
by May’s Healthy Food
ကလေးတွေအတွက် သရေစာအဖြစ်ရော ထမင်းဘူးအတွက်ပါ အဆင်ပြေစေမယ့် ငါးဖယ်ရေညှိလိပ်ကြော်လေး လုပ်ကြည့်ရအောင်။ အာဟာရလည်းပြည့်ပြီး လုပ်ရတာလည်း လွယ်ကူ၍ အားတဲ့အချိန်လုပ်ပြီး ဇစ်အိတ်ထဲသိမ်းကာ အခဲခန်းထဲမှာ ထည့်ထားမယ်ဆိုရင် အလုပ်လုပ်တဲ့ မေမေတို့အတွက် အဆင်ပြေစေမှာပါ။
ပါဝင်ပစ္စည်းများ
ငါးဖယ် – ၂၀ ကျပ်သား
ကြက်ဥအကာ – ၁ လုံး
ချင်း – စားပွဲဇွန်း ၁ ဇွန်း (အရည်ညှစ်)
ကြက်သွန်ဖြူ – စားပွဲဇွန်း ၁/၂ ဇွန်း (အရည်ညှစ်)
သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ပါဝင်ပစ္စည်းများကို ရောပြီး အသားကြိတ်စက်ဖြင့် အသားချောသွားတဲ့အထိ ကြိတ်ပါ။
ပြုလုပ်နည်း
၁။ ထမင်းလိပ်လုပ်တဲ့ ရေညှိအဖတ်မှာ ငါးဖယ်ကြိတ်ထားတာကို ပါးပါးဖြန့်ခင်းပါ။
၂။ ငါးဖယ်ကို အဆုံးအထိ မထည့်ဘဲ အလွတ်နည်းနည်းချန်ထားပါ။
၃။ ကျစ်နေအောင်လိပ်ပြီး ရေခဲသေတ္တာအခဲထဲ မိနစ် ၃၀ ခန့် ထည့်ထားပါ။
၎။ အိုးထဲ ဆီကို မြုပ်အောင် ထည့်ပြီး အပူပေးပါ။
၅။ ဓားကိုရေစွတ်ပြီး ငါးဖယ်လိပ်ကို အပိုင်းအသေးလေးတွေဖြတ်၍ ဆီပူမှာ မီးအေးအေးဖြင့် ကြော်ပါ။
* မီးပြင်းလျှင် ပေါက်ထွက်တတ်ပါတယ်။