ငါးပေါင်းမုန်လာဥနီ အာလူးဖြည့်စွက်စာ

by May’s Healthy Food for Food Magazine

ဖြည့်စွက်စာလို့ ပြောရခြင်းဟာ တစ်နှစ်အောက် ကလေးတွေ မိခင်နို့အပြင် ဖြည့်ပြီး ကျွေးရမယ့် အစာပါ။ မိခင်နို့ကို အဓိကထားပြီး တိုက်နေရဦးမှာမို့ ဖြည့်စွက်စာ ကိုတော့ အများကြီးကျွေးစရာမလိုပါဘူး။ နည်းနည်းနဲ့ အကြိမ်ရေ များများကျွေးရမှာပါ။ ဒီတစ်ခါတော့ မုန်လာ ဥနီနဲ့ အာလူးကို သုံးထားပါတယ်။ မုန်လာဥနီလို အဝါ ရောင်ပါတဲ့ အစားအစာတွေကို တစ်ပတ်မှာ ၃ ရက်ထက် ပိုမကျွေးရပါဘူး။ အာလူးပါတာမို့ ထမင်းထပ်မကျွေး တော့ပါဘူး။ အာဟာရချင်းအတူတူမို့လို့ပါ။ အာလူး နေရာမှာ ထမင်းအစားထိုးရင်လည်း ရပါတယ်။ တစ်နှစ် အောက်ကလေးတွေအတွက် ဆားနဲ့သကြား အရသာ တွေကို မသုံးသင့်သေးတာမို့ ငါးပေါင်းတဲ့အခါ သံလွင်ဆီ လေးသာ အသုံးပြုပါမယ်။

ပါဝင်ပစ္စည်းများ

ငါးကြင်း –  ၁ တုံး

အာလူး –  တစ်ဝက်

မုန်လာဥနီ –  လက် နှစ်ဆစ်

သံလွင်ဆီ –  လက်ဖက်ဇွန်း ၁ ဇွန်းစာ

ကြက်သွန်ဖြူ –  ၂ မြွှာ (ဓားပြားရိုက်ပါ)

စပါးလင် –  ၁ ခု (ထုထောင်းပါ)

ချင်း –  ၁ ပြား

ပြုလုပ်နည်း

၁။        ငါးကို ရေဆေး၍ သံလွင်ဆီသုတ်ပြီး ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူတို့နှင့် ၁၀ မိနစ်ခန့် ပေါင်းပါ။

၂။         အာလူးမုန်လာဥနီကို အနေတော်တုံး၍ နူးအောင် ရေနွေးခံပြီး ပေါင်းပါ။

၃။        ပေါင်းလို့ရပြီဆိုလျှင် ၃ ခုစလုံးကို ကြိတ်ခြေပြီး ကလေးကျွေးဖို့ အသင့်ဖြစ်ပါပြီ။

ကျွေးတဲ့အခါမှာ ကလေးစားတဲ့အခါ မနင်အောင် လို့ ကြက်ရိုး (သို့) ငါးရိုးစွပ်ပြုတ်လေးကို ရောပြီး ကျွေးပါ။

Facebook Comments