
by အာဂ for Food Magazine
အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီး တော့ ဝါသနာပါခဲ့ပါသလဲ။
(အငယ်) အစားအသောက်ကို အရမ်း စားတတ်ပြီး မက်မောလာကတည်းက အချက် အပြုတ်ကို ဝါသနာပါခဲ့တာပါ။
(အကြီး) ကျွန်တော်က အချက်အပြုတ်ကို သိပ်ဝါသနာမပါဘူး။ ဒါပေမဲ့ စားတာတော့ ဝါသနာ ပါပါတယ်။
အခု Nashville Fried Chicken ကြက်ကြော် လေးကို ပရိသတ်ကိုလုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေး လည်း ပြောပြပေးပါဦး။
ဒါလေးက လုပ်စားရတာလည်းလွယ်တယ်။ ကြက်ဥတို့၊ ကြက်ကြော်တို့ဆိုတာကလည်း ပေါ့ ပေါ့ပါးပါးနဲ့ ချက်ရတာလည်း အရမ်းမခက်ဘူး။ လွယ်တယ်လေ။ ဒီတော့ ဒါလေးကို စီစဉ်ဖြစ်သွား တာပါ။
ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။
ပထမဆုံးလုပ်ဖြစ်တာဆိုရင် ကြက်သား အာလူးဟင်းလေးပါ။ ဒါကလည်း အသိ တေးရေး ဆရာတစ်ယောက်ရဲ့ အိမ်သွားရင်းနဲ့ ထမင်းစား မလားလို့မေးတယ်။ ကျွန်တော်ကလည်း ဗိုက်ဆာ နေတာနဲ့ စားမယ်ဆိုပြီး ဟင်းအိုးဖွင့်လိုက်တာ ကြက်သားအာလူးဟင်းချက်ထားတာလေး တွေ့ လိုက်တော့ အရမ်းသဘောကျသွားတယ်။ စား ကြည့်တော့လည်း ကောင်းတယ်။ ဘယ်သူချက် တာလည်း မေးကြည့်တော့ သူချက်တာတဲ့။ မဆလာနံ့လေးကလည်း မွှေးနေတာပဲ။ အဲဒီမှာ ယောကျာ်းလေးတစ်ယောက်ကလည်း ချက်လို့ရတယ်ဆိုတာ သိသွားတယ်။ သူ့ဆီက ချက်နည်းမေးပြီး ကိုယ့်ဘာသာကို အိမ်မှာ စမ်းပြီး ချက်စားဖြစ်တာပါ။ အရသာ ကတော့ ကောင်းတာပေါ့။ ကိုယ်ပဲ စားတာလေ။ (ရယ်လျက်)
ညီလေးတို့ချက်တဲ့ ဟင်းထဲမှာ လူကြိုက်အများဆုံးက ဘာဟင်းဖြစ်မလဲ။
ခုနကပြောတဲ့ ကြက်သားအာလူးဟင်းပဲဖြစ်မှာပါ။ ပထမဆုံး စိတ်ဝင်တစား ချက်တဲ့ ဟင်းလည်းဖြစ်တော့လေ။ အဲဒီနည်းအတိုင်းပဲ အမဲသား၊ ဆိတ်သားတို့နဲ့လည်း ချက်ဖြစ် တယ်။ အများစုကတော့ ကြက်သားအာလူးဟင်းကို ကြိုက်ကြတယ်။
အဲဒီလို ညီလေးတို့ချက်တာကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။
အဲဒီလိုမျိုးဆိုရင်တော့ အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ်အပင်ပန်းခံချက်ထား တာလေးကို ကောင်းတယ်ပြောတော့ ပီတိလည်းဖြစ်မိတာပေါ့။
ငယ်ငယ်က ကြိုက်ပြီး ကြီးမှမကြိုက်တာ၊ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက် တာမျိုးဆိုရင်ရော။
အဲဒါဆိုရင် ညီအစ်ကို နှစ်ယောက်စလုံးက ငယ်ငယ်ကအချိုတွေအရမ်းကြိုက်တယ်။ အသက်ကြီးလာတော့ ကျန်းမာရေးသဘောတရားတွေနားလည်လာတော့ အရမ်းလည်း အချိုတွေမစားဖြစ်တော့ဘူး။ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာမျိုးတော့ မရှိပါဘူး။
အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေး ပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။
အဲဒီလို အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ရှိတယ်။ ကျွန်တော်တို့က ဧရာဝတီတိုင်း ကြံခင်းမြို့ကဆိုတော့ လက်ဖက်ခြောက်တွေ၊ လက်ဖက် တွေ၊ ပဲကြော်တွေက အိမ်မှာ အိတ်လိုက်နဲ့ကို ရှိနေတယ်။ တစ်ခါတလေ ညီအစ်ကို
နှစ်ယောက် လက်ဖက်သုပ်စားချင်ရင် သုပ်စားကြတယ်။ ဒါပေမဲ့ အဲဒီတုန်းက အချို ကြိုက်တော့ လက်ဖက်သုပ်ထဲ သကြားတွေထည့်ပြီး သုပ်တာ။ အဲဒီတုန်းကတော့ စားလို့တော့ ကောင်းသား။ အခုပြန်တွေးကြည့်ရင် ရယ်စရာကြီးဗျ။ (ရယ်လျက်)
မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။နေ့လယ်စာနဲ့ ညစာကိုရော။
ကျွန်တော်တို့ နှစ်ယောက်စလုံးက ငယ်ငယ်ကတည်းက နယ်မှာနေတာလည်းများ တယ်။ မိဘအိမ်မှာဆိုတော့ မနက်စာကို အများကြီးစားတယ်။ ထမင်းကြမ်းကြော်စား တယ်။ ပဲပြုတ်ဆီဆမ်းထမင်းစားတယ်။ ရန်ကုန်ရောက်တော့ အဲဒီလိုလုပ်ပေးမယ့်လူ မရှိတော့ တစ်ခါတလေလည်း ထမင်းကြမ်းကျန်ရင် ထမင်းကြမ်းနဲ့ ပဲပြုတ်ဆီဆမ်းစား တယ်။ နောက်ပြီး မုန့်ဟင်းခါး၊ နန်းကြီးသုပ် စသဖြင့် မြန်မာ့ရိုးရာ အစားအစာတွေပဲ စားဖြစ်ပါတယ်။ နေ့လယ်ကတော့ အိမ်က ချက်တဲ့ မြန်မာစာလေးတွေပဲ စားဖြစ်တာ များပါတယ်။ ညစာလည်း ဒီအတိုင်းပါပဲ။
စားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစား
အသောက်မျိုးရောရှိလား။
အိမ်မှာ အမေချက်တဲ့ ကြက်၊ ဝက်၊ မုန်ညင်းချဉ်ကြော်၊ ဝက်အသည်းကြော်တို့ ကတော့ ညီအစ်ကိုနှစ်ယောက်စလုံးအတွက် တစ်သက်မမေ့လောက်တဲ့ အစားအစာပါ။ မုန်ညင်းချဉ်ကို ပါးပါးလေးလှီး၊ ကြက်သား၊ ဝက်သားကို တောက်တောက်လေးစဉ်းပြီး ကြော်တာ အရမ်းစားကောင်းတယ်။ အဲဒီဟင်းတစ်မျိုးရှိရင် လုံလောက်သွားပြီ။
ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။ ဘယ်လိုအရသာ မျိုးကို မြည်းစမ်းချင်လဲ။
ကိုယ်မစားဖူးတဲ့ အစားအသောက်ဆို မြည်းစမ်းချင်စိတ်ရှိပါတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့က အသစ်အဆန်းတွေကို ပိုပြီး သဘောကျတယ်။ ချဉ်တာတို့၊ ချိုတာတို့ဘက် နွယ်တာမျိုးဆို ပိုမြည်းစမ်းချင်ပါတယ်။
တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီလေးတို့ကရော…။
အဲဒီလိုတော့ မရှိပါဘူး။ စားချင်တဲ့အချိန် စားလိုက်တာပဲ။ ဗိုက်အရမ်းဆာနေတဲ့ အချိန်ဆိုရင် အထိန်းအသိမ်းမရှိဘူး။ ဗိုက်ကြီးပြည့်သွားအောင် စားလိုက်တာပါပဲ။
ညီလေးတို့ရဲ့ အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်လေးကို ပြောပြပေးပါဦး။
အစားအသောက်နဲ့ကျန်းမာရေးဆိုတာလည်း ဆက်စပ်နေပါတယ်။ ကိုယ်ကိုယ် တိုင်လည်း အစားအသောက်ကို မဆင်ခြင်တာရှိတယ်။ ကျန်းမာရေးအတွက် ကောင်း လား၊ မကောင်းဘူးလားဆိုတာလည်း မစဉ်းစားမိဘူးပေါ့နော်။ စားချင်တာတွေ့ရင် စားလိုက်တာပဲ။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ပြန်ပြီး ဆင်ခြင်နေပါတယ်။ လူတိုင်း ကလည်း ဆင်ခြင်ဖို့သင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းက ကိုယ့်ခန္ဓာကိုယ်အတွက် ကောင်းတဲ့အစားအသောက်က ဘယ်လိုအစားအသောက်မျိုး ဖြစ်တာလည်းဆိုတာ စဉ်းစားပြီး စားသင့်ပါတယ်။ များသောအားဖြင့် ဘယ်သူမှ မတွေးမိဘူး။ စားကောင်းတာ တွေ့ရင် စားလိုက်တာပဲ။ ကျန်းမာရေးအရ မစဉ်းစားတော့ဘဲ စားကောင်းတယ်ဆိုရင် တွေ့ရာကို ပါးစပ်ထဲထည့်တာပဲ။ ဒီတော့ ကိုယ့်ခန္ဓာကိုယ်ထဲ အစားအသောက်ထည့် မယ်ဆိုရင် ဘယ်လို အစားအစာမျိုး ထည့်သင့်တယ်ဆိုတာကို ပြန်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။
အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။
အမေချက်တဲ့ဟာမှန်သမျှ အကုန်ကြိုက်တယ်။
နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်လဲ။
နိုင်ငံတကာအစားအသောက်တွေကျတော့ ဘယ်လိုပြောရမလဲ။ မြန်မာအစား အသောက်တွေကျတော့ စားနေကျဆိုတော့ ပိုခံတွင်းတွေ့တယ်။ တခြားအစားအသောက် တွေလည်း ကြိုက် ပါတယ်။ ဥပမာ – ဆူရှီ၊ ဂျပန်အစားအစာ၊ ဥရောပအစားအစာတွေလည်း ကြိုက်ပါတယ်။ ဒါပေမဲ့ ရေရှည်စားလို့ ခံတွင်းမတွေ့ဘူး။ တစ်ခေါက်၊ နှစ်ခေါက် စားပြီးရင် အီသွားရော။ မြန်မာအစားအသောက်ကတော့ အကြိုက်ဆုံးပါပဲ။ ညီအစ်ကို နှစ်ယောက် ကလည်း အစားအသောက်နဲ့ပတ်သက်ရင် အကြိုက်ချင်းတူကြပါတယ်။
နိုင်ငံခြားကို ရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို လွမ်းဆွတ် တမ်းတမိပါသလဲ။
နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာဆိုရင်တော့ မြန်မာပြည်က ငါးပိကြော်၊ ချဉ်ပေါင် ကြော်၊ ဗာလချောင်ကြော်နဲ့ တို့စရာတွေကို သတိရပါတယ်။ အဲဒီအခါကျတော့ မြန်မာ ပြည် ပြန်ရောက်ရင် အဲဒါတွေစားမယ်ဆိုတာချည်းပဲ စိတ်ထဲမှာ တွေးထားတယ်။ ဟိုတစ်ခေါက် ဘန်ကောက်မှာ ကျွန်တော်တို့ရွဲှ့န နြါငညညငညါ ဗူဘကာ သွားရိုက်တုန်းက တစ်လလောက် နေရတယ်လေ။ အဲဒီတော့ မြန်မာပြည်က အစားအသောက်တွေကို အရမ်းလွမ်းတာ။ ဟိုမှာ စားရတာ ဘယ်လိုမှ မစားနိုင်တော့ဘူး။ အရင်တုန်းကသွားရင် အလွန်ဆုံးကြာ ၃၊ ၄ ရက်၊ တစ်ပတ်လောက်ပေါ့။ အဲဒီလိုဆိုရင် ပြဿနာမရှိဘူး။ တစ်လ လောက် သွားနေကြည့်တဲ့အခါမှာ မနေနိုင်ဘူး။ တစ်ပတ်ကျော် ကြာတဲ့အချိန်မှာ မနေ နိုင်တော့ဘူး။ အစားအသောက်တွေကလည်း ဘယ်လိုမှ ခံတွင်း မတွေ့ဘူး။ ကိုယ့်နိုင်ငံက အစားအသောက်တွေကိုပဲ ပြန်သတိရနေမိတယ်။
ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စား လိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကို သွားပြီး သတိရတာမျိုးပေါ့။
အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင် လားရှိုးကိုသွားတုန်းက ဆက်ပီ၊ ဆက်ခေါင် တို့စားမိရင် အဲဒီဒေသကို သတိရတယ်။ နောက်ပြီး ငယ်ငယ်က ကျောင်းတက်တုန်းက မားမားခေါက်ဆွဲ ထုပ်လေးတွေ၊ ခေါင်းအုံးမှုန့်လေးတွေဆိုရင် တွေ့ရင် အခုထိစားတုန်းပဲ။ အဲဒါလေးတွေ စားလိုက်ရင် ငယ်ငယ်က ကျောင်းတက်တုန်းက ဘဝကို ပြန်သတိရတယ်။
စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။
အိမ်မှာ ပိုစားချင်ပါတယ်။ ကျွန်တော်က အပြင် စာတွေ စားလို့ရှိရင် ခေါင်းကိုက်တာ များတယ်။ အချိုမှုန့် တွေပါလို့လား မသိဘူး။
ညီလေးတို့စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူး ထင်တဲ့အစားအစာဆိုရင်ရော။ ဈေးပေါ ပြီး တန်တယ်လို့ ထင်တာမျိုးရောရှိလား။
ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာတွေကတော့ ကြုံတော့ကြုံဘူးတယ်။ ဒါပေမဲ့ တချို့က ဈေးကြီးပြီး အရသာက စားကောင်းနေရင်တော့ တန်တယ်ထင်တယ်။ တချို့ကျတော့လည်း ဈေးကြီးတယ်။ စားလိုက်ရင် ဘာမှလည်း မထူးခြားဘူးဆိုရင်တော့ မတန်ဘူးလို့ ထင် တာပေါ့။ ဈေးပေါပြီးတော့ တန်တယ် ထင်တာမျိုးဆိုရင် နယ်တွေနဲ့ ကျွန်တော်တို့မြို့တွေမှာဆိုရင် အသုပ်တစ်ပွဲ ကို ၂၀ဝ၊ ၃၀ဝ ပဲရှိတယ်။ အဲဒါ ၂ ပွဲလောက် စားရင် လူက ဗိုက်ပြည့်သွားပြီ။ ရန်ကုန်မြို့ မှာ ၅၀ဝ ဖိုးဆိုရင် ထမင်းဖြူ တစ်ပွဲတောင်မရဘူး။
ညီလေးတို့အကြိုက်ဆုံးအသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ဖျော်ရည် တွေရောပေါ့။
အကြိုက်ဆုံးအသီးအနှံဆိုရင် ကျွန်တော်က ဖရဲသီး၊ ကြက်မောက်သီး၊ သစ်တော်သီးကြိုက်တယ်။ အသီးအရွက်ထဲမှာဆိုရင် နှစ်ယောက်စလုံးက ငယ်ငယ် ကတည်းက အစုံစားတယ်။ ကိုက်လန်၊ ကန်စွန်းရွက် တော့ ပိုကြိုက်ပါတယ်။ သားငါးထဲမှာဆိုရင် ငါးကို ပိုကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ ဖရဲသီး၊ သံပရာဖျော်ရည် ကြိုက်တယ်။
အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရော တွေ့ဖူးလား။ အစားအသောက် စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာ ပြောရင်ရော ရွံတတ်လား။
တွေ့ဖူးတယ်။ ဆံပင်မွှေးတွေပေါ့။ ဒါပေမဲ့ အရမ်း ကြီးတော့ မရွံတတ်ပါဘူး။ ဖြစ်တတ်တဲ့ သဘာဝလို့ပဲ သဘောထားပါတယ်။ သူငယ်ချင်းတွေက ဘေးက စနောက်ရင်တော့ မရွံတတ်ပါဘူး။ စားတာပါပဲ။
ရှေ့ဆက်လုပ်မယ့် အနုပညာလှုပ်ရှားမှုလေးတွေ ကရော။
ကျွန်တော်တို့ Project K ရှေ့ဆက် အလုပ်တွေ အများကြီးလုပ်သွားမှာပါ။ ဘာတွေထပ် လုပ်မလဲဆိုရင်တော့ လာမယ့်နောက်လမှာ တေးသံသာ APP ကနေ ကျွန်တော်တို့သီချင်းအသစ်ကို ဖြန့်ချိမှာပါ။ အဲဒါလေးကို စောင့်မျှော်အားပေးပါဦး။ ကျန်တာတွေ ကတော့ နောက်ပိုင်း ဆက်လက်လုပ်တာတွေကို
လည်း အားပေးကြပါဦးလို့။
အခုချက်ပြတဲ့ Nashville Fried Chicken ကြက် ကြော်လေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ် အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။
အခုကြက်လေးက အမေရိကန်စတိုင်လ်လေး ကြော်ထားတာပါ။ စားလို့လည်း ကောင်းပါတယ်။ လုပ်ရတာလည်းလွယ်ကူပါတယ်။ နောက်ပြီး ကြော်ရင် ကောင်းကောင်း ကြော်ပါလို့။ ကျွန်တော်တို့လို ကမြင်း ကြောထပြီး မကြော်ပါနဲ့လို့။ ဆီပူလည်း မပေါက်အောင် ဂရုစိုက်ပါလို့။
Nashville Fried Chicken
ပါဝင်ပစ္စည်းများ
ကြက်ပေါင်သား – ၃၀ဝ ဂရမ်
ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ငရုတ်သီးအစိမ်းမှုန့် (အစပ်) – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
ဂျုံမှုန့် – ၁၀ဝ ဂရမ်
ဆီ – ၁ လီတာ (ကြော်ရန်)
Bettermilk – ဝ.၅ လီတာ
ပြုလုပ်နည်း
၁။ ဇလုံတစ်လုံးထဲ Bettermilk ဆား ၂ ဇွန်း၊ သကြား ၂ ဇွန်း၊ ငရုတ်သီးမှုန့် ၂ ဇွန်း၊ ကြက်သွန်ဖြူမှုန့်
၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် ၁ ဇွန်း ထည့်၍ မွှေပါ။ ကြက်သားထည့်၍ အပေါ်မှ ပလတ်စတစ် အကြည်အုပ်ပြီး ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၃ နာရီခန့် ထားပါ။
၂။ ဇလုံတစ်လုံးထဲ ဂျုံမှုန့်၊ ဆား ၁ ဇွန်း၊ သကြား ၂ ဇွန်း၊ ငရုတ်သီးမှုန့် ၂ ဇွန်း၊ ကြက်သွန်ဖြူမှုန့် ၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် ၁ ဇွန်းထည့်ပြီး သမအောင်လုပ်ပါ။
၃။ ရောထားသော ဂျုံမှုန့်ထဲ ကြက်သားများထည့်ပြီး နှံ့စပ်အောင် အကာကပ်ပါ။
၎။ ဆီအပူချိန် 350˚F မှာ ဆီများများဖြင့် ကြက်သားကို မြုပ်အောင် ကြော်ပါ။
၅။ ကြက်သားကို ၁၀ မိနစ်မှ ၁၅ မိနစ်အတွင်း ကြော်၍ ရွှေညိုရောင်သန်းပြီဆိုလျှင် ဆီစစ်ပြီး သုံးဆောင် နိုင်ပါပြီ။