
by အာဂ for Food Magazine
အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီး တော့ ဝါသနာပါခဲ့ပါသလဲ။
အချက်အပြုတ်ကို ညီမငယ်ငယ်လေးက တည်းက မေမေ့ကို ဝိုင်းကူညီပေးရင်း မေမေက သင်ပေးတာရော၊ အဒေါ်ရဲ့အိမ်သွားရင်လည်း
သမီး ဒီလိုလှီးရတယ်၊ ချက်ရတယ် စသဖြင့် သင် ပေးတယ်။ အဒေါ်ကလည်း ဟင်းချက်ဝါသနာပါ တယ်။ ငယ်ငယ်လေးကတည်းကလည်း အဒေါ်နဲ့ အနေနီးခဲ့တယ်။ ကိုယ်ကလည်း ဝါသနာပါတော့ လိုက်ပြီး ကူညီပေးရင်းနဲ့ ဝါသနာပါခဲ့တာပါ။
အခု စပါးလင်ကြက်သားလုံးကြော်ကို ပရိသတ်ကို လုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေး ပါဦး။
ဒီဟာလေးက လွယ်လွယ်ကူကူလည်း
လုပ်စားလို့ရတယ်။ ပရိသတ်တွေလည်း ကြိုက် နှစ်သက်မယ်လို့ ထင်ပါတယ်။ ပြီးတော့ ညီမက လည်း ကြက်သားကြိုက်လို့ လုပ်ပြ ဖြစ်သွားတာပါ။
ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။
ပထမဆုံးလုပ်ဖြစ်တာဆိုရင် အိမ်မှာ မေမေ လည်းမရှိဘူး။ အစ်မတွေလည်း မရှိဘူး။ ကိုကိုပဲ ရှိတယ်။ မေမေက ဝက်သားဝယ်ပေးသွားပြီး ပြုတ်ကြော်လေးပဲဖြစ်ဖြစ် လုပ်စားလိုက်တဲ့။ ဒါနဲ့ ဝက်သားကို ပြုတ်ထားပြီး အိမ်ရှေ့မှာ တီဗွီသွား ငေးနေလိုက်တာ အိုးက တူးသွားတယ်။ ပြီးတော့ ဆားများသွားလို့ ငန်လည်း ငန်သွားတယ်။ လုံးဝ စားလို့ မရတော့ဘူး။ အိမ်က လူတွေရော အစ်ကိုရဲ့သူငယ်ချင်းတွေ၊ မေမေနဲ့ အစ်မတွေ ရော ပြောလို့ မဆုံးပဲ။ (ရယ်လျက်)
ခန့်သီရိဇော်ချက်တဲ့ ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲ ဖြစ်မလဲ။
ညီမချက်တဲ့ ဟင်းထဲမှာ လူကြိုက်အများဆုံးဆိုရင်တော့ မေမေနေမကောင်းတဲ့ အချိန်မှာ ချက်ကျွေးဖြစ်တဲ့ ကြက်သားခါးပတ်ပါ။ မေမေလည်း ကြိုက်တယ်။ အိမ်က လူတွေလည်း ကြိုက်ကြတယ်။
အဲဒီလို ညီမချက်တာကို စားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက် အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။
အဲဒီလိုချီးမွမ်းရင်တော့ အရမ်းပျော်သွားတာပေါ့။ ကိုယ်က စေတနာအပြည့်နဲ့ အပင်ပန်းခံ ချက်ကျွေးတာကို မိဘ၊ ဆွေမျိုးတွေက ကြိုက်တယ်ဆိုတော့ ဝမ်းသာတာပေါ့။ပီတိဖြစ်ရတာပေါ့။ ကိုယ်ချက်ထားတာကို သူများတွေ အားရပါးရ စားတာမြင်တော့ ပီတိ ဖြစ်ရတယ်။ အချက်အပြုတ်ကတော့ မေမေ့ဆီကပဲ သင်ယူဖြစ်ပါတယ်။ မေမေက အရမ်း အချက်တော်တယ်။
မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။
ညီမကတော့ သူများတွေနဲ့မတူဘူး။ မနက်စာကို သိပ်အများကြီးမစားဘူး။ သူများ တွေက အများကြီးစားတယ်လို့ပြောတယ်။ ညီမအတွက်က မနက်စာကို အများကြီးစား လိုက်ရင် ဝိတ်တက်လာတယ်။ ဒီတော့ မနက်စာကို တတ်နိုင်သမျှ လျှော့ပြီးစားတယ်။ ဖြစ်နိုင်မယ်ဆိုရင် ညီမက အသီးတွေပဲ စားတယ်။ နေ့လယ်ကျရင်တော့ ညီမအဝစား တယ်။ အခုဆို ရှုတင်တွေနဲ့ဆိုတော့ မစားရင်လည်း မရဘူးလေ။ ညစာကတော့ ညနေ
၆ နာရီနောက်ပိုင်းဆိုရင် မစားဖြစ်တော့ဘူး။ တကယ်လို့ ဗိုက်ဆာခဲ့ရင် ညီမက အသီး လေးတွေ စားတယ်။ နောက် မေမေလုပ်ပေးတဲ့ ဆီသိပ်မပါတဲ့ အရွက်ကြော်လေးတွေ၊ အသုပ်လေးတွေ၊ ဟင်းခါးလေးတွေ စားဖြစ်ပါတယ်။
စားဖူးခဲ့သမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစား
အသောက်မျိုးရောရှိလား။
စားဖူးသမျှထဲမှာ တစ်သက်မမေ့တာမျိုးဆိုရင် မေမေချက်တဲ့ဟင်းတွေ အကုန် ကြိုက်တယ်။ နောက်ပြီးတော့ ဖေဖေကြော်ကျွေးတဲ့ ကန်စွန်းရွက်ကြော် ကြိုက်တယ်။ အဲဒီကန်စွန်းရွက်ကြော်ကလည်း ဆန်းတယ်။ အခြားလိုမဟုတ်ဘူး။ ထမင်းရည်နဲ့ ကြော် ပေးတာ။ အရမ်းစားကောင်းတယ်။ ဒါကတော့ ခန့်အတွက် မမေ့နိုင်တဲ့ အစားအစာပေါ့။
ထူးထူးဆန်းဆန်းအစားအသောက်တွေရော စားဖူးလား။
ထူးထူးဆန်းဆန်းအစားအသောက်ဆိုရင်တော့ ညီမ ဘန်ကောက်က ဆာဖာရီကို သွားရင်းနဲ့ အဲဒီမှာ ဘူဖေးကျွေးတာကို သေချာစာမဖတ်ဘဲနဲ့ ဆာတေးဆိုပြီး စားလိုက် မိတာ မိကျောင်းသား ဆာတေးဖြစ်နေတယ်။ စားပြီးမှ သိတော့ ကြက်သီးတွေတောင် ထတယ်။ စားလို့တော့ကောင်းတယ်။ ဒါပေမဲ့ ကိုယ်ကတော့ ကြောက်တာပေါ့နော်။
အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ ရှိလား။
အားလပ်ရက်တွေမှာ လုပ်စားဖြစ်ပါတယ်။ ရှုတင်နားရက်တွေမှာ ဝက်သားတုတ် ထိုး၊ ကြာဆံသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး စသဖြင့် လုပ်စားဖြစ်ပါတယ်။
ရှုတင်တွေ ဘာတွေသွားရင်ရော ထမင်းချိုင့် ယူသွားလေ့ရှိလား။
ရှုတင်ဆိုရင်တော့ တစ်ခါတလေကျရင် ယူသွားတယ်။ တစ်ခါတလေကျရင်တော့ ရှုတင်ထမင်းပဲ စားဖြစ်တာများတယ်။
ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။ ဘယ်လိုအရသာမျိုး ကို မြည်းစမ်းချင်လဲ။
ကိုယ်မစားဖူးတဲ့အစားအသောက်ဆိုရင် ကိုရီးယားတို့၊ ဂျပန်တို့သွားပြီး သူတို့ရိုးရာ အစားအသောက်လေးတွေကို မြည်းစမ်းကြည့်ချင်တယ်။
တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီမကရော…။
ညီမက ပျော်ပျော်နေတတ်လို့လား မသိဘူး။ စိတ်ညစ်စရာဆိုရင်လည်း ကြာကြာ မထားတတ်ဘူး။ အစားအသောက်ဆိုရင်လည်း အရမ်းအများကြီး မစားဘူး။ ကိုယ့် ဘာသာကိုယ် ချင့်ချိန်ပြီး စားတယ်ဆိုတော့ စိတ်ညစ်ရင် အစားအသောက်အများကြီး စားလေ့မရှိပါဘူး။
ညီမရဲ့ အစားအသောက်နဲ့ ကျန်းမာရေးအပေါ် အမြင်လေးကို ပြောပြပေးပါဦး။ အစား
အသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုလေးကရော။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေကျတော့ မစားသင့်ဘူးထင်တယ်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလိုပါပဲ။ အဆီများတာတွေ၊ အငန်များတာတွေ ကိုတော့ ရှောင်သင့်တယ်လို့ ထင်ပါတယ်။ ဒီလိုမှမဟုတ်ရင် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို တွေ ဖြစ်နိုင်ပါတယ်။ ညီမက Gym သွားကစားဖို့လည်း အချိန်မပေးနိုင်တော့ အစား အသောက်နဲ့ပဲ ခန္ဓာကိုယ်ကို ထိန်းတာများတယ်။ ဆီလျှော့စားတယ်။ ကယ်လိုရီများတဲ့ အစားအစာတွေကို တတ်နိုင်သလောက် မစားဖြစ်တာများတယ်။
အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။
ညီမက အပြင်အစားအစာထက် မေမေချက်တဲ့ဟာဆိုရင် အကုန်ကြိုက်တယ်။ အဲဒီ ထဲမှာ အကြိုက်ဆုံးကတော့ ဝက်သားရယ်၊ ချဉ်ပေါင်ရယ်၊ မျှစ်ရယ်ကြော်ပေးတာကိုပါပဲ။နောက်ပြီးတော့ ပဲနီလေးဟင်းချိုလေးနဲ့ဆိုရင် ညီမအတွက် အကြိုက်ဆုံးပါပဲ။
နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်လဲ။
နိုင်ငံတကာအစားအသောက်တွေကျတော့ ယိုးဒယားအစားအစာတွေကို တော် တော် ကြိုက်တယ်။ ချဉ်စပ်လည်းကြိုက်တော့ ကွေ့တီယို၊ တုန်ယမ်းဟင်းချို စသဖြင့် တော် တော်များများ ကြိုက်ပါတယ်။
နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာ အစားကို လွမ်းဆွတ်တမ်းတမိပါသလဲ။
နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာဆိုရင်တော့ အကြာကြီး နေပြီဆိုရင် ကြာကြာမနေနိုင်ဘူး။ ကိုယ့်မြန်မာပြည်ကိုလည်း သတိရတယ်။ မြန်မာပြည်က အစားအသောက်တွေကိုလည်း သတိရတယ်။ မြန်မာထမင်း၊ ဟင်းတွေကို သတိရတယ်။ အိမ် ထမင်း၊ အိမ်ဟင်း၊ လက်ဖက်၊ မုန့်ဟင်းခါးတို့ကတော့ ညီမ အတွက် လွမ်းစရာလေးတွေပါ။
ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစား အစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကို သွားပြီးသတိရတာမျိုးပေါ့။
အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင် ငယ်ငယ်က ဖေဖေ အလုပ်ကပြန်လာရင် ကြာခွက်လေးတွေ ဝယ်လာပေးတတ် တယ်။ ကြာခွက်လေးတွေတွေ့ရင်တော့ ဖေဖေ့ကို အရမ်းလွမ်းပါ တယ်။ ပြီးတော့ ငယ်ငယ်က ကျောင်းရှေ့မှာရောင်းတဲ့ ကပ်စေးနှဲ တွေကို တွေ့ရင်တော့ ငယ်ငယ်က ကျောင်းတက်တဲ့ ဘဝကို ပြန်ပြီးသတိရမိတာမျိုးတော့ရှိပါ တယ်။
စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။
အိမ်မှာ ပိုစားချင်ပါတယ်။
ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာ ဆိုရင်ရော။
ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာတွေကတော့ ကြုံတော့ကြုံဖူးတယ်။ အများကြီးပါပဲ။ မမှတ်မိတော့ဘူး။ (ရယ်လျက်)
ညီမအကြိုက်ဆုံးအသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြ ပေးပါဦး။ ဖျော်ရည်တွေရောပေါ့။
အကြိုက်ဆုံးအသီးအနှံဆိုရင် အသီးက အကုန်ကြိုက် တယ်။ အသီးအရွက်လည်း တော်တော်များများကြိုက်ပါတယ်။ ကန်စွန်းရွက်၊ ကိုက်လန်၊ ဂေါ်ဖီတို့ပေါ့။ အသား၊ ငါးဆိုရင်တော့ ညီမက ငါးတွေမကြိုက်ဘူး၊ ကြက်သား၊ ဝက်သား၊ ပုစွန်ကြိုက် တယ်။ ဖျော်ရည်ထဲမှာဆိုရင် ဒူးရင်းသီးဖျော်ရည် ကြိုက်တယ်။
အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ် လား။
ရွံတတ်တယ်။ တစ်ခါတလေ အစားအသောက်စားနေတုန်း ရွံစရာတစ်ခုခုပြောရင်လည်း ရွံတတ်တယ်။ နောက်ပြီး ကိုယ်စား နေတဲ့အချိန်မှာ ရွံစရာတစ်ခုခုပုံစံမျိုးတွေ၊ ညစ်ပတ်တာတွေ တွေ့ရင်လည်း ရွံတတ်တယ်။
အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေး မှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။
ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ညီမတို့ မြန်မာ နိုင်ငံမှာဆိုရင်လည်း ငါးပိရည်၊ တို့စရာ၊ လက်ဖက်၊ မုန့်ဟင်းခါး စသဖြင့် မြန်မာ့ရိုးရာအစားအစာလေးတွေပေါ့။ ယိုးဒယားမှာဆိုရင်လည်း ဒီလိုပါပဲ။ ကွေ့တီယို၊ တုန်ယမ်းဟင်းချိုတို့ပေါ့။ ဒီတော့ အစား အသောက်က နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုပါတယ်။
အခုလိုမိုးအေးတဲ့ရာသီမှာ ညီမအစားချင်ဆုံးအစားအစာက ဘာဖြစ်မလဲ။
ဟော့ပေါ့ပေါ့။ ညီမက ကြိုက်လည်း ကြိုက်တော့ တစ်ပတ်မှာ ၂ ခေါက်လောက်ဖြစ်ဖြစ် စားဖြစ်ပါတယ်။
အခုလတ်တလော ညီမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေအကြောင်း ပြောပြပေးပါဦး။
ညီမက အခု “ချစ်ခွင့်တင်ခြင်း”MRTV-4 ဇာတ်လမ်းတွဲ ရိုက်နေပါတယ်။ ဒီဟာ ပြီးသွားရင်လည်း နောက်ထပ်ဇာတ်လမ်းတွဲ ထပ်ရိုက်ဖို့ရှိပါတယ်။ အခြား အပြင်မှာ ရိုက်ဖို့လည်း လာပြီး ကမ်းလှမ်း ထားတာတွေလည်း ရှိပါတယ်။ အခြားကြော်ငြာတို့ ဘာတို့ ရိုက်ဖို့လည်း ရှိပါတယ်။
အခု ညီမချက်ပြတဲ့ စပါးလင်ကြက်သားလုံးကြော်လေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေးကို ပြောပြပေးပါဦး။
လိုက်လုပ်စားကြည့်မယ့် ပရိသတ်ကြီးကို ပြောချင်တာက လွယ်လွယ်ကူကူနဲ့ လုပ်စားလို့ရပြီး စားကြည့်ရင်လည်း ကြိုက်မယ်လို့ ထင်ပါတယ်။ အခြားအသားတွေ မကြိုက်တဲ့သူတွေအတွက် အခုကြက်သားကြော်လေးက အရမ်းကို အဆင်ပြေပါတယ်။ ဒါကြောင့် အိမ်မှာစမ်းပြီးတော့ လုပ်စား ကြည့်ကြပါလို့၊ တကယ်အရသာရှိပါတယ်လို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ သားသား၊ မီးမီးလေး တွေလည်း ကြိုက်မယ်လို့ထင်ပါတယ်။ စပါးလင်နံ့သင်းသင်းလေးနဲ့ဆိုတော့ မွှေးမွှေးလေးနဲ့ စားလို့ ကောင်းမှာပါလို့…။
စပါးလင်ကြက်သားလုံးကြော်
ပါဝင်ပစ္စည်းများ
ကြက်သား – ၄၀ဝ ဂရမ် (ကြိတ်ထားပါ)
ငရုတ်သီးဆော့စ် – စားပွဲဇွန်း ၁ ဇွန်း
သကြားအညို – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်သီးခွဲကြမ်း – စားပွဲဇွန်း ၁ ဇွန်း
ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
စပါးလင် – ၁၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ – ၃ မြွာ (နုပ်နုပ်စဉ်းထားပါ)
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကုဆိုင် – ၁၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ကော်မှုန့် – စားပွဲဇွန်း ၂ ဇွန်း
ဆီ – စားပွဲဇွန်း ၄ ဇွန်း (ကြော်ရန်)
ပြုလုပ်ပုံ
ဇလုံတစ်လုံးထဲ ဆီမှလွဲ၍ ကျန်ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး သမအောင် ရောနယ်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ
၁ နာရီခန့် နှပ်ထားပါ။ နှပ်ထားသော ကြက်သားကို အလုံးသေး သေး ပြန်လုံးပါ။ ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီဆူလာလျှင် ကြက်သားလုံးကို အညိုရောင်သန်းတဲ့အထိ ကြော်ပြီး ပူပူ
နွေးနွေး သုံးဆောင်ပါ။