ၊ အလှကုန်ပစ္စည်းတွေနဲ့ အားလုံးကို ပေါင်းလိုက်မယ်ဆိုရင်တော့ အမျိုးပေါင်း ၁၀ဝ ကျော်လောက်ကို ရောင်းချပေးနေတာဖြစ်ပါတယ်။ အစ်မတို့ရဲ့ ဈေးကွက်မှာ ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေကို အော်ဂဲနစ်ထက် စိတ်ချရတဲ့ စိုက်ခင်းကလာတဲ့ စိတ်ချရတဲ့ ထုတ်ကုန်တွေဆိုပြီး နာမည်ပေးထားပါတယ်။ အစ်မတို့ဆီက တောင်သူတွေက ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှည့်ဆေး၊ ချိုဆေးတွေ ဘာမှမလုပ်ဘူး။ မသုံးထားပါဘူး။ ဒါကြောင့် သဘာဝစိုက်ခင်းလို့ ပြောရင်လည်း ရတယ်။ ဓာတုကင်းလွတ်အစားအစာတွေလို့ ပြောရင်လည်း ရပါတယ်။ ဒီနေ့ပွဲလေးက ဒီလိုဈေးကွက်လေးရှိနေတယ်ဆိုတာကို လူတွေသိအောင် ကျင်းပပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလိုအစားအစာတွေကို စားသုံးချင်တယ်။ ဘယ်မှာဝယ်ရမှန်း မသိတဲ့သူတွေအတွက် ကတော့ ဒီလိုဈေးကွက်လေး ရှိတယ်ဆိုတာကို သိအောင် ပွဲတော်တော်များများမှာ Saturday Market ဆိုပြီး ဆိုင်ခန်း ၂ ခန်း၊ ၃ ခန်း ယူပြီး အဖွဲ့လိုက်တွေ ထွက်ပါတယ်။ Saturday Market ထုတ်ကုန်တွေကို စနေနေ့တစ်ရက်တည်းမဟုတ်ဘဲ ကျန်တဲ့ရက်တွေမှာလည်း ဝယ်ယူလို့ရအောင် Saturday Market ဆိုတဲ့နာမည်နဲ့ပဲ ဆိုင်လေး သီးသန့်ဖွဲ့ထားတယ်။ အဲ့ဒီမှာတော့ ဟင်းသီးဟင်းရွက်ကလွဲရင် တခြားထုတ်ကုန်တွေ ရတယ်” ဆိုပြီး ပြောခဲ့ပါတယ်။
အနုပညာရှင် ညီနန္ဒကလည်း စိုက်ပျိုးရေး၊ အစားအသောက်နဲ့ ပတ်သက်တဲ့အကြောင်းလေးကို ဓဒီပွဲလေးကို တက်ဖြစ်ရတာကတော့ ခေါင်းစဉ်ကြောင့်ပေါ့နော်။ အစ်ကိုကိုယ်တိုင်က စိုက်ပျိုးရေးသုံးပစ္စည်း ဖြစ်တဲ့ သဘာဝအားဖြည့်မြေဩဇာကို ဖြန့်ချိနေတာ၊ ရောင်းချနေတာ ဖြစ်ပါတယ်။ အစ်ကို မြို့ပေါ်မှာနေပြီး အနုပညာအလုပ်ပဲ လုပ်နေတဲ့ အချိန်တုန်းက ဒီဓာတုပိုးသတ်ဆေးတွေရဲ့ ဆိုးကျိုးတွေကို ဘာတစ်ခုမှ မသိခဲ့ဘူး။ မြန်မာနိုင်ငံကို ဓာတုပိုးသတ်ဆေးတွေ ရောက်ရှိနေတာ နှစ် ၆၀ လောက် ရှိသွားပြီ။ ဓာတုပိုးသတ်ဆေးတွေကို မသုံးတတ်တဲ့အတွက် အဆိပ်လိုဖြစ်နေတာပေါ့နော်။ ဒါကို ဓာတုအဆိပ်လို့ပဲ ပြောရတော့မှာပေါ့နော်။ ပြည်ထောင်စုနေ့မှာ အော်ဂဲနစ်ခေါင်းစဉ်လေးနဲ့ ပညာပေးဟောပြောပွဲလေးလည်းပါမယ့် ပွဲလေးတစ်ပွဲ ရှိတယ်ဆိုတာနဲ့ တက်ရောက်ဖြစ်တာပါ။ ဓာတုတွေကြောင့် ဆိုးကျိုးတွေကိုလည်း လူသားအားလုံးက အတူတူခံရတာပဲ။ ဓာတုကင်းလွတ် အစားအသောက်တွေရဲ့ ကောင်းကျိုးတွေကို ဘယ်သူတွေရရှိလဲဆိုရင်လည်း တောင်သူတွေရော၊ စားသုံးသူ တွေအတွက်ပါ နှစ်ဖက်စလုံး ကောင်းကျိုးတွေ ရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ တောင်သူတွေက အော်ဂဲနစ်စိုက်ခင်းဆိုရင် အထွက်နှုန်းနည်းတယ်။ မလှတာတွေဖြစ်တာကြောင့် မစိုက်ချင်ကြပေမယ့် အခုတိုးတက်လာတဲ့ခေတ်ဖြစ်တာကြောင့် သဘာဝအား ဖြည့်မြေဩဇာတွေက အထွက်တိုးမယ်။ အသီးအပွင့်လှမယ်။ လုံးဝဆိုးကျိုးတွေ မရှိဘူး။ တောင်သူတွေကိုတော့ ဓာတ်မြေဩဇာသုံးတာကို ချက်ချင်း ဖြတ်ပစ်ခိုင်းလို့တော့ မရဘူးလေ။ အရက်သမားတွေ အရက်ဖြတ်သလိုပဲ။ ဖြည်းဖြည်းချင်း ဖြတ်မှရမှာ။ မြန်မာ နိုင်ငံသားတွေ အသိပညာတွေ ပိုတိုးတက်လာဖို့ အနုပညာသမားတွေက ဘယ်လောက် ပံ့ပိုးပေးဖို့လိုလဲဆိုတာကတော့ အစ်ကိုကိုယ်တိုင်က ဦးဆောင်လုပ်နေတယ်။ တကယ်လို့ အနုပညာရှင်တစ်ယောက်ယောက် ပါလာရင်တော့ လက်တွဲခေါ်မယ်။ အတူတူချီတက်ကြမယ်။ ပိုအားရှိတာပေါ့။ အခုတောင်သူတွေကို လိုက်ရှင်းပြရင်တောင် တခြားသူတွေ ပြောပြတာထက် အနုပညာရှင်တွေပြောပြတာကို ပိုနားဝင်ကြတယ်။ ပိုစိတ်ချကြတယ်။ ဝမ်းသာကြတယ်။ မြန်မာ့အစားအသောက်တွေ နိုင်ငံတကာကို ထိုးဖောက်ဖို့အတွက် အနုပညာရှင်တွေဘက်က ပိုမိုလုပ်ဆောင်ဖို့ လိုတယ်ဆိုတာက မှန်ပါတယ်။ အခု အနုပညာလောကအတွက်ကတော့ သူတို့ တိုးတက်ရေးအတွက် မနည်းကြိုးစား လုပ်ကိုင်နေရတာလေးတွေလည်း ရှိနေသေးတာလည်း ပါပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒေါက်တာ ကျော်ငြိမ်းအေး (အချိန်ပိုင်းပါမောက္ခ (ရန်ကုန်နည်းပညာတက္ကသိုလ်)၊ အစာအာဟာရဆိုင်ရာ သိပ္ပံပညာရပ်) က ဓာတုကင်းလွတ် စိုက်ပျိုးရေးအကြောင်းနှင့် အော်ဂဲနစ် စိုက်ပျိုးရေးအကြောင်းကို “လူတိုင်းက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို စားသုံးမှ ကျန်းမာရေးနဲ့ ညီညွှတ်မှာ ဖြစ်ပါတယ်။ အစားအသောက်တစ်ခုက လူတစ်ယောက်ကို အသက်ရှင်နေနိုင်စေရုံမကဘူး၊ စိတ်ပျော်ရွှင်မှုတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ လူ့ရဲ့ ဘဝတစ်သက်တာမှာ စားသုံးနေတဲ့ အစားအသောက်တွေပေါ် မူတည်ပြီး ကြီးပြင်းရတယ်။ လှုပ်ရှားသွားလာရတယ်။ ရှင်သန်ကြတယ်။ လူမှုရေးကိစ္စတွေကလည်း ဒီအစားအသောက်တွေနဲ့ ဆက်နွှယ်မှုတွေ ရှိနေတယ်။ ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအသောက်တွေကို လူသားတိုင်း စားသုံးရမယ်။ စားသောက်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အခြေခံလူ့အခွင့်အရေး တစ်ရပ်ထဲမှာ ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတဲ့အချိန်မှာ မြေဆီလွှာတွေ ကောင်းတယ်ဆိုရင် မျိုးစေ့တွေကနေ အပင်တွေဖြစ်ပေါ် ပြီး အသီးတွေ သီးတယ်။ ထုတ်လုပ်ရင်းနဲ့ နောက်ပိုင်းမှာ မြေဆီလွှာတွေ လျော့ပါးသွားတဲ့အချိန်မှာ အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အပြင်ကနေ ထည့်ပေးရတာ ရှိတယ်။ ဒီလိုထည့်ပေးရင်းနဲ့ များလာတဲ့အချိန်မှာ ဓာတုပစ္စည်းတွေမရှိဘဲ မရှင်သန်နိုင်တော့ အလွန်အကျွံ ထည့်သုံးရင်းကနေ မြေဆီလွှာတွေ ဆုံးရှုံးသွားရတာတွေ ရှိတယ်။ ဒါက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတာက တစ်ပိုင်းပေါ့။ တချို့အပင် တွေကျတော့ အင်းဆက်ပိုးတွေရဲ့ အန္တရာယ်ရှိတယ်။ ဒီပိုးတွေကို နှိမ်နင်းဖို့ ပိုးသတ်ဆေးတွေ သုံးရတယ်။ ဒီလိုဆေးတွေ သုံးမှလည်း အပင်က ရှင်သန်နိုင်မယ်။ အသီး သီးမယ်။ တချို့ သုံးထားတဲ့ ဆေးတွေက ပိုးတွေတင်မကဘူး။ လူတွေပါ သေစေမယ့် ပိုးသတ်ဆေးတွေ ရှိတယ်။ သူတို့ရဲ့ ဓာတ်ပြယ်မှုကို မစောင့်နိုင်ရင် ဆွတ်ခူးတဲ့အချိန်မှာ ပိုးသတ်ဆေးဓာတ်ကြွင်းတွေက လူတွေကို အန္တရာယ်ဖြစ်စေတယ်။ နောက်ပိုင်းမှာဆိုရင် ဓာတုပိုးသတ်ဆေးလွတ်တဲ့ ဇီဝမြေဩဇာတွေကို စိုက်ပျိုးရေးတွေမှာ အစားထိုးလာကြတယ်။ ဒါက ဓာတုကင်းလွတ် စိုက်ပျိုးနည်းပေါ့။ အော်ဂဲနစ်စိုက်ပျိုးနည်းမှာတော့ ဓာတုကင်းလွတ်ရုံတင်မကဘူး၊ သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းရမယ်။ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်းပေးရမယ်။ အော်ဂဲနစ်စိုက်ပျိုးတဲ့သူတွေက သူများတွေ အပေါ်မှာ ခေါင်းပုံဖြတ်တာမျိုး မဖြစ်ရဘူး။ ကလေးအလုပ်သမားတွေကို စေခိုင်းတာမျိုးတွေ၊ လုပ်ခတွေကို တန်ရာတန်ကြေးမပေးတာတွေကို ရှောင်ရှားရမယ်။ ဒါ့ကြောင့် အော်ဂဲနစ်စိုက်ပျိုးရေးကို လုပ်မယ့်သူတွေက ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တရားမျှတရေး၊ မြေဆီလွှာမပျက်စီးအောင် ထိန်းသိမ်းရခြင်း စတဲ့အချက်တွေ အများကြီးနဲ့ ကိုက်ညီနေရဲ့လားဆိုတာကို စစ်ဆေးတဲ့အဖွဲ့တစ်ခုက စစ်ဆေးပေးရတယ်။ အဲဒီလိုစစ်ဆေးပြီး ကိုက်ညီတယ်ဆိုတော့မှ အသိအမှတ်ပြု လက်မှတ်ရရှိတာ ဖြစ်ပါတယ်။ ဓာတုကင်းလွတ်ဆိုတာက လူတွေအတွက် ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းပါတယ်။ အော်ဂဲနစ်ကျတော့ ဒီလို လက်မှတ်ရပြီးသား အစားအစာတွေကို စားသုံးတယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်း ပြီးသား ရောက်တယ်။ လူအချင်းချင်းကူညီပြီးသား ရောက်တယ်။ အော်ဂဲနစ်ဆိုရင် ကုသိုလ်ရတဲ့ စိုက်ပျိုးရေးနည်းစနစ်လို့ ပြောလို့ရပါတယ်။ တချို့နိုင်ငံမှာတော့ အသက် (၅) နှစ်အောက်ကလေးဆိုရင် ဘေးအန္တရာယ်ကင်းရှင်းစေချင်တာကြောင့် အော်ဂဲနစ်အစားအစာကို စားရမယ်ဆိုတဲ့ ဥပဒေရှိပြီး တခြားအသက် အပိုင်းအခြားများကတော့ ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ပဲ ဆိုင်တာပါ” လို့ ပြောခဲ့ပါတယ်။
တင့်တင့်မြန်မာ့ရိုးရာမုန့်မျိုးစုံမှ မရွှေရည်ဖြိုးက ဒီပွဲလေးမှာ ပါဝင်ဖြစ်တဲ့အကြောင်းလေးကို “အဓိကအနေနဲ့ကတော့ Yangon Saturday Market မှာ အစ်မက အမြဲတမ်း ဈေးရောင်းချသူပါ။ စိတ်ချရတဲ့စိုက်ခင်းများက ရရှိလာတဲ့ စိတ်ချရတဲ့ အစားအစာများ ခေါင်းစဉ်နဲ့ ဟင်းသီးဟင်းရွက်တွေ ရောင်းချသူတွေထဲမှာ အစ်မက ဆေးသကြား၊ ဆိုးဆေး၊ တာရှည်ခံဆေး မသုံးထားတဲ့ မြန်မာ့ရိုးရာ မုန့်မျိုးစုံကို စားသုံးသူတွေကို ရောင်းချပေးနေတာဖြစ်ပါတယ်။ ဒီသင်္ဘောခရီးစဉ်လေးမှာတော့ သင်္ဘောလည်း မစီးဖူးဘူးဆိုတော့ သင်္ဘောစီးဖူးတဲ့အတွေ့အကြုံလေးလည်း ရအောင် သူတို့နဲ့အတူ ပါဝင်ဖြစ်သွားတာပါ။ အစ်မက ဂျပ်ဆင်စင်တာမှာ လုပ်တဲ့အချိန်တုန်းကတော့ အပတ်စဉ်တိုင်း ပါဝင်ဖြစ်တယ်။ နောက်ပိုင်း အလုပ်လေးလည်း များလာတာကြောင့် အမြဲတမ်း မပါဝင်ဖြစ်တော့တာပါ။ မြန်မာမုန့်တွေက တာရှည်ခံဆေးတော့ မသုံးဘူး။ အချိုကြိုက်တဲ့အခါကျတော့ ဆေးသကြားကို သုံးကြတယ်။ အရောင်တွေ ဆိုးကြတယ်။ ဆန်၊ ကောက်ညှင်းတွေကိုလည်း အပေါစားတွေ သုံးကြတော့ ဈေးကိုလည်း ပေါပေါများများနဲ့ ရောင်းကြတယ်။ အဲဒါကို အစ်မက မကြိုက်တာကြောင့် သကြားကိုပဲ သုံးထားတာပါ။ နောက်ပိုင်းတော့ ထန်းလျက်မှုန့်ကို သုံးဖို့ရှိပါတယ်။ အစ်မတို့က အဲဒါကို ဆေးသကြား၊ အရောင်၊ အနံ့၊ တာရှည်ခံဆေးတွေ လုံးဝမသုံးထားဘူး။ မုန့်ရဲ့တန်ဖိုး မြှင့်ထားတာကြောင့် ဈေးလေးတွေ နည်းနည်းကြီးတယ်။ အစ်မဆီမှာ အခုဆိုရင် မုန့်အမျိုးပေါင်း ၅၀ ကျော် ရှိတော့မယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်တွေဖြစ်ပါတယ်။ မြန်မာလူမျိုး တော်တော်များများက ဈေးသက်သာတာနဲ့ စားလို့ကောင်းတာကို ရှာကြ တယ်။ ထောက်ခံချက်တွေ ဘာတွေလည်း စိတ်မဝင်စားကြဘူး။ ကျန်းမာရေးအကြောင်းကို စားပြီးနောက်မှ စဉ်းစားကြတယ်။
အစ်မတို့လည်း စာတွေဖတ်၊ ဟောပြောပွဲတွေ နားထောင်ပြီးတော့မှ ဗဟုသုတလေး တွေ ရလာတယ်။ အရေးကြီးမှန်းသိလာတာပါ။ အစ်မတို့ ဝန်ထမ်းဘဝတုန်းကလည်း အဲဒီလိုပါပဲ။ ကျန်းမာရေးအတွက်ကို ဦးတည်ချင်ပါရဲ့။ ဝင်ငွေနဲ့ စားသောက်စရိတ်ကို ချိန်နေရသေးတယ်လေ။ သူများနိုင်ငံတွေ ကျန်းမာရေးဆိုင်ရာ အရမ်းလုပ်လာကြပြီး မြန်မာနိုင်ငံကလူတွေ ဘာကြောင့် အဲဒီလောက်မတွေးကြလဲဆိုတာကတော့ ဝင်ငွေ ကြောင့်ပဲလို့ ထင်ပါတယ်။ အစ်မတို့ ဒီလုပ်ငန်းကိုလုပ်နေတာ စီးပွားဖြစ်တော့ သိပ်မဖြစ်ပါဘူး။ ရိုးရာဆိုတာကို အော်ပေးမှ အစားအသောက်နဲ့ နိုင်ငံကို သိလာနိုင်တယ်။ အစားအသောက်နဲ့ နိုင်ငံနဲ့လူမျိုးကို သိလာအောင် လုပ်လို့လည်းရပါတယ်။ အစ်မတို့ဆီမှာ ရုပ်ရှင်တွေ ခေတ်စားလာတယ်။ ကိုရီးယားကားတွေ ခေတ်စားလာတယ်။ ကင်ချီ၊ ပဲခေါက်ဆွဲဆိုတာ သိလာတယ်။ ဒီအစားအစာတွေကနေ ကိုရီးယားကို ပိုသိလာကြတယ်။ မြို့ပြမှာ နေတဲ့သူတွေ၊ နိုင်ငံခြားရောက်ဖူးတဲ့သူတွေကတော့ လွယ်လွယ်နဲ့သိပေမယ့် နယ်ဘက်က လူတွေကျတော့ ဒီရုပ်ရှင်တွေကနေပဲ သိလာကြတာ။ ဒါ့ကြောင့် မြန်မာ့ရုပ်ရှင်တွေထဲမှာ ဒီမြန်မာမုန့်လေးတွေ ပါဝင်လာအောင် အစ်မ ကြိုးစားကြည့်နေပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။
အခုဆိုရင် Yangon Saturday Market အကြောင်းနှင့် အော်ဂဲနစ်အစားအသာက်များအကြောင်း သိကောင်းစရာများကို Food Magazine ပရိသတ်ကြီးအတွက် မေးမြန်း တင်ဆက်ပေးလိုက်ပါတယ်။