ကင်းမွန် (Japanese Teyiyaki Style)

by May’s Healthy Food for Food Magazine

          အိမ်မှာ ကင်းမွန်ကတော့ သမီးရဲ့အကြိုက်ဆုံးတွေထဲက တစ်ခုမို့ ပုံစံမျိုးစုံနဲ့ ချက်ပေးဖြစ်တယ်။ ဒီတစ်ခေါက်တော့ အချိုပုံစံလေးချက်ပေးဖြစ်တာမို့ မျှဝေပေးလိုက်တယ်နော်။သမီးကိုတော့ ကင်းမွန်ကို အသက် ၂ နှစ်လောက်မှ စပြီးကျွေးဖြစ်ပါတယ်။ ပင်လယ်စာတွေ ကျွေးတဲ့အခါ ဓာတ်မတည့်မှုဖြစ်နိုင်တာကိုတော့ မေမေတို့တစ်တွေ သတိထားသင့်ပါတယ်။ အစာဓာတ်မတည့်ခဲ့ရင် အန်တာ၊ အသားယားတာ၊ နီမြန်းတာတွေဖြစ်တတ်တာမို့ စပြီးကျွေးတဲ့အခါမှာ တခြားအစားအစာနဲ့မရောဘဲ သီးသန့်ကျွေးဖို့ အကြံပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ကင်းမွန်  –  ၂၅ ကျပ်သား (သန့်စင်ပြီးသား)

ချင်း  –  လက်တစ်ဆစ်

ကြက်သွန်ဖြူ  –  ၅ မြွှာ (နုပ်နုပ်စဉ်း)

ဂျပန်ပဲငံပြာရည်  –  ထမင်းစားဇွန်း ၁/၂ ဇွန်း

ခရုဆီ  –  ထမင်းစားဇွန်း ၁ ဇွန်း

ဂျပန်ဟင်းချက်အရက်  –  ထမင်းစားဇွန်း ၁/၃ ဇွန်း

ငရုတ်ကောင်း  –  အနည်းငယ်

သကြား  –  လက်ဖက်ဇွန်း ၁ ဇွန်း

ဆီ  –  ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ရေနွေးဆူဆူထဲ ဆားထည့်၍ ရေဆူလာလျှင် ကင်းမွန်ကို ၁၀ မိနစ်ခန့်ပြုတ်ပြီး ရေစစ်ထားပါ။

၂။       ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေး၍ ကြက်သွန်ဖြူဆီသတ်ပါ။

၃။       ထို့နောက် ချင်းထည့်မွှေပြီး မွှေးလာလျှင် ကင်းမွန်ထည့်ပါ။ ဆား၊ သကြား၊ ဂျပန် ပဲငံပြာရည်၊ ခရုဆီ၊ ဟင်းချက်အရက်ထည့်ပြီး ၅ မိနစ်ခန့်ချက်ပါ။ အပေါ့အငန် လိုသလို ပြင်၍ ငရုတ်ကောင်းဖြူးပြီး စားဖို့အဆင်သင့်ဖြစ်ပါပြီ။

          မွှေးမွှေးချိုချိုလေးမို့ ကလေးတို့အကြိုက်ဖြစ်စေမှာပါ။ ကင်းမွန်အစား ကြိုက်နှစ်သက်ရာ အသား၊ ပုစွန်တို့ကိုလည်း အသုံးပြုလို့ရပါတယ်။ ကင်းမွန်ကို ကြာကြာချက်မည်ဆိုလျှင် အသားမာပြီး ရေများထွက်လာတတ်တာမို့ ရေနွေးနဲ့ အရင်ပြုတ်တာက ပိုပြီးကောင်းပါတယ်နော်။

Facebook Comments