ကြက်ပေါင်အချိုချက်

by May’s Healthy Food for Food Magazine

ကြက်သားကိုတော့ ဒီတစ်ခါ ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ကလေးအကြိုက် ဖြစ်အောင် အချိုလေးချက်တယ်။ မြေအိုးနဲ့ချက်တာမို့ အသားက နူးလွယ်တယ်။ ရေ အများကြီး မထည့်ရဘူး။ အိမ်က သမီးကတော့ ဒီလိုချက်တဲ့နေ့ဆိုရင် စားလိုက်တာ အပြောင်ပဲ။ အိမ်မှာတော့ ထမင်းနည်းနည်းနဲ့ အသား၊ ငါးနဲ့အရွက်တို့ကို ပိုကျွေးဖြစ်တယ်။ လုပ်ရတာလည်း မခက်လို့ ချက်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကြက်ပေါင် –  ၅ ခု

ကြက်သွန်ဖြူ/နီ၊ ချင်း –  ထောင်းထား

ပန်းရောင်ဆား –  အနည်းငယ်

နနွင်းမှုန့် –  အနည်းငယ်

ပဲငံပြာရည်အကြည် –  ထမင်းစားဇွန်း ၁/၂ ဇွန်း

ပဲငံပြာရည်အနောက် –  ထမင်းစားဇွန်း ၁/၂ ဇွန်း

ခရုဆီ –  ထမင်းစားဇွန်း ၁/၂ ဇွန်း

ဆီ –  ထမင်းစားဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

၁။        ကြက်ပေါင်ကို ရေဆေးသန့်စင်ပြီး ဆား၊ နနွင်းမှုန့်၊ ပဲငံပြာရည်အကြည်/အနောက်၊ ခရုဆီတို့နှင့် နယ်ပြီး ၁ နာရီခန့် နှပ်ထားပါ။

၂။         မြေအိုးထဲ ဆီကို အပူပေးပြီး ကြက်သွန်ဖြူ/နီ၊ ချင်းအထောင်းကို ဆီသတ်ပါ။ ဆီသတ်တာ မွှေးလာပြီဆိုလျှင် နှပ်ထားတဲ့ ကြက်သားကို ထည့်ပြီး ရေမထည့်ဘဲ ကြက်သားအရောင် ပြောင်းပြီး မွှေးလာသည်အထိ မီးအေးအေးဖြင့် တည်ပါ။

၃။        မွှေးလာပြီဆိုလျှင် ရေကို ကော်ဖီခွက်တစ်ခွက်ရဲ့ သုံးပုံနှစ်ပုံ ထည့်ပြီး မီးအေးအေးနဲ့ တည်ပါ။

၄။        ရေခန်းပြီဆိုလျှင် အနှစ်ချိုချိုလေးနဲ့ ကြက်ပေါင်အချိုချက်လေး ရပါပြီ။

Facebook Comments