
by May’s Healthy Food for Food Magazine
ဒီတစ်လတော့ အိမ်က သမီးအကြိုက် ကင်းမွန်ချိုချဉ်ချက်လေး ရေးပေးပါမယ်။ တချို့ကလေးတွေကတော့ ပင်လယ်စာနဲ့ ဓာတ်မတည့်ခြင်းဖြစ်တတ်တာမို့ သတိထားပြီး ကျွေးစေချင်ပါတယ်။
ကင်းမွန်ကို သန့်စင်တဲ့အခါ ဆားလေးပွတ်ပြီး အရေခွံကိုခွာ၊ အလယ်ကနေ ကတ်ကြေးနဲ့ညှပ်၍ ဆားလေးနယ်ပြီး သန့်စင်ပေးပါ။ သေချာရေဆေး၍ ဓားနဲ့မပြတ်သွားအောင် အမြှောင်းလေးတွေ ဘယ်ညာလှီးပြီး အနေတော်လှီးဖြတ်ပါ။
ပါဝင်ပစ္စည်းများ
ကင်းမွန် – ၅၀ ကျပ်သား (သန့်စင်ပြီးသား)
ကြက်သွန်ဖြူ – ၁ လုံး
ကြက်သွန်နီ – ၃ လုံး
ချင်း – လက်တစ်ဆစ်
ဂျပန် ဟင်းချက်ဆန်အရက် – ထမင်းစားဇွန်း ၁/၂ ဇွန်း (မထည့်လည်းရ)
ခရုဆီ – ထမင်းစားဇွန်း ၁ ဇွန်း
ဆား – အနည်းငယ်
ငရုတ်ကောင်းဖြူ – အနည်းငယ်
ဆီ – ထမင်းစားဇွန်း ၁ ဇွန်း
ချယ်ရီ ခရမ်းချဉ်သီး – ၁၅ လုံး
ပြုလုပ်နည်း
၁။ ကြက်သွန်ဖြူ/နီ၊ ချင်းကို ထောင်းပြီး မွှေးလာအောင် ဆီသတ်ပါ။
၂။ မွှေးလာပြီဆိုလျှင် ကင်းမွန်ထည့်ပါ။ အဖုံးမဖုံးရ။
၃။ ကင်းမွန်ထည့်ပြီး ၁၀ မိနစ်ခန့်ဆိုလျှင် ရေခန်းလုနီးနီးဖြစ်ချိန်မှာ ခရမ်းချဉ်သီး ခြမ်းထည့်ပြီး ဆား၊ ခရုဆီ၊ ငရုတ်ကောင်းထည့်မွှေပါ။ ၃ မိနစ်ဆိုလျှင် ရပါပြီ။ ကင်းမွန်က ချက်ချိန်ကြာလျှင် မာသွားတတ်ပါတယ်။ ဆား၊ ခရုဆီကို အစကတည်းက ထည့်လျှင် ရေအများကြီးထွက်လာတတ်တာမို့ နောက်ဆုံးမှ ထည့်ပါ။
ထမင်းဖြူပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့ ချိုချိုချဉ်ချဉ် ကင်းမွန်လေးက ကလေးတွေအကြိုက် ဖြစ်စေမှာပါ။