ငါးဖယ်လုံးဟင်းချို

by May’s Healthy Food

          Food Magazine ပရိသတ်မေမေတို့ရေ… မိုးရာသီရောက်လာပြီဆိုတော့ အအေးမိတာ၊ နှာစေး၊ ချောင်းဆိုး တာတွေက ရာသီအကူးအပြောင်းမှာ ကလေးတွေမှာ အဖြစ်များကြလို့ ရောဂါကာကွယ်စေတဲ့ အစားအသောက်တွေကို ကျွေးဖို့ အကြံပြုပါရစေနော်။ အအေးမိတာကို ကာကွယ်ဖို့အတွက် အရိုးပြုတ်ရည်တွေကိုတိုက်ဖို့ လိုအပ်ပါတယ်။ ဒီလအတွက် အိမ်က သမီးအကြိုက် ငါးဖယ်လုံးဟင်းချိုလေးကို မျှဝေပေးချင်ပါတယ်။ လုပ်ရတာလည်းလွယ်ပြီး အာဟာရလည်းပြည့်တာမို့ မိုးအေးအေးမှာ ပူပူလေးသောက်ပြီး အနွေးဓာတ်လေး ပေးကြရအောင်လားနော်။

ပါဝင်ပစ္စည်းများ

ငါးဖယ်အရိုး  –  ၅ ခု

ငါးဖယ်ခြစ်  –  ၂၅ ကျပ်သား

စပါးလင်  –  ၂ ချောင်း (ထုခြေထား)

ကြက်သွန်ဖြူ  –  ၅ မြွှာ (ထုထား)

ချင်း  –  လက်တစ်ဆစ် (အပြားလေးတွေ လှီးထား)

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ပြောင်းကော်မှုန့်  –  ထမင်းစားဇွန်း ၁ ဇွန်း

ကြက်ဥ  –  ၁ လုံး

နနွင်း  –  အနည်းငယ်

ချင်း  –  လက်တစ်ဆစ် (အရည်ညှစ်)

ကြက်သွန်ဖြူ  –  ၃ မြွှာ (အနှစ်ရအောင်ခြစ်ထား)

ဆူးပုပ်ရွက်နု  –  အနည်းငယ်

ငါးဖယ်ရိုးဟင်းချိုအတွက်

၁။       ငါးဖယ်အရိုးကို စပါးလင်ထည့်ပြီး ရေ ၁ လီတာဖြင့် တစ်ဝက်ကျအောင် ပြုတ်ပါ။ ပြုတ်ရည်ကို အဝတ်သန့်ဖြင့် စစ်ယူထားပါ။

ငါးဖယ်လုံးလုပ်ရန်

၁။       ငါးဖယ်ခြစ်၂၅ ကျပ်သားကို နနွင်း၊ ဆားအနည်းငယ်၊ ခြစ်ထားသောကြက်သွန်ဖြူ၊ အရည်ညှစ်ထားသောချင်း၊ ကြက်ဥ၊ ကော်မှုန့်တို့ဖြင့်ရော၍ ကြိတ်စက်မှာ ကြိတ်ပြီး ရေခဲသေတ္တာထဲမှာ ၁ နာရီခန့် နှပ်ထားပါ။

၂။       ရေ ၁ လီတာကို ဆူအောင်တည်ပြီး ကြိတ်ထားသော ငါးဖယ်ခြစ်များကို လုံး၍ ၁၅ မိနစ်ခန့်ပြုတ်ပြီး ရေစစ်ထားပါ။

ငါးဖယ်လုံးဟင်းချိုလုပ်ရန်

၁။       ငါးဖယ်ရိုးဟင်းချိုကို ဆူအောင် တည်ပါ။

၂။       ထုထားသောကြက်သွန်ဖြူ၊ ပါးပါးလှီးထားသောချင်း၊ ငါးဖယ်လုံးကို ထည့်ပါ။

၃။       ဆား၊ ငရုတ်ကောင်းခတ်ပြီး အပေါ့အငန်မြည်း၍ ဆူးပုပ်ရွက်နုလေးကို ခတ်ပါ။

*        ကလေးစားနိုင်လျှင် အချဉ်အတွက် သံပရာသီးစိတ်လေး အနည်းငယ်ညှစ်ထည့်ပါ။ပူပူလေးနဲ့ အာဟာရပြည့်ပြီး အအေးမိခြင်းကို ကာကွယ်နိုင်တဲ့ ငါးဖယ်လုံးဟင်းချိုလေးနဲ့ဆိုတော့ ကလေးတွေလည်း ထမင်းစားမြိန်စေမှာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေရှင်။

Facebook Comments